လူကောင်းနှင့် လူဆိုး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၆။ လူကောင်းနှင့် လူဆိုး(ကျောင်းသားကိုင်သို့)
348334ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၆။ လူကောင်းနှင့် လူဆိုး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

သင်ခန်းစာခေါင်းစဉ်။ ။ လူကောင်းနှင့် လူဆိုး

သင်ယူမှုဦးတည်ချက်။ ။ လူကောင်းနှင့်လူဆိုးကို ခွဲခြားသိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ရဲ့ ပတ်ဝန်းကျင်မှာ အကျင့်စရိုက်အမျိုးမျိုးရှိတဲ့ လူတွေကို တွေ့ဖူးကြမှာပါ။ ပြီးတော့ ဒီလူက လူကောင်း၊ ဒီလူကတော့ လူဆိုးလို့ ပြောဆိုတာတွေကိုလည်းပဲ ကြားဖူးကြတယ်မဟုတ်လား။ ဒါနဲ့ပတ်သက်ပြီး သားတို့သမီးတို့ကို အုပ်စုလိုက် စဉ်းစားဆွေးနွေးရမယ့် လုပ်ငန်းလေးတစ်ခုပေးမယ်” စသည်ဖြင့် ပြောပြီး ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ “လူကောင်းဆိုတာ ဘယ်လိုလူမျိုးလဲ၊ လူဆိုးလူမိုက်ဆိုတာ ဘယ်လိုလူမျိုးလဲ”ဟူသော ခေါင်းစဉ်ဖြင့် အုပ်စု အလိုက် ဆွေးနွေးပြီး ရရှိသောအချက်များကို မှတ်စုစာအုပ်တွင် ရေးကြပါစေ။

֍ ထို့နောက် ရေးထားသည်များကို အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ပြောပြပါစေ။ တူညီနေသောအချက်များကို ထပ်မပြောဘဲ အခြားအချက်များကိုသာ ပြောရန် ဆရာက ကြိုတင်မှာထားပါ။ ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်း/စာရွက်ကြီးပေါ်တွင် လိုက်၍ ရေးပေးပါ။

֍ အုပ်စုအားလုံး ပြောပြီးသွားသောအခါ “အခု လူကောင်းဆိုတာ ဘယ်လိုလူမျိုးလဲ၊ လူဆိုးလူမိုက် ဆိုတာကရော ဘယ်လိုလူမျိုးလဲဆိုတာကို သားတို့သမီးတို့ ဆွေးနွေးထားတဲ့ အချက်တွေအပေါ်မူတည်ပြီး ခွဲခြားလို့ ရမယ် နော်” စသည်ဖြင့် ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့က လူကောင်းဆိုတာ ဘယ်လိုလူမျိုးလဲ၊ လူဆိုးဆိုတာကရော ဘယ်လိုလူတွေလဲဆိုတာ သိပြီး သွားပြီ၊ အခု ဒီဇာတ်လမ်းထဲက လူကရော ဘယ်လိုလူမျိုးလဲဆိုတာ ဖတ်ကြည့်ကြရအောင်”ဟု ပြော၍ အောက်ပါ ဇာတ်လမ်းကို ကလေးများဖတ်ကြပါစေ။ (ကလေးတစ်ယောက်က ပထမတစ်ပိုဒ်ကို ဖတ်ပြီးလျှင် ဒုတိယတစ်ပိုဒ်ကို မည်သူဖတ်ရမည်ဟု ကြိုတင်အသိမပေးဘဲ သေချာစွာ နားထောင်နေကြစေ၍ ဖတ်ရမည့် အချိန် ရောက်မှသာ ဆရာကိုယ်တိုင် ရွေးချယ်၍ ဖတ်ပါစေ။)

သူ့ကိုရှို့တော့ ကိုယ့်ကိုလောင်

ဘုရားရှင်လက်ထက်မှာ တစ်ကိုယ်လုံး မီးတောက်လောင်နေတဲ့ စပါးကြီးမြွေပြိတ္တာကြီးတစ်ကောင် ရှိတယ်။ ရဟန်းတွေဟာ ပြိတ္တာကြီးရဲ့ အတိတ်ကြောင်းကို သိလိုတဲ့အတွက် ဘုရားရှင်ကို မေးမြန်းတော့ ဘုရားရှင်က အဲဒီမြွေကြီးရဲ့ ရှေးဘဝမှာ ပြုလုပ်ခဲ့တဲ့ အကုသိုလ်ကို ဟောကြားပါတယ်။

မြွေကြီးဟာ ရှေးဘဝတစ်ခုမှာ သူခိုးတစ်ယောက်ဖြစ်ခဲ့တယ်။ တစ်ည ခိုးရာကအပြန် ဇရပ်တစ်ဆောင်မှာ အိပ်နေတယ်။ အဲဒီအချိန် သူဌေးကြီးတစ်ဦးက ဘုရားကျောင်းတော်ကိုအလာ ဇရပ်ထဲ ခဏဝင်နားခိုက် သူခိုးကို မြင်တော့ “ဒီလူ့ခြေထောက်တွေဟာ ရွှံ့တွေပေနေပါလား။ ဒီလူဟာ ညမှာကျက်စားပြီး နေ့မှာအိပ်သူဖြစ်ရမယ်”လို့ ပြောမိတယ်။

သူခိုးကလည်း သူ့ကို ဒီလိုပြောရကောင်းလားဆိုပြီး သူဌေးကြီးကို ရန်ငြိုးထားလိုက်တယ်။ အဲဒီနောက် အခွင့်အခါကိုစောင့်ပြီး သူဌေးကြီးရဲ့လယ်တွေကို ခုနစ်ကြိမ်တိုင်တိုင် မီးရှို့ပါတယ်။ ဒါပေမဲ့ မကျေနပ်သေးဘဲ သူဌေးရဲ့ နွားတွေကို ခုနစ်ကြိမ်တိုင်တိုင် ခြေထောက်တွေကို ဖြတ်ပစ်တယ်။ ဒါ့အပြင် သူဌေးကြီးရဲ့ အိမ်ကိုလည်း ခုနစ်ကြိမ်တိုင်တိုင် မီးရှို့တယ်။

အဲဒီလောက် လက်စားချေရတာကို မကျေနပ်နိုင်သေးဘဲ မြတ်စွာဘုရား ဆွမ်းခံကြွချိန်မှာ သောက်ရေသုံး ရေအိုးတွေကို ရိုက်ခွဲပြီး သူဌေးကြီးလှူဒါန်းထားတဲ့ ကျောင်းတော်ကိုပါ မီးရှို့လိုက်တော့တယ်။ သူဌေးကြီးက အဲဒီ ကျောင်းတော်ကို အမြတ်နိုးဆုံး ဖြစ်ပေမဲ့လည်း စိတ်မဆင်းရဲတဲ့အပြင် “ဒီကျောင်း မရှိတော့ရင် နောက်ထပ် တစ်ကျောင်း ဆောက်လုပ်လှူဒါန်းခွင့်ရမယ်၊ ဝမ်းသာစရာပဲ”လို့ ပြောပြီး ကျောင်းတစ်ဆောင် ထပ်မံဆောက်လုပ် လှူဒါန်းတယ်။

အဲဒီလို နည်းမျိုးစုံသုံးပြီး ပစ္စည်းဥစ္စာတွေ ဖျက်ဆီးခံရပေမဲ့ သူဌေးကြီးက မတုန်လှုပ်ဘူး။ ဒီတော့ သူခိုးက မကျေမချမ်း ပိုပိုဖြစ်လာပြီး သူဌေးကြီးကိုသတ်ဖို့ ကြံစည်တယ်။ ခုနစ်ရက်လုံးလုံး စောင့်နေပေမဲ့ အခွင့်မသာခဲ့ဘူး။ ဒါကြောင့် ကျောင်းအလှူ ရေစက်ချချိန်မှာ ဝင်ရောက်လာပြီး အခွင့်ကောင်းကို ချောင်းပြန်တယ်။

ရေစက်ချချိန်မှာ သူဌေးကြီးက “အရှင်ဘုရား ... လူတစ်ယောက်ဟာ တပည့်တော်ရဲ့ လယ်တွေ အိမ်တွေကို ခုနစ်ကြိမ်တိုင်တိုင် မီးရှို့ပါတယ်။ နွားတွေကိုလည်း ခုနစ်ကြိမ်တိုင်တိုင် ဓားနဲ့ခုတ်ပါတယ်။ ကျောင်းတော်ကို မီးရှို့တာလည်း သူပဲဖြစ်ပါလိမ့်မယ်။ အခု ဒီအလှူကရတဲ့ ကုသိုလ်အဖို့ကို တပည့်တော် သူ့ကို အရင်ဆုံး အမျှပေး ဝေလိုပါတယ်”လို့ လျှောက်လိုက်တာကို သူခိုးကကြားသွားတဲ့အခါ နောင်တကြီးစွာရပြီး သူဌေးကြီးရဲ့ ခြေရင်းမှာ ဝပ်စင်းကန်တော့ကာ တောင်းပန်တယ်။ သူဌေးကြီးကလည်း ဝမ်းမြောက်စွာနဲ့ပဲ ခွင့်လွှတ်လိုက်တယ်။ ဒါပေမဲ့ သူပြုခဲ့ဖူးတဲ့ မိုက်ပြစ်တွေကတော့ သူ့ကို ခွင့်မလွှတ်ခဲ့ပါဘူး။ သူခိုးဘဝကနေ သေလွန်တဲ့အခါ အဲဒီအကုသိုလ် ကံတွေကြောင့် အဝီစိငရဲ၌ နှစ်ပေါင်းများစွာ ခံခဲ့ရပြီး အဝီစိငရဲမှ လွတ်မြောက်သောအခါ ဒီဘဝမှာ တစ်ကိုယ်လုံး မီးတောက်လောင်နေသော မြွေပြိတ္တာ ဖြစ်သွားတယ်လို့ မြတ်စွာဘုရားရှင်က ဟောကြားတော်မူသည်။

မှီငြမ်း။ ။ အဇဂရပေတဝတ္ထု၊ ဓမ္မပဒ၊ တတိယတွဲ၊ ၂၃၆။ ဓမ္မ၊ဋ္ဌ၊၂၊၃၉။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သူခိုးကိုမြင်တော့ သူဌေးကြီးက ဘယ်လိုပြောလိုက်မိသလဲ။
-သူခိုးဟာ သူဌေးကြီးကို ဘာဖြစ်လို့ ရန်ငြိုးထားသလဲ။
-သူခိုးဟာ သူဌေးကြီးရဲ့ ပစ္စည်းဥစ္စာတွေကို ဘယ်နှကြိမ် မီးရှို့ သလဲ။
-သူဌေးကြီးဟာ သူ့ကျောင်းအလှူမှာ ဘယ်သူ့ကို အရင်ဆုံး အမျှပေးဝေသလဲ။ ဘာကြောင့်လဲ။
-သူခိုးဟာ နောက်ဆုံးမှာ ဘာဖြစ်သွားသလဲ။
-သူခိုးရဲ့ စိတ်ဓာတ်ဟာ ဘယ်လိုစိတ်ဓာတ်မျိုးလဲ။
-သူဌေးကြီးကရော ဘယ်လိုစိတ်ထားရှိသလဲ။
-သားတို့သမီးတို့သာ သူဌေးကြီးရဲ့ နေရာမှာဆိုရင် သူခိုးကို ဘာလုပ်မလဲ။
-ဒီဇာတ်လမ်းကနေ သားတို့သမီးတို့ ဘယ်လို သင်ခန်းစာတွေ ရလိုက်သလဲ။
-ဒီဇာတ်လမ်းထဲမှာ ဘယ်သူက လူကောင်းလဲ။ ဘာကြောင့်လဲ။

֍ မေးခွန်းများ ဖြေပြီးသောအခါ ဆရာက မြတ်စွာဘုရားရှင်၏ အောက်ပါစကားနှင့် ဆက်စပ်ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

“လူဆိုးလူမိုက်ဟာ မကောင်းမှုကို ပြုစဉ်အခါမှာ နောင်တစ်ချိန် ခံစားရမယ့်အပြစ်ကို မသိဘူး။ ဒီလို ပညာမဲ့သူ ဟာ မိမိပြုခဲ့တဲ့ မကောင်းမှုကံကြောင့် နောင်အခါမှာ မီးလောင်ခံနေရသလို အစဉ်အမြဲ ပူပန် နေရတယ်”

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ အောက်ပါခေါင်းစဉ်များကို ဆွေးနွေးကြပါစေ။ (အုပ်စုလိုက်ဆွေးနွေး ရာတွင် အနည်းဆုံးအချက် ငါးချက်ရအောင် စဉ်းစားကြပါစေ။)

-လူကောင်းနဲ့ပေါင်းရင် ဘာတွေ ဖြစ်လာနိုင်သလဲ။
-လူဆိုးနဲ့ပေါင်းရင် ဘာတွေ ဖြစ်လာနိုင်သလဲ။

֍ ဆွေးနွေးပြီးသော အချက်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းသားအားလုံးကို ပြန်လည်ပြောပြပါစေ။

֍ ကလေးများ ဆွေးနွေးထားသော အချက်များကို ဆရာက ပြန်လည်အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက အောက်ပါလုပ်ငန်းဖြင့် စာသင်ချိန်ကို စတင်ပါ။

“သားတို့သမီးတို့ အတန်းထဲမှာ သတိထားမိတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမူအကျင့်တစ်ခုကို ရေးပေး ပါ” ဟု ပြောပြီး ကလေးများကို စာရွက်ပိုင်းများ ဝေပေးပါ။

֍ အတန်းရှေ့တွင် ကတ်ပုံးတစ်ခုထား၍ ရေးပြီးသောစာရွက်များကို လာရောက်ထည့်ကြပါစေ။ အားလုံးထည့်ပြီးလျှင် ဆရာက ရောမွှေ၍ တစ်ခုချင်းဖတ်ပြပြီး “ကောင်းတဲ့အမူအကျင့်လား၊ မကောင်းတဲ့ အမူအကျင့်လား” ဟု မေးပါ။ အမူအကျင့်တစ်ခုချင်းစီ၏ ကောင်းသည်၊ မကောင်းသည်ကို အပြန်အလှန်ဆွေးနွေး၍ ကောင်းသော အမူအကျင့်ဖြစ်လျှင် ကောင်းသောဘက်တွင်ကပ်၍ မကောင်းသော အမူအကျင့်ဖြစ်လျှင် မကောင်းသော ဘက်တွင် ဆရာက ကပ်ပေးပါ။ (အောက်ပါပုံကို ဆရာက စာရွက်ကြီး/သင်ပုန်းပေါ်တွင် ကြိုတင် ရေးဆွဲ ထားပါ။)

ကောင်းသောအမူအကျင့် မကောင်းသောအမူအကျင့်



֍ “အခုကောင်းတဲ့အမူအကျင့်တွေက ဘာတွေ၊ မကောင်းတဲ့အမူအကျင့်တွေက ဘာတွေဆိုတာ ကလေးတို့ သိသွားကြပြီဆိုတော့ လူကောင်းတစ်ယောက်နဲ့ ပတ်သက်ပြီး မေးခွန်းလေးတွေကို ဆွေးနွေးကြည့်ရအောင်”ဟု ဆရာက ပြောပြီး အောက်ပါမေးခွန်းများကို ဆရာနှင့်ကလေးများ အပြန်အလှန် ဆွေးနွေးပါ။

-လူကောင်းတစ်ယောက်ဆိုတာ ဘယ်လိုနေထိုင်သလဲ။
-လူကောင်းတစ်ယောက်ရဲ့ အပြုအမူတွေဟာ ဘယ်လိုလဲ။
-လူကောင်းတစ်ယောက်ဟာ ဘယ်လို ပြောဆိုသလဲ။

֍ နောက်ဆုံးတွင် ဆရာက “လူကောင်းဆိုတာ ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကို ကောင်းအောင် ကြိုးစားတယ်၊ ကိုယ်နဲ့ ဆက်စပ်တဲ့ အရာအားလုံးကိုလည်းကောင်းအောင် ကြိုးစားတယ်” စသည်ဖြင့်ပြောကာ ဇာတ် လမ်းနှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ ရှေ့စာသင်ချိန်များနှင့် ချိတ်ဆက်၍ သော်လည်းကောင်း အနှစ်ချုပ်ပေးပါ။