မေတ္တာရှင်မလေး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၇။ မေတ္တာရှင်မလေး(ကျောင်းသားကိုင်သို့)
348315ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၇။ မေတ္တာရှင်မလေး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

သင်ခန်းစာခေါင်းစဉ်။ ။ မေတ္တာရှင်မလေး

သင်ယူမှုဦးတည်ချက်။ ။ မေတ္တာတရား၏ အစွမ်းထက်ပုံကို သိရှိပြီး လိုက်နာကျင့်သုံးတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မေတ္တာပို့နည်း လင်္ကာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေတ္တာပို့နည်းများကို စာရွက်ကြီး/သင်ပုန်းပေါ်တွင် ရေးသားပြီး ကလေးများအား ရွတ်ဆိုစေခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

မေတ္တာပို့

ဘုန်းဘုန်းလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဆရာလေးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဖေဖေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
မေမေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘိုးဘိုးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘွားဘွားလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဦးဦးလည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။
ဒေါ်ဒေါ်လည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။
ကိုကိုလည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။
မမလည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။
ညီလေးလည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။
ညီမလေးလည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။
ဆရာလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဆရာမလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
သူငယ်ချင်းတွေလည်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။
-ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
-ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
-ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
-လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
-အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
-ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

֍ ကလေးများ ရွတ်ဆိုပြီးလျှင် “မေတ္တာဆိုတာ ဘာကို ပြောတာလဲ” ဟုမေး၍ ဖြေဆိုလိုသူ ကလေးများက ဖြေဆို ကြပါစေ။

֍ ကလေးများ ဖြေဆိုပြီးသောအခါ “တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် ပြုမူ၊ ပြောဆို၊ တွေးကြံတာကို မေတ္တာထား တယ်လို့ ဆိုလိုတယ်” စသည်ဖြင့် မေတ္တာထားခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြပေးပါ။ (မှတ်ချက် ။ ။ ကာယကံ မေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာ စသည်တို့ အကြောင်းကိုလည်း ရှင်းပြပါ။)

֍ ထို့နောက် “သားတို့သမီးတို့ရဲ့ သူငယ်ချင်းတွေထဲမှာ ကိုယ်ကကောင်းပေမဲ့ ကိုယ့်ကိုအမြဲတမ်း ရန်စနေတဲ့သူ ရှိလား၊ အဲဒီအခါ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုပြန်ဆက်ဆံသလဲ” စသည်ဖြင့်မေး၍ ကလေးများကို စဉ်းစား စေပြီး ဖြေဆိုလိုသော ကလေးအချို့ အား၎င်းတို့၏ အတွေ့အကြုံများကို ပြောပြကြပါစေ။ ကလေးများ ပြောပြီးသောအခါ “နောက်တစ်ချိန်မှာ မေတ္တာနှင့်ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဆက်လက်လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ မေတ္တာရှင်မလေး ဇာတ်လမ်းကို ဖတ်ကြပါစေ။

မေတ္တာရှင်မလေး

ဗုဒ္ဓဘုရားရှင် လက်ထက်တုန်းက ရာဇဂြိုဟ်မြို့မှာ ဥတ္တရာဆိုတဲ့ အမျိုးသမီးလေး တစ်ဦးရှိတယ်။ သူဟာ မိဘစကားကို နားထောင်တယ်။ ဆရာတော်သံဃာတော်တွေကို ရိုသေလေးစားပြီး အလှူအတန်းလည်း ရက်ရောတယ်။ မေတ္တာစိတ်လည်း အလွန်ကြီးမားတဲ့အတွက် သူ့ကို “မေတ္တာရှင်မလေး”လို့ အားလုံးက ခေါ်ကြတယ်။ နောက်ပြီး သူဟာ ဉာဏ်ပညာထက်မြက်ပြီး ချောမောလှပတဲ့အတွက် ယောက်ျားလေးတွေက ချစ်မြတ်နိုးပြီး လိုချင် ကြတယ်။ နောက်ဆုံးတော့ မိဘတွေသဘောတူတဲ့ နန္ဒသူဌေးသားနဲ့ လက်ထပ်လိုက်တယ်။

လက်ထပ်ပြီးတဲ့အခါမှာ မေတ္တာရှင်မလေး ဥတ္တရာဟာ ဇနီးမယားဝတ္တရား ကျေပွန်အောင် လုပ်ဆောင်ပေးတယ်။ မေတ္တာရှင်မလေးရဲ့ ခင်ပွန်းကတော့ အလှူအတန်း စိတ်မဝင်စားဘဲ အပျော်အပါး၊ အသောက်အစားနဲ့သာ အချိန်ကုန်နေတယ်။ နောက်ပြီး ဘာသာခြားလည်းဖြစ်တော့ သံဃာတော်တွေကိုလည်း မရိုသေဘူး။

ဒီလိုနဲ့ မေတ္တာရှင်မလေး ဥတ္တရာဟာ သံဃာတော်တွေကိုလည်း မဖူးရ၊ တရားတော်လည်း မနာရတာ ကြာလာတော့ မြတ်စွာဘုရားရဲ့ တရားကို နာကြားချင်စိတ်တွေ ဖြစ်ပေါ်နေတယ်။ အဲဒါနဲ့ သူ့အိမ်မှာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းလှူဒါန်းဖို့ စီစဉ်တယ်။ ဆွမ်းလှူဒါန်းနေချိန်မှာ မယားဝတ္တရား လစ်ဟင်းသွားမှာစိုးတဲ့အ တွက် သူ့ခင်ပွန်းကို ပြုစုဖို့ သီရိမာလို့ခေါ်တဲ့ မိန်းမချောတစ်ယောက်ကို ငွေအသပြာပေးပြီး ငှားလိုက်တယ်။ ပြီးတော့ ဆွမ်းကပ်ဖို့အတွက် အခိုင်းအစေတွေနဲ့အတူ သူကိုယ်တိုင် ပါဝင်ချက်ပြုတ်နေတယ်။

ဆွမ်းကပ်ဖို့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ချက်ပြုတ်နေတဲ့ မေတ္တာရှင်မလေး ဥတ္တရာကို ငှားထားတဲ့ မိန်းမချော သီရိမာက ကြည့်ပြီး “သူဌေးသားနန္ဒက ငါ့ကို ဇနီးမယားတစ်ယောက်လို အရေးပေးတယ်။ ငါ့ကိုလည်း ချစ်ပုံရတယ်။ နန္ဒသူဌေးသားရဲ့ စည်းစိမ်တွေကလည်း အများကြီးပဲ။ ငါသာ နန္ဒသူဌေးသားရဲ့ တကယ့်ဇနီး ဖြစ်လိုက်ရင် ဘယ် လောက်ကောင်းမလဲ”ဆိုပြီး ယုတ်မာတဲ့အကြံကို ကြံစည်နေတယ်။ ပြီးတော့ “ဟုတ်ပြီ၊ လှူဖို့လောက်ပဲသိတဲ့ သူ့မိန်း မသာ မရှိရင် ငါသူဌေးကတော်ဖြစ်ပြီ”လို့ တွေးမိသွားပြီး ပွက်ပွက်ဆူနေတဲ့ထောပတ်ပူတွေနဲ့ မေတ္တာရှင်မလေး ဥတ္တရာ အပေါ်ကို လောင်းချလိုက်တော့တယ်။

အဲဒီအချိန်မှာ မေတ္တာရှင်မလေးက “ငါဟာ မိန်းမချောသီရိမာရဲ့ ကျေးဇူးကြောင့် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းလှူဒါန်းခွင့်ရတာ”လို့ တွေးပြီး မေတ္တာပွားနေပါတယ်။ သူ့ရဲ့ မေတ္တာတရားကြောင့် မိန်းမချော သီရိမာ လောင်းလိုက်တဲ့ ထောပတ်ပူတွေဟာ ရေလိုအေးမြသွားပြီး မေတ္တာရှင်မလေး ဥတ္တရာမှာ ဘာမှမဖြစ်လိုက် ဘူး။ အဲဒါကို မြင်ရတဲ့ မိန်းမချောသီရိမာဟာ သူ့ရဲ့ အမှားကို သိသွားပြီး မေတ္တာရှင်မလေး ဥတ္တရာရဲ့ ခြေကို ခေါင်းနဲ့ တိုက်ကာ ခွင့်လွှတ်ဖို့ တောင်းပန်တယ်။

မေတ္တာရှင်မလေး ဥတ္တရာကလည်း မေတ္တာတရားကြီးမားသူပီပီ မိန်းမချောသီရိမာကို ခွင့်လွှတ်ပေးလိုက်တဲ့ အပြင် မြတ်စွာဘုရားရဲ့ တရားတော်ကိုလည်း နာယူစေတယ်။ မိန်းမချောသီရိမာလည်း မေတ္တာရှင်မလေး ဥတ္တရာရဲ့ ကျေးဇူးကြောင့် သူကိုယ်တိုင် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

မှီငြမ်း။ ။ ဥတ္တရာဥပါသိကာဝတ္ထု၊ ဓမ္မပဒဝတ္ထုမြန်မာပြန်၊ စတုတ္ထတွဲ၊ ၆၂-၇၅။ ဓမ္မ၊ဋ္ဌ၊၂၊၁၉၉-၂၀၂။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဥတ္တရာကို “မေတ္တာရှင်မလေး” လို့ ဘာကြောင့် ခေါ်ကြတာလဲ။
-သူက ဘယ်လိုကောင်းမှုတွေ ပြုလုပ်သလဲ။
-မေတ္တာရှင်မလေး ဥတ္တရာကို မကောင်းကြံတဲ့သူက ဘယ်သူလဲ။
-မိန်းမချော သီရိမာက မေတ္တာရှင်မလေးကို ဘာလုပ်လိုက်သလဲ။
-မေတ္တာရှင်မလေး ဥတ္တရာဟာ ထောပတ်ပူနဲ့ လောင်းခံရပေမယ့် ဘာကြောင့် အပူမလောင်တာလဲ။
-ဒီဇာတ်လမ်းကို ဖတ်ပြီးတော့ သားတို့သမီးတို့ ဘာသင်ခန်းစာတွေရလိုက်သလဲ။
-ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာထားကြည့်ဖူးလား။ ဘာကြောင့်လဲ စသည့် မေးခွန်းများကို မေးမြန်းပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့က မေတ္တာရဲ့ အဓိပ္ပာယ်ကို သိသွားကြပြီ၊ မေတ္တာထားခြင်းဆိုတာ ဘာကိုဆိုလိုတယ် ဆိုတာကိုလည်း သိသွားပြီ၊ မေတ္တာလည်း ပို့ကြည့်ခဲ့ပြီးပြီ။ အခု မေတ္တာပို့သခြင်းရဲ့ အကျိုးတွေကို ဆက်လက်ဆွေးနွေး ကြမယ်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ “မေတ္တာအကျိုး ဘယ်နှပါးရှိသလဲ။ ဘာတွေလဲ”ဟု မေးမြန်းပြီး ကလေးများနားလည်သလို ပြောပါစေ။

֍ ကလေးများပြောပြီးပါက ကြိုတင်ရေးသားထားသော မေတ္တာအကျိုး ၁၁-မျိုး ကတ်ပြားများကို ကလေးတစ်ဦးစီအား ဝေပေးပါ။ (ကလေးအရေအတွက်ပေါ်မူတည်၍ ကတ်ပြားများကို လုံလောက်အောင် ကြိုတင်စီစဉ်ထားပါ။)

မေတ္တာအကျိုး ၁၁-မျိုး

၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက်များကို မမြင်မက်ခြင်း၊
၄။ လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရခြင်း၊
၅။ နတ်ဘီလူးတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း၊
၆၊နတ်များ၏ စောင့်ရှောက်ကူညီမှုကို ရရှိခြင်း၊
၇။ အဆိပ်၊ မီး၊ ဓား စသောလက်နက်များ မကျရောက်နိုင်ခြင်း၊
၈။ လျင်မြန်စွာ စိတ်တည်ကြည်ခြင်း၊
၉။ မျက်နှာအဆင်း ကြည်လင်ခြင်း၊
၁၀။ မတွေမဝေဘဲ သေရခြင်း၊
၁၁။ မဂ်ဖိုလ်ကို မရသေးသည်ရှိသော် ဗြဟ္မာ့ပြည်သို့ လားရောက်ရခြင်း။

မှီငြမ်း။ ။ ပိဋကသုံးပုံ သရုပ်စုံ အဘိဓာန်၊ ၄၈၆။

-ဆရာက ရေးထားရမည့် ကတ်ပြားပုံစံ

ချမ်းသာစွာ အိပ်ရခြင်း ချမ်းသာစွာ နိုးထရခြင်း အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း နတ်တို့က စောင့်ရှောက်ခြင်း
လူအများ ချစ်ခင်ခြင်း မီးဘေး မသင့်နိုင်ခြင်း အဆိပ်၊ လက်နက် မသင့်ရောက်နိုင်ခြင်း စိတ် တည်ကြည်ခြင်း
မျက်နှာ ကြည်လင်ခြင်း တွေဝေစွာ မသေရခြင်း သေလွန်လျှင် ဗြဟ္မာ့ပြည် ရောက်နိုင်ခြင်း

֍ ထို့နောက် မှန်ကန်သော ကတ်ပြားအတွဲဖြစ်အောင် အချင်းချင်း ရှာဖွေကြပါစေ။

֍ ရှာဖွေပြီးသောအခါ ကတ်ပြားများကို အစီအစဉ်အလိုက်ထား၍ နှစ်ယောက်တစ်တွဲစီက၎င်းတို့ကတ်ပြားပေါ်ရှိ မေတ္တာအကျိုးကို ဖတ်ကြပါစေ။

֍ ကလေးအားလုံး ဖတ်ပြီးသောအခါ ကျောင်းသားကိုင်စာအုပ်ပါ မေတ္တာအကျိုးပြလင်္ကာကို ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

မေတ္တာအကျိုးပြလင်္ကာ

ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ပြီးခဲ့၊ စိတ်လည်း တည်စွာ၊ မျက်နှာ ကြည်လင်၊ သေလျှင် မတွေ၊ သေသောအခါ၊ ဗြဟ္မာ့ရွာ၊ လားရာ မေတ္တာကျိုး။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

(အရှင်ဇနကာဘိဝံသ)

မေတ္တာရှင်မလေး ဇာတ်လမ်းနှင့် မေတ္တာအကျိုး ၁၁-မျိုးတို့ကို ပြန်လည်ချိတ်ဆက် ပြောဆိုဆွေးနွေးပြီး အောက်

ပါ ကဗျာများကို ရွတ်ဆိုစေခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

ညီပုလေးရဲ့ မေတ္တာ

ညီပုလေး ညီပုလေး၊
ဘုရားရှိခိုးတဲ့ ညီပုလေး။
ညီပုလေး ညီပုလေး၊
မေတ္တာပို့တဲ့ ညီပုလေး။
ညီပုလေးက မေတ္တာဝေ၊
ကျန်းမာ ချမ်းသာကြပါစေ။
မေတ္တာဝေတဲ့ ညီပုလေး၊
မျက်နှာ ရွှင်ချိုအေး။

မာစေသာစေ မေတ္တာဝေ

ကျန်းမာချမ်းသာ လန်းဖြာဝေ၊
ဖေဖေနဲ့ မေမေ။
သား/သမီးတို့တစ်တွေ ဦးထိပ်ထား၊
ဘိုးဘိုးနဲ့ ဘွားဘွား။
သူငယ်ချင်းများ နေထိုင်ရာ၊
ငြိမ်းချမ်း ဤကမ္ဘာ။
(ရန်ဘေးဘယာ ဝေးကွာဖို့၊
တောင်းဆုမေတ္တာပို့)-။

֍ ကလေးများ ကဗျာရွတ်ဆိုပြီးသောအခါ “မေတ္တာဘယ်လိုထားမလဲ၊ ဘယ်သူတွေကို မေတ္တာပို့မလဲ”ဟု မေးမြန်း ဆွေးနွေးပြီး ရရှိသောအချက်များကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပါ။

ထို့နောက် ဆရာက “မေတ္တာဘယ်လိုထားရမလဲ မေတ္တာဘယ်လို ပို့ရမလဲဆိုတာကို သိသွားပြီဆိုတော့ အခု ကိုယ်နဲ့ အဆင်မပြေတဲ့သူ၊ ကိုယ့်ကို ရန်လုပ်နေတဲ့သူတွေကို မျက်စိမှိတ်ပြီး စိတ်ထဲမှာ မြင်အောင်ကြည့်ပါ။ သူ့ရဲ့ မျက်နှာ ပေါ်လာပြီဆိုရင် စိတ်ထဲကနေ ‘သူငယ်ချင်း ... ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့ လှိုက်လှိုက် လှဲလှဲ မေတ္တာပို့ကြည့်ပါ”ဟု ညွှန်ကြားပါ။

֍ “ကဲ အခု မေတ္တာပို့ပြီးပြီဆိုတော့ ကလေးတို့စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ”ဟု မေးကာ ကလေးများ ခံစားမိ သလို ဖြေကြပါစေ။

֍ ကလေးများဖြေပြီးပါက “ဆရာတို့တတွေက ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေကိုပဲ မေတ္တာထားကြတာများတယ်။ တကယ်တော့ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကိုသာ မေတ္တာထားရမှာ မဟုတ်ဘဲ ကိုယ့်ကို အမြဲတမ်းရန်ရှာနေတဲ့သူ၊ ကိုယ့်နဲ့ အဆင်မပြေတဲ့သူ၊ ကိုယ်က ကြည့်မရတဲ့သူတွေ အားလုံးအပေါ်မှာလည်း မေတ္တာထားရမှာဖြစ်တယ်။ အဲဒီလို မေတ္တာထားလိုက်တာနဲ့ ကိုယ့်ရဲ့စိတ်က အေးချမ်းလာမယ်။ မေတ္တာရဲ့ တန်ခိုးကြောင့် လူချစ် လူခင်လည်း ပေါများလာလိမ့်မယ်။ မေတ္တာတရားဆိုတာဟာ မေတ္တာထားသူရော၊ မေတ္တာထားခံရသူအတွက်ပါ ကောင်းကျိုး ဖြစ်စေနိုင်တယ်။ ဒါကြောင့် ဆရာတို့၊ သားတို့သမီးတို့ဟာ ဒီနေ့ကစပြီး လူတိုင်းအပေါ်မှာ မေတ္တာ ထားနိုင်အောင် ကြိုးစားကြရမယ်” စသည်ဖြင့် ပြောကြားပေးပြီး သင်ခန်းစာကို နိဂုံးချုပ်ပါ။