အမည်နှင့် အရည်အချင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၅။ အမည်နှင့် အရည်အချင်း(ကျောင်းသားကိုင်သို့)
348333ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၅။ အမည်နှင့် အရည်အချင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

သင်ခန်းစာခေါင်းစဉ်။ ။ အမည်နှင့် အရည်အချင်း

သင်ယူမှုဦးတည်ချက်။ ။ လူတစ်ယောက်အတွက် အမည်ထက် အရည်အချင်းက ပိုအရေးကြီးကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အမည်ဝှက်တမ်းကစားခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

ဆရာက “ကလေးတို့ရဲ့ သူငယ်ချင်းက အသားညိုတယ်၊ မျက်လုံးမှေးတယ်၊ ပါးချိုင့်ပါတယ်။ စကားပြောရင် ပြုံးပြုံးလေး ပြောတတ်တယ်။ သူဘယ်သူလဲ” စသည်ဖြင့် နမူနာပြောပြပါ။ ထို့နောက် ဆရာက ကလေးငါးဦး ခန့်ကို ဖိတ်ခေါ်၍ ထိုနည်းအတိုင်း အမည်ဝှက်တမ်း ကစားကြပါစေ။ (အမည်ရှင်၏ အားနည်းချက်ကို ထည့်မ ပြောဘဲ အားသာချက်များကိုသာ ပြောရန် ကလေးများအား သတိပေးပါ။ စိတ်ခံစားလွယ်သူဖြစ်ပါက ဆရာက ပါးနပ်စွာ ထိန်းသိမ်း၍ နှစ်သိမ့်ပေးပါ။)

֍ မိမိ၏ အမည်ကို မကြိုက်သူ (သို့) မိမိအမည်ကို “မလှဘူး”ဟု ထင်သူကို လက်ထောင်စေပြီး အမည်နှင့် ပတ်သက်၍၎င်းတို့၏ ခံစားချက်ကို အတန်းရှေ့ ထွက်ပြောကြပါစေ။

֍ ကလေးများပြောပြီးနောက် ဆက်လက်၍ “လူတစ်ယောက်အတွက် အမည်နဲ့အရည်အချင်းမှာ ဘယ်ဟာက ပိုအရေးကြီးသလဲ။ ဘာကြောင့်လဲ”ဟု ဆက်မေးပါ။

֍ ကလေးများအားလုံး ပြောပြီးလျှင် ဆရာက “လူတစ်ယောက်မှာ နာမည်က အဓိကမကျဘူး၊ သူ့ရဲ့လုပ်ရပ်နဲ့ အရည်အချင်းကသာ အဓိကဖြစ်တယ်”ဟု ပြောဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ “အမည်နှင့် အရည်အချင်း” ဇာတ်လမ်းကို ကလေးများအားလုံး အသံတိတ် ဖတ်ကြပါစေ။

֍ ဖတ်ပြီးပါက ဇာတ်လမ်းကို ကလေးများ နားလည်သည့်အတိုင်း ရှေ့ထွက်ပြောကြပါစေ။ (ကလေးကို အမည် တပ်မခေါ်ပါနှင့်၊ ရှေ့ထွက်ပြောလိုသူကိုသာ ပြောခွင့်ပေးပါ။ ဇာတ်လမ်းထဲမှ စကားလုံးများအတိုင်း အတိအကျ ဖြစ်ရန် မလိုပါ။ မေ့နေလျှင် ဆရာက ထောက်ပေးပါ။)

အမည်နှင့် အရည်အချင်း

ရှေးအခါက တက္ကသိုလ်ပြည်က ဆရာကြီးတစ်ဦးထံမှာ တပည့်ပေါင်းငါးရာ ပညာသင်ယူနေကြတယ်။ တပည့်တစ်ယောက်ရဲ့ အမည်က “မောင်ဆိုးပေ”ဆိုတော့ တခြားသူတွေက “ငဆိုးပေ ငဆိုးပေ”ဆိုပြီး ခေါ်ကြတယ်။ ဒါကို မောင်ဆိုးပေက “ငါ့ကို ငဆိုးပေလို့ ခေါ်နေတာကို ကြားရတာ မင်္ဂလာမရှိလိုက်တာ။ ငါ့နာမည်ကို ပြောင်းပေးဖို့ ဆရာကြီးကို ပြောမှပဲ”လို့ တွေးမိတယ်။

ဒါနဲ့ ဆရာကြီးဆီကို သွားပြီး “ဆရာကြီး၊ ကျွန်တော့်နာမည်ဟာ မင်္ဂလာမရှိဘူး၊ ကျက်သရေမရှိဘူး၊ ဒါကြောင့် ကောင်းတဲ့နာမည်တစ်ခု မှည့်ပေးပါ”လို့ ပြောတယ်။ ဆရာကြီးက “ကောင်းပြီ၊ တစ်ရွာဝင် တစ်ရွာထွက် တစ်မြို့ဝင် တစ်မြို့ထွက် လှည့်လည်ပြီး သင်လိုလားနှစ်သက်တဲ့ နာမည်ကို ရှာကြည့်ပါ၊ တွေ့ရင်ပြန်လာခဲ့၊ သင့်နာမည်ကို ငါပြောင်းပေးမယ်”လို့ ပြန်ပြောလိုက်တယ်။

မောင်ဆိုးပေလည်း ဝမ်းသာအားရနဲ့ လိုအပ်တာတွေယူဆောင်ပြီး အမည်ရှာဖို့ နေရာအနှံ့ လှည့်လည် သွားလာတော့တယ်။ ရွာတစ်ရွာကိုရောက်တော့ အသုဘတစ်ခု ချလာတာနဲ့ဆုံတယ်။ မောင်ဆိုးပေက လူသေရဲ့ နာမည်ကို စုံစမ်းလိုက်တော့ “မောင်သက်ရှည်”လို့ ခေါ်တယ်ဆိုတာ သိလိုက်တယ်။ အဲဒီအခါ “ဟင် . မောင်သက်ရှည်လို့ ဆိုပြီးတော့ သေတာပဲလား”လို့ မေးလိုက်တော့ “မောင်သက်ရှည်လို့ နာမည်ရှိတဲ့သူရော မရှိတဲ့ သူရော သေကြတာပဲ၊ နာမည်ဆိုတာ ပညတ် (အခေါ်အဝေါ်)ပဲ၊ လူမှန်ရင် သေတာပဲ၊ သင် ရူးနေတာလား”လို့ လူအများက ပြက်ရယ်ပြုပြီး ပြန်ပြောဆိုကြတယ်။

အဲဒီရွာက ထွက်လာပြီး မြို့ တစ်မြို့ကို ရောက်တော့ မိန်းမတစ်ယောက်ကို လူတစ်စုက ဝိုင်းဝန်းအပြစ်တင် ပြောဆိုနေကြတယ်။ “ဘာများ ဖြစ်တာလဲ” ဆိုပြီး စုံစမ်းလိုက်တော့ အကြွေးမပေးနိုင်လို့ အပြစ်တင်ခံနေရတာကို သိရတယ်။ သူလည်း နာမည်သိချင်တာနဲ့ အဲဒီမိန်းမရဲ့ နာမည်ကို ထပ်စုံစမ်းလိုက်တဲ့အခါ “မဌေး”လို့ ခေါ်ကြောင်း သိရပြီး “မဌေးဆိုတဲ့ နာမည်မှည့်ထားပြီး ဆင်းရဲတာပဲလား”လို့ ပြန်ပြောမိတယ်။ “မဌေးလို့ မှည့်ထားလည်း ဆင်းရဲ တာပဲ၊ မမှည့်ထားလည်း ဆင်းရဲတာပဲ၊ နာမည်ဆိုတာ ပညတ်ပဲ၊ သင် မသိဘူးလား”ဆိုပြီး အားလုံးက ဝိုင်းဝန်း ပြစ်တင် ပြောဆိုကြပြန်တယ်။

အဲဒီကနေ ထွက်လာရင်း လမ်းခရီးမှာ လမ်းမှားပြီး မှိုင်နေတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ပြန်တယ်။ နာမည်ကို စုံစမ်းတော့ “လမ်းပြကြယ်”လို့ ခေါ်ကြောင်းသိပြီး “လမ်းပြကြယ်ဆိုပြီး လမ်းမှားရသလား”လို့ ဆိုလိုက် ပြန်တယ်။ “လမ်းပြကြယ်လည်း လမ်းမှားတတ်တာပဲ၊ လမ်းပြကြယ်မဟုတ်လည်း လမ်းမှားတတ်တာပဲ၊ လမ်းမှားလို့ စိတ်ညစ်နေရတဲ့ကြားထဲ ဘာတွေလာပြောနေတာလဲ၊ သင်ရူးနေတာလား”လို့ ကြိမ်းမောင်းတဲ့အတွက် မောင်ဆိုးပေလည်း ထွက်ပြေးလာရတယ်။

ဒီလိုနဲ့ ဆရာကြီးထံ ပြန်ရောက်လာတော့ “ဘယ်လိုလဲ ငါ့တပည့်၊ သင်နှစ်သက်တဲ့ နာမည်ကို တွေ့ပြီလား” လို့ မေးတော့ “ဆရာကြီး ... ‘မောင်သက်ရှည်’လို့ မှည့်လည်း သေတာပဲ၊ ‘မဌေးလို့ မှည့်လည်း ဆင်းရဲတာပဲ၊ ‘လမ်းပြကြယ်’လို့ မှည့်ထားလည်း လမ်းပျောက်တာပဲ၊ နာမည်ဆိုတာ ပညတ်ပါ။ နာမည်ကြောင့် ဘာအကျိုးမှ မရပါဘူး။ အလုပ်နဲ့အရည်အချင်းကြောင့်သာ အကျိုးရတတ်တာကို ကျွန်တော်သိပါပြီ”လို့ ဝန်ခံတယ်။ ဆရာကြီးကလည်း “မှန်တယ် ငါ့တပည့်၊ လူတစ်ယောက်အတွက် အရေးကြီးတာ နာမည်မဟုတ်ဘူး၊ သူရဲ့ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းတွေပဲ ဖြစ်တယ်”လို့ ပြောဆိုချီးကျူးပြီး ဆုလာဘ်များ ပေးအပ်လိုက်ပါတယ်။

မှီငြမ်း။ ။ နာမသိဒ္ဓိဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၄၁၀။ ဇာ၊ဋ္ဌ၊၁၊၄၂၆။

ခက်ဆစ်အဖွင့်

ကျက်သရေ = တင့်တယ်ခြင်း၊ မင်္ဂလာရှိခြင်း
အသုဘ = မတင့်တယ်ခြင်း
ပြက်ရယ်ပြု = သရော်သည်၊ ပြောင်လှောင်သည်
ပညတ် = အခေါ်အဝေါ်

֍ အောက်ပါ မေးခွန်းများ မေးပါ။

-မောင်ဆိုးပေက သူ့အမည်ကို ကြိုက်သလား။ ဘာကြောင့်လဲ။
-မောင်ဆိုးပေက သူ့အမည်နဲ့ပတ်သက်ပြီး ဆရာကြီးကို ဘယ်လို ပြောသလဲ။
-မောင်ဆိုးပေက သူ့အတွက် အမည်ကောင်းကို လိုက်ရှာရင်း ဘာတွေ တွေ့ကြုံခဲ့သလဲ။
-နောက်ဆုံးမှာ ဆရာကြီးကို သူဘယ်လို ဝန်ခံခဲ့သလဲ။
-ဆရာကြီးကရော ဘယ်လို ချီးကျူးစကား ပြောပေးခဲ့လဲ။
-လူတွေမှာ အမည်နဲ့ အရည်အချင်း ဘယ်ဟာက ပိုအရေးကြီးတယ်လို့ ကလေးတို့ထင်သလဲ။
-အရည်အချင်းရှိအောင် ဘယ်လိုပြုမူဆောင်ရွက်ကြမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

ကလေးများကို စာရွက်လွတ်များ ဝေပေးပါ။ ကလေးတစ်ဦးချင်းစီကို အတန်းထဲက သူငယ်ချင်း တစ်ယောက် ယောက်၏ အမည်နှင့် ထိုသူငယ်ချင်းတွင်ရှိသော အရည်အချင်းအကြောင်း စဉ်းစားပါစေ။ ကလေးများ စဉ်းစား ထားပြီးသော သူငယ်ချင်း၏အမည်ကို အောက်တွင် ဥပမာပြထားသည့်အတိုင်း အလယ်မှရေး၍ ထိုအမည်ရှင်၏ ရှိပြီးသော အရည်အချင်းများ၊ ထိုအမည်ရှင်အား ရှိစေချင်သော အရည်အချင်းများကို ဘေးပတ်လည်တွင် ရေးပါစေ။ တစ်ယောက် ထက်ပို၍ ရေးလိုပါကလည်း ရေးပါစေ။

ဥပမာ-

အသားဖြူ စာတော်

ဖြူဖြူ

စိတ်ကောင်းရှိ

֍ ဤဥပမာအတိုင်း မိမိရေးလိုသော အရည်အချင်း ငါးခုရှိလျှင် ပွင့်ဖတ် ငါးခု၊ အရည်အချင်း ခြောက်ခုရှိလျှင် ပွင့်ဖတ် ခြောက်ခု စသည်ဖြင့် လိုအပ်သည့်အတိုင်း ဖြည့်သွင်းရေးသားပါစေ။

֍ ရေးသားပြီးသော စာရွက်များကို စာသင်ခန်းနံရံများတွင် ကပ်ကြပါစေ။ ထို့နောက် မည်သူက ပွင့်ဖတ်အများဆုံး ရရှိသည်ကို လိုက်လံကြည့်ရှုစေပြီး မှတ်စုစာအုပ်တွင် မှတ်သားထားပါစေ။ ထို့နောက် ဆရာက “ဒီလိုပွင့်ဖတ် တွေအများကြီးရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို နောက်တစ်ချိန်မှာ ဆွေးနွေးအဖြေရှာ ကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါခေါင်းစဉ်များဖြင့် အုပ်စု (၅) စု ဖွဲ့ပါ။

၁။ စာတော်စေချင်သည်
၂။ လိမ္မာစေချင်သည်
၃။ ကျန်းမာစေချင်သည်
၄။ ဘာသာတရား ကိုင်းရှိုင်းစေချင်သည်
၅။ အားကစား ထူးချွန်စေချင်သည်

֍ အုပ်စုတစ်စုစီမှ ခေါင်းစဉ်တစ်ခုချင်းအလိုက် ဖြစ်စေလိုသော အရည်အချင်းများ ရရှိအောင် မည်ကဲ့သို့ လုပ်ရ မည့်အကြောင်းကို လှေကားထစ်ပုံစံဖြင့် ဆွေးနွေးရေးသားကြပါစေ။ ထို့နောက် အုပ်စုအချင်းချင်း စုံအောင် လဲလှယ်ဖတ်ရှုစေ၍ လိုအပ်သည်ထင်သော အချက်များကို ဖြည့်စွက်ကြပါစေ။ ထိုသို့ ဖြည့်စွက်ပြီးနောက် စာရွက်များကို သင်ပုန်းတွင်ကပ်စေပြီး လိုအပ်ချက်များကို ဆရာက ထပ်မံဖြည့်စွက်ပေးပါ။

ဥပမာ-

စာတော်စေချင်သည်
လုံ့လဝီရိယရှိရမယ်
နေ့တိုင်းစာကျက်ရမယ်
ကျောင်းမှန်မှန်တက်ရမယ်

֍ မိမိတွင် ရှိပြီးသား အရည်အချင်းများကို ရှိအောင် မည်သို့လုပ်ဆောင်ခဲ့ကြောင်းကို ဉာဏ်ဖွင့်ဆွေးနွေးကြပါစေ။ ဆွေးနွေးပြီးသောအခါ ဆရာက “လူတစ်ယောက်မှာ ပိုင်ဆိုင်ထားတဲ့ အသိပညာ၊ အတတ်ပညာ၊ စိတ်ကောင်း စေတနာရှိမှု၊ ဖော်ရွေပျူငှာမှု၊ သူတစ်ပါးကို ကူညီလိုစိတ်ရှိမှု၊ အနစ်နာခံနိုင်မှု စတာတွေဟာ အရည်အချင်း တွေပဲပေါ့။ ဒီအရည်အချင်းတွေကို ရုပ်လှလှ မလှလှ၊ နာမည်လှလှ မလှလှ လူတိုင်း ပိုင်ဆိုင်နိုင်ကြတယ်”ဟု ပြောဆိုညွှန်ပြ၍ သင်ခန်းစာကို အဆုံးသတ်ပါ။