လိမ္မာသော ကလေးများ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၁) လိမ္မာသော ကလေးများ (ကျောင်းသားကိုင်သို့)
339323ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၁) လိမ္မာသော ကလေးများ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

လိမ္မာသော ကလေးများ

သင်ယူမှုဦးတည်ချက်။ ။ လိမ္မာယဉ်ကျေးသောကလေးများ၏အလေ့အကျင့်၊ ပြုမူလုပ်ဆောင်ပုံများကို အားကျအတုယူ လိုက်နာကျင့်သုံတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ လိမ္မာတဲ့ကလေးလေး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ပထမတန်းမှာ လိမ္မာတဲ့ကလေးတွေအကြောင်းကို သင်ခဲ့ပြီးပြီ။ အဲဒီတော့ သားတို့၊ သမီး တို့ကို ဆရာက နည်းနည်းပြန်မေးကြည့်မယ်နော်”ဟု အစပျိုးပြီး အောက်ပါ မေးခွန်းနှစ်ခု ကို အုပ်စုဖွဲ့၍ ဆွေးနွေးကြပါစေ။

-လိမ္မာတဲ့ကလေးက ဘာတွေလုပ်သလဲ၊ ဘယ်လိုပြုမူသလဲ။
-မလိမ္မာတဲ့ကလေးက ဘာတွေလုပ်သလဲ၊ ဘယ်လိုပြုမူသလဲ။

֍ကလေးများ ဆွေးနွေးထားသည်များကို ပြန်လည်တင်ပြကြပါစေ။

֍ကလေးများ၏ အဖြေများထဲမှ ဆရာက အနှစ်ချုပ်၍ ပထမတန်းတွင် သင်ခဲ့ပြီးသော “လိမ္မာတဲ့ ကလေးလေး” ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

လိမ္မာတဲ့ကလေးလေး

လိမ္မာတဲ့ ကလေးလေးဖြစ်အောင်ကွယ်၊
တို့တစ်တွေအမြဲ ကြိုးစားမယ်။
အဖေ အမေရဲ့စကား နားထောင်မယ်၊ ရိုသေလို့ ချစ်ပါ့မယ်။
လိမ္မာတဲ့ ကလေးလေးဖြစ်အောင်ကွယ်၊
တို့တစ်တွေအမြဲ ကြိုးစားမယ်။
ဆရာ၊ ဆရာမ စကား နားထောင်မယ်၊ ရိုသေလို့ ချစ်ပါ့မယ်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကလေး (၅) ဦးအကြောင်း ရေးထားသော စာရွက် သို့မဟုတ် ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးတစ်ဦးကို အတန်းရှေ့ သို့ထွက်၍ အောက်ပါ ကတ်ပြားပါအကြောင်းအရာကို ဖတ်ပြပါစေ။

မောင်မြစိုး

“သားကတော့ ဒုတိယတန်းမှာ ပညာသင်ကြားနေတဲ့ မောင်မြစိုးဖြစ်ပါတယ်။ သား လုပ်ခဲ့တဲ့ ကောင်းမှုလေးကတော့ နေမကောင်းဖြစ်နေတဲ့ .. ပထမတန်းက ညီငယ်လေး တစ်ယောက်ကို နေ့ခင်းမုန့်စားဆင်းချိန်မှာ သူ့အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဖေဖေနဲ့ မေမေက အလုပ်သွားနေတော့ အိမ်မှာ ဘယ်သူမှမရှိပါဘူး။ သားက ညီငယ်လေး အရမ်း နေမကောင်းဖြစ်သွားမှာစိုးလို့ သားတို့အိမ်ကို ခေါ်သွားပြီး မေမေ့ကို ညီငယ်လေးတစ်ယောက် နေမကောင်းဖြစ်နေကြောင်း ပြောပြလိုက်တယ်။ သားမေမေကလည်း အဲဒီညီငယ်လေးကို ဆေးတိုက်ပြီး သူ့အိမ်ကို ပြန်ပို့ပေးမယ်လို့ပြောတဲ့အတွက် သားက ကျောင်းကို ပြန်လာခဲ့ပါတယ်”

֍ဖတ်ပြပြီးလျှင် “ခုနက ဖတ်ပြသွားတာကို သားတို့၊ သမီးတို့ ဘယ်လိုနားလည်သလဲ၊ နားလည်သလောက် ပြန်ပြောပြပါ”ဟုပြောပါ။

֍အထက်ပါနည်းအတိုင်း ကျန်ရှိနေသေးသော အကြောင်းအရာများကို ကလေးများအား တစ်ယောက်ချင်းစီ ဖတ်ပြစေ၍ တစ်ပုဒ်ဖတ်ပြပြီးတိုင်း ကလေးများ၏ နားလည်မှုကို မေး မြန်းပါ။

မွန်မွန်

“ဒီနေ့ သမီး ကျောင်းသွားဖို့ အိမ်ပေါ်က ဆင်းလာတော့ ခြံဝနားမှာ ငှက်ပေါက်စလေး တစ်ကောင် သစ်ပင်ခြေရင်းမှာ ပြုတ်ကျပြီး တကျွီကျွီနဲ့ အော်နေတာကို တွေ့ ခဲ့ပါတယ်။ သမီး သစ်ပင်ပေါ်လှမ်းကြည့်လိုက်တော့ ငှက်သိုက်လေးတစ်ခု တွေ့ လိုက်ပါတယ်။ ဒီငှက်ကလေးက အဲဒီငှက်သိုက်ကနေ ပြုတ်ကျလာတာ ဖြစ်မယ်ထင်လို့ ဖေဖေ့ အကူအညီနဲ့ ငှက်ကလေးကို ငှက်သိုက်ထဲ ပြန်ထည့်ပေးခဲ့ပါတယ်”

ဖိုးဇော်

“ကျောင်းပိတ်ရက်တစ်နေ့မှာ ရွာအပြင် ကုက္ကိုပင်ကြီးအောက်မှာ သားတို့ ဆော့ကစား နေကြတုန်း အထုပ်ကြီးတစ်ထုပ်ကို ထမ်းလာတဲ့ ဦးလေးကြီးတစ်ယောက်ဟာ သားတို့ ကစား နေတဲ့ ကုက္ကိုပင်ကြီးအောက်မှာ ဝင်ပြီး နားပါတယ်။ အဲဒီအချိန်မှာ ဦးလေးကြီးဟာ အရမ်း ပင်ပန်းပြီး မောနေတယ်လို့ ထင်ရတယ်။ သားက ဒီဦးလေးကြီး ရေသောက်ချင်မှာပဲလို့ တွေး ပြီး အဲဒီဦးလေးကြီးအတွက် ရေချမ်းစင်ကရေကို ခပ်ပြီး တိုက်ခဲ့ပါတယ်”

မီးမီး

“သမီးကတော့ ဒုတိယတန်းမှာ ပညာသင်ကြားနေတဲ့ မီးမီးဖြစ်ပါတယ်။ သမီးမေမေက ဈေးမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပါတယ်။ သမီးက မနက်တိုင်း မေမေနဲ့အတူ ဈေးလိုက် သွားပါတယ်။ မေမေဆိုင်ခင်းချိန်မှာ သမီးက ဟင်းသီးဟင်းရွက်တွေ ဝိုင်းစီပေးပြီးရင် ဈေး လည်း ဝိုင်းကူရောင်းပေးပါတယ်”

သံချောင်း

“သားတို့ခြံဝင်းအပြင်ဘက် မြေကွက်လပ်မှာ အများသုံး ရေတွင်းလေးတစ်တွင်း ရှိပါ တယ်။ မိုးတွင်းတုန်းက မိုးရွာထားတော့ ရေညှိတွေက သမံတလင်းမှာ အပြည့်ပါပဲ။ ရေစိုရင် ပွလာပြီး နေပူတော့ပြန်ခြောက်သွားတယ်။ တစ်နေ့မှာ သား ရေချိုးဖို့သွားတော့ ချော်လဲမလို ဖြစ်သွားတယ်။ တခြားသူတွေ ရေချိုးရေခပ်ထားတော့ ရေညှိတွေပွလာပြီး ချောနေလို့လေ။ ဒီရေတွင်းမှာ ကလေး၊ လူကြီးအားလုံး ရေချိုး ရေခပ်ကြတဲ့အတွက် ချော်လဲသွားရင် ခြေလက် ကျိုး၊ ခေါင်းကွဲတာတွေ ဖြစ်မှာစိုးလို့ သားက အဲဒီရေညှိတွေကို ပြောင်အောင်တိုက်၊ တံမြက် စည်းလှည်းပြီး ရေနဲ့စင်အောင် ဆေးခဲ့ပါတယ်”

֍အောက်ပါမေးခွန်းများကို မေးပါ။

-အခုဖတ်ပြသွားတဲ့ ကလေး (၅) ဦးက ဘယ်သူတွေလဲ။
-သူတို့ ဘာတွေလုပ်သွားတာလဲ။
-သူတို့ လုပ်ခဲ့တာတွေဟာ ကောင်းတဲ့အလုပ်လား။
-ဘာကြောင့် ကောင်းတယ်လို့ ပြောနိုင်သလဲ။
-သားတို့၊ သမီးတို့ရော အဲဒီကလေးတွေလို လုပ်ဖူးကြလား။

֍“ဟုတ်ပြီ၊ နောက်တစ်ချိန်မှာ သားတို့၊ သမီးတို့ လုပ်ခဲ့တဲ့ ကောင်းမွန်တဲ့အလုပ်တွေ အကြောင်း ပြောပြကြရအောင်”ဟုပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဗလာစာရွက်များနှင့် တိပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို စာရွက် တစ်ယောက်တစ်ရွက်စီပေး၍ “သားတို့၊ သမီးတို့ လုပ်ခဲ့ဖူးတဲ့ ကောင်းမွန်တဲ့အလုပ်တစ်ခုကို စဉ်းစားပြီး စာရွက်ပေါ်မှာ ချရေးထားကြပါ”လို့ ပြောပါ။ (အချိန် ၁၀ မိနစ်ခန့်ပေးပါ။)

֍ကလေးများ ရေးနေသောအချိန်တွင် ဆရာက သင်ပုန်းပေါ်တွင် အောက်ပါအချက်များကို ရေးထားပါ။

-သူတစ်ပါးကို ကူညီတတ်သူ
-တိရစ္ဆာန်လေးများကို သနားကြင်နာတတ်သူ
-လူကြီးမိဘကို ကူညီတတ်သူ
-သူတစ်ပါးအကျိုးကို လိုလားသူ
သန့်ရှင်းရေးလုပ်သူ .... စသည်ဖြင့်။ (ကလေးများ၏ အဖြေပေါ်မူတည်၍ လိုအပ် သည်များကို ထပ်ဖြည့်ပေးပါ။)

֍ကလေးများအားလုံး ရေးပြီးလျှင် သင်ပုန်းပေါ်တွင်ကပ်ရန် ရောင်စုံကပ်ခွာလေးများကို တစ်ယောက်တစ်ခုစီ ပေးပါ။

֍ရေးပြီးလျှင် မိမိပြုလုပ်ခဲ့သည့် အလုပ်သည် သင်ပုန်းပေါ်တွင် ရေးထားသောအချက်များထဲမှ မည်သည့်အချက်နှင့် ကိုက်ညီသည်ကို စဉ်းစားပြီး ပေးထားသောကပ်ခွာများဖြင့် သွား၍ ကပ်ကြပါစေ။

֍ကလေးများအားလုံး ပါဝင်ပြီးလျှင် ဆရာက သင်ပုန်းပေါ်တွင် ကပ်ထားသည့် ကပ်ခွာများ ကိုကြည့်၍ “သားတို့၊ သမီးတို့ အခု ကပ်ထားတာ မှာ အများကြီးပဲ။ ကပ်ထားတာ မရှိသည့်နေရာတွင် “ဒီဟာလေးကိုလည်း လုပ်ပေးဖို့ လိုသေးတယ်နော် စသည်ဖြင့် ဖြည့် စွက် ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ကလေးငါးဦးစီ၏ အမည်ရေးထားသော စာရွက်များ၊ ကလေးအားလုံး၏ အမည်ပါသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ကလေးငါးဦးစီ၏ အမည်ရေးထားသောစာရွက်ကို တစ်အုပ်စုလျှင် တစ်ရွက်စီ ဝေပေးပါ။ (မှတ်ချက် ။ ။ အုပ်စုတစ်စုတွင် ပေးသောအမည်သည် အခြားအုပ်စုမှ ကလေး များ၏ အမည်များဖြစ်ရပါမည်။ အုပ်စုတွင်းရှိ ကလေးများ၏ အမည်များနှင့် စာရွက်တွင် ရေးထားသောအမည်များ မတူညီစေရပါ။)

֍ပြီးလျှင် ဆရာက အောက်ပါအတိုင်း လုပ်ဆောင်ရန် ကလေးများအား ညွန်ကြားပါ။

֍“သားတို့၊ သမီးတို့က အခုရထားတဲ့ စာရွက်မှာပါတဲ့ သူငယ်ချင်းတွေရဲ့ အမည်ဘေးမှာ သူတို့တွေရဲ့ ကောင်းတဲ့အချက်လေး တစ်ချက်ရေးမယ်။ ဥပမာ - ဇော်ဇော်- ကူညီတတ် တယ်။ သူငယ်ချင်းအားလုံး တိုင်ပင်ပြီးရေးမယ်နော်။ ပြီးရင် အုပ်စုအားလုံးက ထွက်ပြောရ မယ်”ဟုပြောပါ။

֍ကလေးများ ရေးပြီးလျှင် တစ်ယောက်စီ ထွက်၍ပြောပြပါစေ။

֍ဆရာက ကလေးများ၏ အမည်အားလုံးတွင် ဖြည့်ပြီးပါက အောက်ပါအတိုင်းပြောပါ။

֍အားလုံး ဒီမှာ ကြည့်ပါဦး၊ ကိုယ်က ဘယ်လိုစိတ်ထားရှိတဲ့သူလဲ ကြည့်ပါဦး။ သားတို့၊ သမီးတို့တစ်တွေဟာ လိမ္မာတဲ့ကလေးတွေလား၊ ဒါမှမဟုတ်ရင် မိုက်တဲ့ကလေးတွေလား။

[သတိပြုရန် 1]

֍“တပည့်တို့အားလုံးဟာ လိမ္မာတဲ့ကလေးတွေဆိုတာ သေချာသွားပြီ။ ဒီလို လိမ္မာတဲ့ ကလေးတွေဟာ အမြဲတမ်း လိမ္မာတဲ့ကလေးဖြစ်အောင် နေထိုင်ကြရမယ်။ ဇာတ်လမ်းထဲက ကလေးလေးတွေလို ကောင်းမှုတစ်ခုခုကို နေ့တိုင်းပြုမူဆောင်ရွက် နေထိုင်သွားကြရမယ်။ ဒီလို ပြုမူနေထိုင်သူကိုသာ လိမ္မာတဲ့ကလေးတွေလို့ခေါ်တယ်။ ဒါကြောင့် သားတို့၊ သမီးတို့တစ်တွေ ကိုယ့်အကျိုး၊ အများအကျိုးကို ဆောင်ရွက်ကူညီတတ်တဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။” စသည်ဖြင့်ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများ၏ တင်ပြချက်ကို ကလေး များအားလုံး၏ အမည် ပါသော စာရွက်ပေါ်တွင်ရေးပါ။