သူငယ်ချင်းကောင်းများ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၀) သူငယ်ချင်းကောင်းများ (ကျောင်းသားကိုင်သို့)
339322ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၀) သူငယ်ချင်းကောင်းများ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃ဝ)

သူငယ်ချင်းကောင်းများ

သင်ယူမှု ဦးတည်ချက် ။ ။ သူငယ်ချင်း အချင်းချင်း ချစ်ခင်စွာနေထိုင်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား “သားတို့၊ သမီးတို့မှာ သူငယ်ချင်း ရှိသလား။ ဘယ်နှယောက်ရှိသလဲ”ဟု ဦးစွာ မေးပါ။

֍ဆက်လက်၍ ကလေးများအား ဤအတန်းထဲတွင် မိမိချစ်ခင်သော သူငယ်ချင်းရှိပါက ထိုသူငယ်ချင်းကို လက်တွဲခေါ်၍ အတန်းရှေ့သို့ ထွက်လာရန် ပြောပါ။ ဦးစွာထွက် လာသော ကလေးအား မိမိခေါ်လာသော သူငယ်ချင်းအမည်ကို ပြောပါစေ။ အဘယ်ကြောင့် ထိုသူငယ်ချင်းကို ချစ်ခင်ကြောင်းမေးပါ။

[သတိပြုရန် 1]

ဥပမာ - သူ့ကို သမီး/သားက ဘာဖြစ်လို့ ချစ်တာလဲ။ သူက ဘာတွေ လုပ်ပေးလို့လဲ ... စသည်ဖြင့်။

֍ထိုနည်းအတိုင်း ဆန္ဒရှိသောကလေးများကို အလှည့်ကျ ပြောပါစေ။

֍ဆရာက “လူတိုင်းတွင် သူငယ်ချင်းများ ရှိကြသည်။ သူငယ်ချင်းက မိမိကို ချစ်စေလိုပါက ချစ်အောင်နေရမည်။ သူငယ်ချင်းမကြိုက်သောအရာများကို ပြုလုပ်ပါက သူငယ်ချင်းက ချစ်မည်မဟုတ်” စသည်ဖြင့် ရှင်းပြပါ။

֍ကလေးအားလုံးပျော်ရွှင်စွာ စုပေါင်းကစားနိုင်သည့် ကစားနည်းတစ်ခုကို ကစားပါစေ။ ဥပမာ အမူအရာများများပါသော ကဗျာရွတ်ဆိုခြင်းမျိုး။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သူငယ်ချင်းကောင်းများဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု ဆရာက ကလေးတို့ကို သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင် ကူညီကြတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြမယ်နော်”ဟုအစချီပြီး အောက်ပါဇာတ်လမ်း ကို ပြောပြပါ။

[သတိပြုရန် 2]

ဇာတ်လမ်းပြောပြနေစဉ် ကလေးများ နားမလည်နိုင်လောက်သောအချက်များ ပါရှိပါက ရှင်းလင်းပြောပြပါ။ ထို့အပြင် “ဘာဆက်ဖြစ်မယ်ထင်လဲ” စသည်ဖြင့် ကလေးများ၏ ထင်မြင်ယူဆချက်များကို မေးမြန်းပြီး သိလိုစိတ်ကို နှိုးဆွပေးပါ။

သူငယ်ချင်းကောင်းများ

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုအတွင်းမှာ ရေအိုင်ကြီးတစ်အိုင် ရှိခဲ့တယ်။ အဲဒီရေအိုင်ကြီးနားမှာ စွန်ရယ်၊ လိပ်ရယ်၊ ၀န်လိုငှက်ရယ်၊ ခြင်္သေ့ရယ်ဆိုပြီး မိတ်ဆွေ လေးယောက် နေထိုင်ခဲ့ကြပါတယ်။

မှောင်မိုက်နေတဲ့ တစ်ညမှာတော့ မုဆိုးတစ်ဖွဲ့ဟာ စွန်တို့နေတဲ့ သစ်ပင်အောက်ကို ရောက်လာခဲ့ကြတယ်။ မုဆိုးတွေဟာ မှက်၊ ခြင်တွေရဲ့ ရန်ကို ကြောက်တာကြောင့် မီးဖို ဖိုပြီး အိပ်ဖို့ပြင်ကြတယ်။ အဲဒီအချိန်မှာပဲ သစ်ပင်ပေါ်မှာရှိတဲ့ စွန်သိုက်ထဲက စွန်ပေါက် ကလေးတွေရဲ့ အော်သံကို ကြားလိုက်ရတယ်။ ဒါနဲ့ပဲ စွန်ပေါက်ကလေးတွေကို တက်ယူဖို့ ကြိုးစားခဲ့ကြတယ်။

စွန်ဖိုနဲ့ စွန်မဟာ အလွန်စိုးရိမ်သွားပြီး သူငယ်ချင်းဝန်လိုငှက်၊ လိပ်၊ ခြင်္သေ့တို့ဆီမှာ အကူအညီ သွားတောင်းတယ်။ ဝန်လိုငှက်ဟာ သူ့ခန္ဓာကိုယ်ကြီးကို ရေတွေဆွတ်ပြီး နှုတ် သီးဖြင့်ရေငုံကာ မီးဖိုပေါ်မှာ ရေတွေ ဖြန်းပေးတယ်။ မီးက ခဏခဏ ငြိမ်းနေတော့ မုဆိုး တွေလည်း သစ်ပင်ပေါ်တက်ဖို့ အဆင်မပြေတော့ဘူး။ အချိန်ကြာလာတော့ ဝန်လိုငှက် လည်း မောပန်းလာတယ်။

အဲဒီအချိန်မှာပဲ .. သူငယ်ချင်းလိပ် ရောက်လာခဲ့တယ်။ လိပ်ဟာ သူ့ကိုယ်ကြီးကို ရေညှိတွေ၊ ရေမှော်တွေ၊ ရွှံ့ညွန်တွေနဲ့ လူးလိုက်တယ်။ ပြီးတော့မှ မီးဖိုကံကို တည့်တည့် ကြီးဝင်ပြီး မီးတွေကို ငြှိမ်းလိုက်တယ်။ မုဆိုးတွေလည်း လိပ်ကြီးကို ဖမ်းဖို့ကြိုးစားကြတယ်။ လိပ်ကြီးကလည်း သူ့ကို ဝိုင်းအုံပြီး ကြိုးနဲ့ဖမ်းနေကြတဲ့ မုဆိုးတွေကို ရေနက်ထဲရောက် အောင် သူ့အားကြီးနဲ့ ဆွဲချသွားတော့တယ်။ မုဆိုးတွေလည်း ရေတွေရွှဲစိုပြီး ခိုက်ခိုက်တုန် အောင် ချမ်းနေခဲ့ကြတယ်။

အဲလို ရေတွေစိုပြီး ချမ်းနေတဲ့မုဆိုးတွေကို ကမ်းစပ်မှာရှိနေတဲ့ ခြင်္သေ့က ဟောက်သံ ပေးပြီး ခြိမ်းခြောက်ပြန်တယ်။ မုဆိုးတွေလည်း ခြင်္သေ့သံကြားတော့ ရေအိုင်ကြီးနားမှာ မနေရဲတော့ဘူး။ ညတွင်းချင်းပဲ နေရာပြောင်းသွားကြတယ်။ စွန်ဖို၊ စွန်မတို့ရဲ့ သူငယ် ချင်းတွေကလည်း မုဆိုးတို့ရဲ့ အန္တရာယ် စိတ်ချရတော့မှပဲ ပြန်သွားကြတော့တယ်။ စွန်ဖိုနဲ့ စွန်မလည်း သူငယ်ချင်းတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားပြောခဲ့ကြတယ်။ ခြင်္သေ့ကလည်း သူငယ်ချင်းတွေကို ချစ်ချစ်ခင်ခင်နေဖို့နဲ့ ဆက်လက်ပြီး အခက်အခဲတွေကို ခုလိုပဲ လက်တွဲရင်ဆိုင်ဖြေရှင်းသွားဖို့ အကြံပေးခဲ့တယ်။

မှီငြမ်း ။ ။ မဟာဥက္ကုသဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုစတုတ္ထတွဲ၊ ၂၃၁၊ ဇာ၊ ဋ္ဌ၊ ၄။ ၂၈၈။

֍ဇာတ်လမ်းပြောပြီးသောအခါ ... ဇာတ်လမ်းထဲတွင် ပါဝင်သော အဖြစ်အပျက်များကို ကလေးများနှင့် အမေးအဖြေ ပြုလုပ်ပြီး အချင်းချင်း ကူညီခြင်း၏ အကျိုးတရားများကို ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ချစ်တယ်၊ မချစ်ဘူး ရေးထားသောစာရွက်။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းထဲတွင် သူငယ်ချင်းအချင်းချင်း မည်သို့ ကူညီကြသည်ကို မှတ်မိသရွေ့ ပြန်ပြောပါစေ။

֍သူငယ်ချင်းများ၏ ကူညီမှုကို ရရှိသော စွန်ဖိုနှင့် စွန်မ၏ စိတ်ထဲတွင် မည်သို့ခံစားရ မည်ကို ကလေးနားလည်မည့် စကားလုံးဖြင့် မေးပါ။

֍အကယ်၍ သူငယ်ချင်းများ၏ အကူအညီကိုသာ မရရှိပါက မည်သို့ဆက်ဖြစ်လာနိုင် သည်ကို မေးပါ။

֍သူငယ်ချင်းများက မိမိကို ကူညီလျှင် မိမိမည်သို့ခံစားရမည်နှင့် မိမိ၏ကူညီမှုကြောင့် သူငယ်ချင်းပျော်သွားလျှင် မိမိကိုယ်တိုင် မည်သို့ခံစားရမည်ကို ကလေးများအား မေးပါ။

֍ရှေ့တွင် နားထောင်ခဲ့သော ဇာတ်လမ်းအရ သူငယ်ချင်းချစ်အောင် မည်သို့နေထိုင်မည်ကို ဖော်ထုတ်ပါစေ။ ဥပမာ - သူငယ်ချင်းတွေချစ်အောင် ဘာတွေ လုပ်ပေးကြမလဲ။ ဘယ်လို နေထိုင်ကြမလဲ။

֍အောက်ပါအတိုင်း အဆင့်ဆင့် ညွှန်ကြားခြင်းဖြင့် ကလေးများအားလုံး ပါဝင်ကစားကြပါစေ။

အတန်း၏အရှေ့တွင် “ချစ်တယ်”ဟု ရေးထားသော စက္ကူပိုင်းကို ကပ်ပါ။

֍အတန်း၏အနောက်တွင် “မချစ်ဘူး”ဟု ရေးထားသော စက္ကူပိုင်းကို ကပ်ပါ။

“ဆရာ အခု ပြောတာကို သေချာနားထောင်ပါ။ သားတို့၊ သမီးတို့ သူငယ်ချင်းက ဆရာ အခု ပြောသလိုမျိုး လုပ်မယ်ဆိုရင် သူ့ကို ချစ်မှာလား/မချစ်ဘူးလား စဉ်းစားရမယ်။ သားတို့၊ သမီးတို့ ကြိုက်တဲ့အရာမျိုးဆိုရင် “ချစ်တယ်”လို့ ပြောပြီး အတန်းရှေ့က စာရွက်အောက်မှာ ရပ်ရမယ်။ သားတို့၊ သမီးတို့ မကြိုက်တဲ့အရာဆိုရင် “မချစ်ဘူး”လို့ ပြောပြီး.. အတန်းနောက်က စာရွက်အောက်မှာ ရပ်ရမယ်။ နားလည်ကြသလား”ဟု ကလေးများ နားလည်သည်အထိ ရှင်းလင်းပြောပြပါ။

[သတိပြုရန် 3]

֍ထို့နောက် ကလေးများအားလုံး အတန်းရှေ့သို့ ထွက်လာပါစေ။ ဆရာက အပြုအမူ များကို တစ်ခုစီ ဖြည်းညှင်းစွာ ဖတ်ပါ။ ကလေးများကို နှစ်သက်ရာ နေရာတွင် ပြေး၍ ရပ်ပါစေ။ ဥပမာ - “ကိုယ့်သူငယ်ချင်းက ကိုယ့်ကို စာကူရှင်းပြပေးရင်၊ ကိုယ့်သူငယ်ချင်း က မုန့်လုစားရင်၊ ကိုယ်ချော်လဲနေတာကို မထူပေးဘဲ ရယ်နေရင်၊ ကိုယ်ချော်လဲနေ တာကို ထူပေးရင် စသည်ဖြင့်

֍ဤနည်းဖြင့် ကလေးများအား အတန်းရှေ့/နောက် နေရာရွေ့ စေခြင်းဖြင့် ပျော်ရွှင်စွာ ကစားပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ သူငယ်ချင်းများ စုပေါင်းကစားကြပုံ၊ မုန့်ခွံ့ကျွေးပုံ၊ စာအတူတူဖတ်ပုံ၊ ချော်လဲ၍ ထူပေးပုံ၊ ချော်လဲ၍ ဟားတိုက်ရယ်နေပုံ၊ မုန့်လုစားပုံ၊ နောက်မှ ဆံပင်ဆွဲ၍ စနောက်ပုံ၊ ရန်ဖြစ်နေပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို အုပ်စုများ ခွဲပြီး လေ့လာပါစေ။

֍ရုပ်ပုံများအား သူငယ်ချင်းများ ချစ်ခင်မှုရှိစေရန် ပြုလုပ်သင့်သောရုပ်ပုံနှင့် မပြုလုပ်သင့်သော ရုပ်ပုံများအဖြစ် အုပ်စုအလိုက် ခွဲခြားပါစေ။

֍အဘယ်ကြောင့် ပြုလုပ်သင့်သည်/မလုပ်သင့်သည်ကို အလှည့်ကျ ပြောပါစေ။

  1. သူငယ်ချင်းကို ချစ်ခင်ရသည့် အကြောင်းရင်း များများရအောင် လှုံ့ ဆော်မေးမြန်းပါ။
  2. ဆရာက ကလေးတစ်ဦးစီ၏ အဖြေများကို အသိအမှတ်ပြုပေးပါ။ ဆွေးနွေးမှ အားနည်းသော ကလေးများကို ဦးစားပေး၍ ဆွေးနွေးပေးပါ။
  3. ကလေးများအား ပြုပြင်စေလိုသော အပြုအမူများကို အသုံးပြုနိုင်သည်။