လိမ္မာယဉ်ကျေးသော ကလေးများ -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၇) လိမ္မာယဉ်ကျေးသော ကလေးများ (ကျောင်းသားကိုင်သို့)
339278ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၇) လိမ္မာယဉ်ကျေးသော ကလေးများ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

လိမ္မာယဉ်ကျေးသောကလေးများ

သင်ယူမှုဦးတည်ချက် ။ ။ လိမ္မာယဉ်ကျေးသောကလေးများ၏အမူအရာ၊ အလေ့အကျင့်နှင့် ပြုမူလုပ်ဆောင်ပုံများကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ လိမ္မာတဲ့ကလေးလေး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါကဗျာကို ကလေးများ ဟန်ပန်အမူအရာဖြင့် ရွတ်ဆိုတတ်အောင် သင်ပေးပါ။

လိမ္မာတဲ့ ကလေးလေး

လိမ္မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်၊
တို့တစ်တွေအမြဲ ကြိုးစားမယ်၊
အဖေအမေရဲ့စကား နားထောင်မယ်၊
ရိုသေလို့ ချစ်ပါ့မယ်။
လိမ္မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်၊
တို့တစ်တွေအမြဲ ကြိုးစားမယ်၊
ဆရာ၊ ဆရာမ စကား နားထောင်မယ်၊
ရိုသေလို့ ချစ်ပါ့မယ်။

֍“ကဗျာထဲက လိမ္မာတဲ့ကလေးလေးဆိုတာ ဘယ်လိုကလေးမျိုးလဲ” ဟု ဆရာကမေးပါ။

֍ကလေးများဖြေပြီးပါက “ကဗျာထဲက လိမ္မာတဲ့ကလေးဆိုတာ ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွား၊ ဆရာ၊ ဆရာမတွေရဲ့ စကားကို နားထောင်တဲ့ ကလေးမျိုးကိုပြောတာ”ဟု ပြောပါ။

֍ထို့နောက် အောက်ပါမေးခွန်းများဖြင့် ဆက်လက်ဆွေးနွေးပါ။ (ကလေးများ၏ အဖြေကို သင်ပုန်းတွင်ရေးပေးပါ။)

-ဖေဖေ၊ မေမေတို့က ကလေးတွေကို ဘယ်လိုနေထိုင်ဖို့ပြောသလဲ။ ဘာတွေ လုပ်ဖို့ ပြောသလဲ။
-ဘိုးဘိုး၊ ဘွားဘွားတို့ကရော ကလေးတွေကို ဘယ်လိုနေထိုင်ဖို့ပြောသလဲ။ ဘာတွေ လုပ်ဖို့ ပြောသလဲ။
-ဆရာ၊ ဆရာမတွေကရော ကလေးတွေကို ဘယ်လိုနေထိုင်ဖို့ပြောသလဲ။ ဘာတွေ လုပ်ဖို့ ပြောသလဲ။
-ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွား၊ ဆရာ၊ ဆရာမတွေက ကလေးတို့ကို ဘာ ဖြစ်စေချင်လို့ ဒီလိုပြောတာလဲ။
-ကလေးတို့ကရော လူကြီးတွေပြောတဲ့စကားကို အမြဲနားထောင်ပြီး လိုက်လုပ်သလား။
-ဒါဆိုရင် ကလေးတို့ကရော ဘယ်လိုကလေးမျိုးတွေလဲ။

֍ဆရာက အောက်ပါအတိုင်းရှင်းပြပါ။

“ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွား၊ ဆရာ၊ ဆရာမတွေ ဆုံးမပြောဆိုတဲ့အတိုင်း နားထောင်ပြီး ပြုမူနေထိုင်ရင် ကလေးတို့လည်း လိမ္မာတဲ့ ကလေးတွေ ဖြစ်လာကြမှာပဲ”ဟု ပြောပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ရိုးသားသူဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက အောက်ပါမေးခွန်းများကို တစ်ခုချင်းမေး၍ သင်ပုန်းပေါ်တွင် ရေးပေးပါ။

-လူကြီးမိဘတွေက ကလေးတို့ကို ဘာတွေမလုပ်ရဘူးလို့ ပြောသလဲ။
-ဘာတွေ လုပ်ရမယ်လို့ ပြောသလဲ။
(သူများပစ္စည်းမယူရ၊ ကောက်ရရင်ပြန်ပေးရမယ် စသည်ဖြင့် ပါဝင်လာအောင်မေးပါ။)

֍ထို့နောက် ဆရာက “ကလေးတို့အတွက် ကျောင်းသားလေးတစ်ယောက်အကြောင်းကို ပြောပြမယ်”ဟု ပြော၍ အောက်ပါဇာတ်လမ်းကို ပြောပြပါ။

ရိုးသားသူ

“ရွာသာယာ” ဆိုတဲ့ရွာမှာ မောင်ထွေးလေးဆိုတဲ့ ပထမတန်းကျောင်းသားလေး တစ်ယောက်ရှိတယ်။ မောင်ထွေးလေးရဲ့ မိဘတွေက ရွာထဲမှာလှည့်ပတ်ပြီး ဟင်းရွက်တွေကို လိုက်ရောင်းရတယ်။ မောင်ထွေးလေးတို့ မိသားစုက တစ်နေ့လုပ်မှ တစ်နေ့စားရတော့ စီးပွား ရေးလည်း သိပ်အဆင်မပြေကြဘူး။ မောင်ထွေးလေးတို့ကျောင်းမှာ သူငယ်ချင်းတွေက ခဲတံ အိတ်လှလှလေးတွေ ကိုင်ကြတော့ မောင်ထွေးလေးလည်း လိုချင်နေရှာတယ်။ မိဘတွေ ကလည်း ငွေပိုမရှိတော့ ဝယ်မပေးနိုင်ကြဘူး။

တစ်နေ့ မောင်ထွေးလေး ကျောင်းတက်ဖို့သွားတော့ လမ်းမှာအလွန်လှတဲ့ ခဲတံ အိတ်လေး တစ်ခုကောက်ရတယ်။ အထဲမှာလည်း ခဲတံလှလှလေးတွေ ပါတယ်။ မောင်ထွေး လေးလည်း သူလိုချင်တဲ့ ခဲတံအိတ်ကလေး ကောက်ရတော့ အလွန်ပျော်သွားတယ်။ ဒီလိုနဲ့ လမ်းလျှောက်လာရင်း မောင်ထွေးလေးရဲ့ စိတ်ထဲမှာ ခဲတံအိတ်လေးပျောက်တဲ့လူကတော့ အခုလောက်ဆို ဝမ်းနည်းပြီး ငိုနေတော့မယ်လို့ တွေးမိလိုက်တော့ ချက်ချင်းစိတ်မကောင်းဖြစ် သွားတယ်။ အဲဒါနဲ့ပဲ ကျောင်းရောက်တော့ မောင်ထွေးလေးက ကောက်ရခဲ့တဲ့ ခဲတံအိတ် လေးကို အတန်းပိုင်ဆရာမကိုပေးပြီး ပြောပြလိုက်တယ်။

ဆရာမကလည်း ကျောင်းမှာ ... ပိုင်ရှင်ကိုစုံစမ်းလိုက်တော့ ခဲတံအိတ်ပျောက်လို့ ငိုနေတဲ့ ကျောင်းသူလေးတစ်ယောက်ကို တွေ့ ရတယ်။ အဲဒီကျောင်းသူလေးကို ဆရာမ ကခေါ်လာပြီး မောင်ထွေးလေးကောက်ရခဲ့တဲ့ ခဲတံအိတ်ကလေးကို ပြန်ပေးလိုက်တော့ ကျောင်းသူလေးလည်း အလွန်အံ့ဩပြီး ဝမ်းသာသွားတယ်။ မောင်ထွေးလေးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ ကျောင်းသူလေးပျော်နေတာကို ကြည့်ပြီး မောင် ထွေးလေးလည်း ပျော်နေတယ်။ ကျောင်းသူ၊ ကျောင်းသားလေးတွေကလည်း လက်ခုပ် တီးပြီး မောင်ထွေးလေးကို ဂုဏ်ပြုကြတယ်။

֍ဆရာကအောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

-ကျောင်းသားတွေက မောင်ထွေးလေးကို ဘာကြောင့် ဂုဏ်ပြုကြတာလဲ။
-ခဲတံအိတ်ကို ပြန်မပေးဘဲယူထားမယ်ဆိုရင် မောင်ထွေးလေးရဲ့ စိတ်ထဲမှာ ဘယ်လို ဖြစ်နေမယ်လို့ ထင်သလဲ။
-ကလေးတို့ကြိုက်တဲ့ ပစ္စည်းပျောက်သွားရင် စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။
- ကလေးတို့သာ မောင်ထွေးလေးနေရာမှာဆိုရင် ဘာလုပ်မလဲ၊ ဘာဖြစ်လို့လဲ။

֍ဆရာကအောက်ပါအတိုင်းရှင်းပြပါ။

“ဆရာနဲ့ သားတို့၊ သမီးတို့ အမြတ်တနိုးကိုးကွယ်ထားတဲ့ ဗုဒ္ဓဘုရားရှင်ဟာလည်း ရိုး သားတဲ့ ကလေးတွေကိုချစ်တယ်။ သူများပစ္စည်းကို ပိုင်ရှင်မသိဘဲ ယူထားတာကို မကြိုက် ဘူး။ ဒါကြောင့် သူများပစ္စည်းကိုကောက်ရရင် ပိုင်ရှင်ကိုပြန်ပေးရမယ်”ဟု ရှင်းပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ လူကြီးရှေ့မှာ ပြုမူစရာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

“လူကြီးရှေ့ မှာ ပြုမူစရာ” ကဗျာကို အမူအရာဖြင့် ဆိုပြပါ။

လူကြီးရှေ့မှာ ပြုမူစရာ

လူကြီးရှေ့မှာ သွားတဲ့အခါ၊
ခေါင်းလေးငုံ့ကာ ဦးညွှတ်ပါ။
လေးစားမူရာ အစဉ်ထား၊
ညင်ညင်သာသာသွား။
လူကြီးများက ပေးလာလျှင်၊
လက်နှစ်ဖက်နဲ့ ယူဖို့ပြင်။
လူကြီးလာရင် လမ်းဖယ်ပေး၊
ရိုသေရမယ်လေး။
လူယဉ်ကျေးတို့ အကျင့်တွေ၊
လိုက်နာကျင့်ကြံလေ။
လိုက်နာကျင့်ကြံ နေထိုင်မှ၊
သားတို့ဘဝ လွန်လှပ။
သမီးတို့ဘဝ လွန်လှပ။

֍ကဗျာပါအကြောင်းအရာများကို အောက်ပါဥပမာမေးခွန်းများဖြင့် ဆွေးနွေးပါ။ (ဥပမာ - လူကြီးရှေ့မှာသွားရင် ဘယ်လို သွားရမလဲ စသည်ဖြင့်။)

֍ဒီလိုအပြုအမူမျိုးရှိတဲ့ ကလေးတွေကို ဘယ်လိုကလေးမျိုးလို့ လူကြီးတွေက ပြောကြ သလဲ။ (လိမ္မာယဉ်ကျေးသော ကလေးများ)

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ယဉ်ကျေးတဲ့မွန်မွန်လေး ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု လိမ္မာယဉ်ကျေးစွာ နှုတ်ဆက်တတ်တဲ့ “မွန်မွန်” ရဲ့ အကြောင်းကို ပြောပြမယ်”ဟု ပြောပါ။

ယဉ်ကျေးတဲ့ မွန်မွန်လေး

မွန်မွန်ဆိုတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ မွန်မွန်ဟာ တနင်္ဂနွေနေ့တိုင်း “ဓမ္မ စကူးလ်”ကို မှန်မှန်တက်လေ့ရှိတယ်။ မွန်မွန်ဟာ ကျောင်းသွားတော့မယ်ဆိုရင် မိဘတွေကို ရိုရိုသေသေ ရှိခိုးပြီးမှ သွားလေ့ရှိတယ်။ မွန်မွန်က ဓမ္မစကူးလ်ကို လမ်းလျှောက်သွားတယ် လေ။ လမ်းမှာတွေ့တဲ့ ဘိုးလေးအောင်ကိုလည်း မွန်မွန်က လက်အုပ်ချီပြီး မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တယ်။ ကျောင်းထိပ်ရောက်တော့ ကျောင်းမှာ ဆွမ်းချက်တဲ့ ဒေါ်လေးမေကို လည်း မင်္ဂလာပါလို့ လက်အုပ်ချီပြီး နှုတ်ဆက်လိုက်တယ်။ စာသင်ခန်းထဲ ရောက်တော့လည်း သူငယ်ချင်းတွေနဲ့ အပြန်အလှန် လက်အုပ်ချီပြီး မင်္ဂလာပါလို့ နှုတ်ဆက်ကြတယ်။ မနက် (၈) နာရီထိုးလို့ ဆရာမက အခန်းထဲဝင်လာတော့ မွန်မွန်တို့အားလုံးက မင်္ဂလာပါလို့ လက်အုပ် ချီပြီး နှုတ်ဆက်လိုက်ကြတယ်။ အဲဒီလို အမူအရာ ယဉ်ယဉ်ကျေးကျေးရှိတဲ့ မွန်မွန်လေးဟာ ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွား၊ ဆရာ၊ ဆရာမတွေရော သူငယ်ချင်းတွေအားလုံးကပါ ဝိုင်းချစ်ကြတဲ့သူလေး ဖြစ်လာခဲ့တယ်။

֍ဇာတ်လမ်းပြောပြပြီးပါက ကလေးများကို ဇာတ်လမ်းတွင် မွန်မွန်လေး၏ လုပ်ရပ်များကို မေးခွန်းမေးပေးပါ။ ဥပမာ ဓမ္မစကူးလ်ကို လာတဲ့လမ်းမှာ ဘိုးလေးအောင်နဲ့ဆုံတော့ မွန်မွန်က ဘာလုပ်သလဲ .... စသည်။

֍“သားတို့၊ သမီးတို့ရော လမ်းမှာ လူကြီးတွေနဲ့ဆုံရင် ဘယ်လို နှုတ်ဆက်မလဲ”၊ “ကျောင်း မှာ သူငယ်ချင်းတွေနဲ့ဆုံရင် ဘယ်လို နှုတ်ဆက်ရမလဲ”စသည်ဖြင့် မေးခွန်းများ မေးပါ။ စာသင်ချိန် (၁)၊ (၂)၊ (၃)၊ (၄) တွင်ပါဝင်သည့် အကြောင်းအရာများကို အစီအစဉ်လိုက် တစ်ခုချင်းစီ ဆရာက ပြန်လည်အစဖော်ပေးပြီး

-ဘယ်လိုအမူအကျင့်၊ အပြုအမူတွေရှိသလဲ။
-ဒီအပြုအမူတွေဟာ ကောင်းသလား။ ဘာကြောင့်လဲ။

֍ထို့နောက် ကလေးများကို နှစ်ယောက်တစ်တွဲစီတွဲ၍ လိမ္မာယဉ်ကျေးသော အပြုအမူ တစ်ခုချင်းကို ဆရာကပြောပြပြီး ကလေးများအား အမူအရာလုပ်ပြခိုင်းပါ။ ဥပမာ လူကြီး ရှေ့မှာသွားရင် ... ဘယ်လိုသွားရမလဲ၊ အချင်းချင်းတွေ့ရင် ... ဘယ်လိုနှုတ်ဆက်ရမလဲ စသည်ဖြင့်။