ရွှေရောင်နတ်သမီးလေး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၈။ ရွှေရောင်နတ်သမီးလေး(ကျောင်းသားကိုင်သို့)
348316ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၈။ ရွှေရောင်နတ်သမီးလေး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

သင်ခန်းစာခေါင်းစဉ်။ ။ ရွှေရောင်နတ်သမီးလေး

သင်ယူမှုဦးတည်ချက်။ ။ အလှူဒါနပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ ပုံများကို ပြ၍ အောက်ပါမေးခွန်းများကို ဆွေးနွေးပါ။

-ဒီရုပ်ပုံက ဘယ်သူလို့ ထင်သလဲ။
-သူ့ရဲ့ အသုံးအဆောင်တွေဟာ ဘာအရောင်ရှိသလဲ။
-ဘယ်လို ကောင်းမှုတွေပြုလုပ်လို့ အခုလိုစည်းစိမ်တွေ စံစားရတယ်လို့ ထင်သလဲ။
(အကယ်၍ “အလှူဒါနပြုခဲ့လို့” စသည်ဖြင့်ဖြေကြလျှင် “ဘယ်လိုလှူဖွယ်ပစ္စည်းတွေ လှူခဲ့တယ်လို့ထင်သလဲ” ဟု ဆက်မေးပါ။)

֍ “နတ်သမီးလေး ဒီလို စည်းစိမ်တွေစံစားရတာ ဘာတွေလုပ်ခဲ့လို့လဲဆိုတာ သိရအောင် အခု လေ့လာကြည့်ကြ မယ်”ဟု ဆိုကာ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ရွှေရောင်နတ်သမီးလေး

ဟိုးရှေးရှေးတုန်းက တာဝတိံသာနတ်ပြည်မှာ အလွန်ချောမောလှပတဲ့ ရွှေရောင်နတ်သမီးလေးတစ်ပါး စံမြန်း နေတယ်။ နတ်သမီးလေးရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပလွန်းလို့ အခြားနတ်တွေထက် ထူးထူးခြား ခြား ထင်ရှားပေါ်လွင်လျက်ရှိတယ်။

အဲဒီနတ်သမီးလေးဟာ ရွှေရောင်အဝတ်၊ ရွှေခြေကျင်း၊ ရွှေလက်ကောက်တွေကို ဝတ်ဆင်ထားပြီး ရွှေဝါရောင် စန္ဒကူးတို့ကိုလည်း လိမ်းခြယ်ထားတယ်။ ခေါင်းပေါ်မှာလည်း ရွှေကြာပန်းကို ဆင်မြန်းထားပြီး ရွှေပြသာဒ်၊ ရွှေခုတင်၊ ရွှေပလ္လင်၊ ရွှေအိပ်ရာတွေပေါ်မှာ နေရတယ်။ အသုံးပြုတဲ့ ရေအိုးရေခွက်တွေကလည်း ရွှေအိုးရွှေခွက်တွေပဲ ဖြစ်တယ်။ ဆောင်းတဲ့ထီးကလည်း ရွှေထီးဖြစ်ပြီး ယပ်တောင်ဟာလည်း ရွှေဝါရောင် ဖြစ်တယ်။ စီးတဲ့ရထားက ရွှေဝါရောင်ဖြစ်ပြီး ရွှေမြင်းတို့ကိုလည်း တပ်ဆင်ထားတယ်။ ဒီလိုနဲ့ နတ်သမီးလေးဟာ ရွှေရောင်လွှမ်းနေတဲ့ အသုံးအဆောင်မှန်သမျှကို သုံးဆောင်ခံစားလို့ နေတော့တယ်။

တစ်နေ့မှာတော့ သိကြားမင်းက ဥယျာဉ်ကစားသွားတဲ့အခါ နတ်ကချေသည်တို့ရဲ့ အလယ်မှာ ကိုယ်ရောင် ကိုယ်ဝါတွေနဲ့ အခြားနတ်တွေကို လွှမ်းမိုးနေတဲ့ ရွှေရောင်နတ်သမီးလေးကို မြင်ရတယ်။ အဲဒီအခါ သိကြားမင်းက “နတ်သမီး ... ဘယ်လိုကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့လို့ အခုလိုကြီးကျယ်တဲ့ အရောင်အဝါကို ရရှိရတာလဲ” လို့ မေးမြန်းတယ်။

အဲဒီအခါ နတ်သမီးလေးက “အရှင်သိကြားမင်း ... ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူတော့ ရှစ်ပြည်ထောင် မင်းတို့ဟာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်တို့ကို ခွဲဝေယူကြပါတယ်။ အဇာတသတ်မင်းက မိမိဝေစုရတဲ့ သရီရဓာတ်တော်တွေကို စေတီတည်ထားပြီး ပူဇော်ပွဲပြုလုပ်ပါတယ်။ အဲဒီအချိန်က ကျွန်တော်မဟာ ရာဇဂြိုဟ်မြို့တော်ကြီးမှာ အမျိုးကောင်းသမီး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ တစ်နေ့နံနက်ခင်းမှာ ကိုယ်လက်သုတ်သင်ပြီး “မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေတည်ရှိရာ စေတီတော်ကို ပူဇော်မယ်”လို့ တွေးပြီး လွယ်လွယ်ကူကူနဲ့ရတဲ့ သပွတ်ခါးပန်းလေးပွင့်ကို ယူပြီး စေတီတော်ရှိရာကို သွားခဲ့ပါတယ်။ စေတီတော်ကို မရောက်မီ လမ်းခရီးမှာ ကျွန်တော်မကို နို့စို့သားငယ်ရှိတဲ့ နွားမက ဦးချိုနဲ့ ဝှေ့ခတ်လို့ ကျွန်တော်မ ကွယ်လွန်ခဲ့ရပါတယ်။ ရည်စူးထားတဲ့ သပွတ်ခါးပန်းလေးပွင့်ကို စေတီတော်အား လှူဒါန်းခွင့် မရခဲ့ပေမဲ့လည်း ပူဇော်ဖို့ရည်မှန်းပြီး ... ယူဆောင်သွားတဲ့ ကောင်းမှုစေတနာကြောင့် အခုလို ကြီးကျယ်ခမ်းနားတဲ့ နတ်စည်းစိမ်တွေကို ရရှိခံစားနေရခြင်း ဖြစ်ပါတယ်။ .အဲဒီပန်းလေးပွင့်ကို လှူဒါန်းခွင့်သာ ရခဲ့မယ်ဆိုရင် အခု ထက်ပိုပြီး အဆပေါင်းများစွာ သာလွန်တဲ့ နတ်စည်းစိမ်တွေကို ရရှိမှာ ဧကန်ပင်ဖြစ်ပါတယ်”လို့ ပြန်လည်ဖြေကြားလိုက်တယ်။

မှီငြမ်း။ ပီတဝိမာနဝတ္ထု၊ ပုံတော်စုံ ဝိမာနဝတ္ထုတော်ကြီး၊ အရှင်ဓမ္မဿာမီဘိဝံသ၊ ၂၄၅-၂၅၀။ ဝိမာန၊ဋ္ဌ၊၁၈၄။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-နတ်သမီးလေးရဲ့ ရုပ်ရည်အဆင်းက ဘယ်လိုရှိသလဲ။
-နတ်သမီးလေးက ဘယ်လိုအသုံးအဆောင်မျိုးတွေနဲ့ နေရသလဲ။
-နတ်သမီးလေး အဲဒီလိုနေရတာ ဘယ်လို ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့လို့လဲ။
-နတ်သမီးလေးက တန်ဖိုးကြီးတဲ့ ပစ္စည်းတွေလှူဒါန်းလို့ အခုလို အကျိုးခံစားရတာလား။ ဘာကြောင့်လဲ။
-ဒါနကုသိုလ်ပြုလုပ်တဲ့အခါ၊ ဘာက အရေးကြီးဆုံးလို့ ထင်သလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ဒါနအကျိုးငါးသွယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းထဲက အဓိကအချက်များကို ပြန်လည်ချိတ်ဆက် ပြောပြပြီးလျှင် အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

-သားတို့သမီးတို့တွေ အလှူဒါနပြုဖူးကြလား။
-ဘာတွေ လှူဖူးလဲ။
-ဘယ်နေရာတွေမှာ လှူတာလဲ။
-ဘယ်သူတွေကို လှူတာလဲ။
-ဘယ်လိုစိတ်နဲ့ လှူတာလဲ။
-ဘာကြောင့် အဲဒီလို အလှူဒါနပြုလုပ်တာလဲ။

֍ ထို့နောက် အုပ်စု(၄) စုဖွဲ့ပြီး “ဒါနအကျိုးငါးသွယ်” ကဗျာကို အုပ်စုလိုက် အလှည့်ကျဖတ်စေပြီး ကဗျာပါ အကြောင်းအရာကို အုပ်စုလိုက်ဆွေးနွေး၍ ကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

ဒါနအကျိုးငါးသွယ်

အများချစ်အပ်၊ သူမြတ်တို့ချဉ်း
ကောင်းသတင်းကြွယ်၊ ပွဲလယ်ဝင်ရဲ
ခန္ဓာစဲသော်၊ ရောက်မြဲနတ်ထံ
ဤငါးတန်၊ ရရန်လှူကျိုးတွေ။

֍ ကလေးများအားလုံး တင်ပြပြီးသောအခါ အောက်ပါ ဒါနအကျိုးငါးပါး ရှင်းလင်းချက်ကို ကလေးများအား ဖတ်စေပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ဒါနအကျိုးငါးပါး

၁။ လူအများ၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း၊
၂။ သူတော်ကောင်းများ အလှူရှင်ထံ ချဉ်းကပ်လာခြင်း၊
၃။ ကောင်းသတင်းကျော်စောခြင်း၊
၄။ မည်သည့် ပရိသတ်ထဲသို့မဆို ရဲရဲဝံ့ဝံ့ ဝင်ရောက်နိုင်ခြင်း၊
၅။ သေပြီးနောက် နတ်ပြည်ရောက်ရခြင်း။ (အံ၊၂၊၃၃။ အံ၊ မြန်၊၂၊၄၂။)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား “သားတို့သမီးတို့ကို အလှူဒါနပြုလုပ်ရင် ဘယ်လိုအကျိုးကျေးဇူး ရရှိမယ်ဆိုတာကို ဆွေနွေးပြီး သွားပြီ။ ဒီတစ်ချိန်မှာတော့ ဆရာက သားတို့သမီးတို့ကို ပြန်မေးကြည့်မယ်။ အဝတ်အထည်၊ အစားအသောက်၊ နေရာထိုင်ခင်း၊ ရွှေ၊ ငွေကြေး၊ စာအုပ်စာတမ်း စတာတွေကို အလှူဒါနပြုတဲ့အခါ ‘လှူတဲ့သူအတွက်ပဲ ကောင်း ကျိုးရတာလား ́ ‘အလှူလက်ခံသူတွေမှာရော အကျိုးတွေ ရရှိနိုင်သလား ́ ‘ဘယ်လို အကျိုးတွေ ရနိုင်သလဲ ဆိုတာကို ဆက်ပြီးဆွေးနွေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများကို အုပ်စု(၃) စုဖွဲ့ပါ။ ထိုအုပ်စု သုံးစုထဲတွင် အုပ်စုတစ်စုစီမှ “အိမ်ကိုစောင့်မည့်သူ”နှင့် “ပညာတော်သင် သွားမည့်သူ”ဟူ၍ နှစ်စုစီ ထပ်ခွဲထားပါ။ အိမ်စောင့်အဖွဲ့အား အလှူရှင်တစ်ဦး ထားရှိရမည့် စိတ်ထားကို ဆွေးနွေးစေပြီး ပညာတော်သင်အဖွဲ့ကိုလည်း အလှူလက်ခံသူတွေမှာ ဘယ်လိုအကျိုးတွေ ရနိုင် တယ် ဆိုတာကို ဆွေးနွေးကြပါစေ။ (သတ်မှတ်ချိန်ပြည့်ပါက ထိုမေးခွန်းနှစ်ခုကို မိမိအဖွဲ့အတွင်း အပြန်အလှန် ဆွေးနွေးကြပါစေ။)

֍ အုပ်စုအတွင်း ဆွေးနွေးပြီးနောက် ကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

֍ ကလေးများ၏ ဆွေးနွေးချက်အပေါ်မူတည်၍ “ကောင်းမှုကုသိုလ် ပြုလုပ်တဲ့အခါ စေတနာက အလွန်အရေးကြီးတယ်၊ စေတနာကြီးမားရင် ကောင်းကျိုးတွေ ပိုပြီး ခံစားရတယ်။ ဒါကြောင့် အလှူဒါနပြုလုပ်မယ်ဆိုရင် စေတနာ ကောင်းတွေထားပြီး ပြုလုပ်လှူဒါန်းကြပါ”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို စာရွက်ပိုင်းများ ဝေပါ။

֍ “သားတို့သမီးတို့က အခုဆိုရင် အလှူဒါနပြုတဲ့သူတွေ ထားရှိအပ်တဲ့ စိတ်နေစိတ်ထားနဲ့ အလှူခံတဲ့ ပုဂ္ဂိုလ်တွေမှာ ရရှိတဲ့ အကျိုးတရားတွေကို သိသွားကြပြီနော်။ အဲဒီတော့ အခု ဘယ်လိုလှူဖွယ် ပစ္စည်းတွေကို လှူဒါန်းချင် သလဲ။ ဘာကြောင့်လဲ ဆိုတာကို ဆွေးနွေးပြီး ရရှိတဲ့အချက်အလက်တွေကို ချရေးကြရမယ်”ဟု ဆိုကာ စာရွက် ပိုင်းများပေါ်တွင် ရရှိသော အချက်အလက်များကို ရေးစေပြီး သင်ပုန်းတွင် လာကပ်ကြပါစေ။ (ကလေးများ ဆွေးနွေးနေကြစဉ်တွင် ဆရာက လှည့်လည်ကြည့်ရှူပြီး လှူဖွယ်ပစ္စည်းများ အမျိုးစုံအောင် ကူညီဖော်ထုတ် ဆွေးနွေးပေးပါ။)

֍ ဆရာက သင်ပုန်းပေါ်ရှိ စာရွက်ပိုင်းများကို မျိုးတူရာစု၍ အားလုံးမြင်သာသော နေရာတွင်ကပ်ပြကာ ကိုယ်စား လှယ်တစ်ဦးစီက အတန်းရှေ့သို့ ထွက်၍ ပြောပြပါစေ။

֍ ကလေးများ ဆွေးနွေးတင်ပြပြီးသောအခါ ဆရာက “အလှူပေးတယ်ဆိုတာ အမှန်တကယ် လိုအပ်နေတဲ့သူ တွေ၊ လိုအပ်နေတဲ့ နေရာတွေမှာ အသုံးပြုနိုင်ဖို့အတွက် မိမိတတ်စွမ်းသမျှ ပေးကမ်းလှူဒါန်းခြင်း၊ ကူညီပေးခြင်း ဖြစ်တယ်။ ပေးကမ်းလှူဒါန်းနေစဉ်မှာ အလှူရှင်ကိုယ်တိုင် စိတ်ထဲမှာ ကျေနပ်ဝမ်းသာတယ်၊ ပီတိဖြစ်တယ်၊ တကယ်လိုအပ်နေတဲ့သူတွေ၊ လိုအပ်တဲ့ နေရာတွေအတွက်လည်း အထောက်အပံ့ အကူအညီတွေ ရနိုင်တယ်။ စိတ်ချမ်းသာမှုတွေလည်း ဖြစ်စေတယ်။ အလှူဒါန ပြုတဲ့အခါ အရေးအကြီးဆုံးကတော့ စေတနာကောင်း ထားတတ်ဖို့ပဲဖြစ်တယ်” စသည်ဖြင့် ပြောဆိုပြီး သင်ခန်းစာကို အဆုံးသတ်ပါ။