သင်္ကြန်ပွဲတော် (ဆရာ)

339332ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၄ဝ) သင်္ကြန်ပွဲတော် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄ဝ)

သင်္ကြန်ပွဲတော်

သင်ယူမှုဦးတည်ချက် ။ ။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အကြောင်းကိုသိရှိပြီး ယဉ်ကျေးစွာ ဆင်နွှဲတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သင်္ကြန်ပွဲကို ပျော်ရွှင်စွာဆင်နွှဲနေကြပုံ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သင်္ကြန်ပွဲရုပ်ပုံပြ၍ “ဒီပုံထဲမှာ ဘာတွေ လုပ်နေကြသလဲ”ဟုမေးပြီး ကလေးများ တွေ့ သမျှ ဖြေပါစေ။

֍ထို့နောက် “သင်္ကြန်တွင်းမှာ .. ဘာတွေလုပ်တာမြင်ဖူးလဲ”ဟု ဆက်လက်မေးမြန်းပါ။ (ကလေးများ သိသမျှဖြေပါစေ။)

֍ဆရာက ကလေးများကို “သင်္ကြန်ဆိုတဲ့ အဓိပ္ပာယ်ကို သိသလား ဟုမေး၍ “သင်္ကြန် ဆိုတာ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခြင်းဖြစ်တယ်။ ဒါကြောင့် နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်ကို မပါရအောင် ဆေးကြောပစ်လိုက်ခြင်းဖြစ်တယ်”ဟု ကလေးများ နားလည်အောင် ရှင်းပြပါ။

֍ကလေးငယ်များကို အုပ်စုနှစ်စုဖွဲ့ပါ။

֍အုပ်စုနှစ်စုဖွဲ့ပြီးသောအခါ ခေါင်းစဉ်နှစ်ခုပေးပါ။ တစ်အုပ်စုကို “ဘုန်းကြီးကျောင်းမှာ ဘာလုပ်ကြသလဲ” ခေါင်းစဉ်ဖြင့် ကလေးတို့ သိသမျှ ပြောပါစေ။

֍နောက်တစ်အုပ်စုကိုလည်း “အိမ်မှာ ဘာလုပ်ကြသလဲ” ခေါင်းစဉ်ဖြင့် ကလေးတို့ သိသမျှ ပြောပါစေ။

ကလေးတို့ပြောသောအချက်များကို ဆရာက သင်ပုန်းပေါ်တွင် လိုက်ရေးထားပါ။

֍ကလေးများ ပြောလိုသည်များကို လွတ်လပ်စွာ ပြောကြပါစေ။

֍ကလေးအားလုံး ပါဝင်ဆွေးနွေးပြီးသည့်အချိန်တွင်

-“ဘုန်းကြီးကျောင်းမှာဆိုရင် တရားစခန်းတွေ ဖွင့်တယ်၊ ကိုရင်ဝတ်တယ်၊ ရဟန်းခံ တယ်၊ သီလရှင် ဝတ်ကြတယ်၊ အလှူတွေ လုပ်ကြတယ်”

-“အိမ်မှာဆိုရင် ဘိုးဘွား၊ မိဘတွေကို ကန်တော့တယ်၊ ခေါင်းလျှော်ပေးကြတယ်၊ အိမ်သန့်ရှင်းရေး လုပ်ကြတယ်၊ မုန့်လုံးရေပေါ် လုပ်စားကြတယ်၊ သာကူကျိုတယ်၊ စတုဒိသာ ကျွေးတယ်၊ အလှူတွေ လုပ်ကြတယ်” စသည်ဖြင့် ကိုယ့်မြို့ ၊ ကိုယ့်ရွာတွင် ပြုလုပ်လေ့ရှိသော အလေ့အထများကို ဆရာက လိုအပ်သလို ဖြည့်စွက်၍ အနှစ်ချုပ် ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သင်္ကြန်ပွဲတော်အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက သင်္ကြန်ပွဲတော်အကြောင်း ပြောပြပါ။

သင်္ကြန်ပွဲတော်

မြန်မာနိုင်ငံသားတို့ရဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်မှာ မြန်မာပြည်သူ၊ ပြည်သားများဟာ နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကား ကျင်းပပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။ အဲဒီနှစ်သစ်ကူးပွဲတော်ကို “သင်္ကြန်ပွဲတော်”လို့ ခေါ်ကြတယ်။ သင်္ကြန်ပွဲတော်ကို အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့လို့ သတ်မှတ်ပြီး ဆင်နွှဲကြတယ်။ သင်္ကြန်ကျတဲ့ရက်ဟာ အများအားဖြင့် ဧပြီလ (၁၃) ရက်မှာ ကျလေ့ရှိတယ်။ တစ်ခါတလေမှသာ ဧပြီလ (၁၃) ရက်ရဲ့ ရှေ့၊ နောက်ရက်တွေမှာ သင်္ကြန် ကျလေ့ရှိတယ်။

သင်္ကြန်အကြိုနေ့ရောက်ရင် မြန်မာ့ရိုးရာဓလေ့အရ အိမ်တိုင်း အိမ်တိုင်းမှာ အတာ အိုးထိုးလေ့ရှိကြတယ်။ အတာအိုးထိုးတယ်ဆိုတာ မြေအိုးထဲမှာရေထည့်ပြီး အောင်သပြေ အပါအဝင် ပန်းပေါင်းစုံထိုးကြတယ်။ သင်္ကြန်ရက်အတွင်း ပြုလုပ်မယ့်အလှူတွေအတွက် ပြင်ဆင်ကြတယ်။ သင်္ကြန်တွင်းရေကစားကြမယ့် လူငယ်တွေကလည်း ရေကစားဖို့အတွက် ပြင်ဆင်ကြတယ်။ ကလေးတွေကတော့ အကြိုနေ့ကစတင်ပြီး ရေကစားလေ့ရှိကြတယ်။

သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့တွေမှာ လူငယ်တွေက ရပ်ကွက်အလိုက်၊ လမ်းအလိုက် ရေကစားမဏ္ဍပ်တွေဆောက်ပြီး ပျော်ရွှင်စွာ ရေကစားကြတယ်။ ရေကစား မဏ္ဍပ်တွေမှာ လူငယ်တွေ ရေကစားကြရုံသာမက စတုဒိသာလည်း ကျွေးမွေးကြတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာ အစားအစာဖြစ်တဲ့ မုန့်လုံးရေပေါ် ပြုလုပ်ကြပြီး ဧည့်ခံကျွေးမွေးကြ တာကိုလည်း တွေ့ ရတယ်။

နှစ်ဆန်းတစ်ရက်နေ့ မနက်ဆိုရင် သက်ကြီးရွယ်အိုတွေကို တရော်ကင်ပွန်း (ခေါင်းလျှော်ရည်) တွေနဲ့ ခေါင်းလျှော်ပေးတယ်။ လက်သည်း၊ ခြေသည်းတွေကို ညှပ်ပေး တယ်။ နောက်ပြီးတော့လည်း ဘိုးဘွား၊ မိဘ၊ ဆရာသမား၊ သက်ကြီးရွယ်အိုတွေကို ကန်တော့ကြပြီး သက်ကြီးပူဇော်ပွဲတွေကိုလည်း ပြုလုပ်ကြတယ်။ ရပ်ကွက်အလိုက် စတု ဒိသာကျွေးပွဲတွေလည်း ပြုလုပ်ကြတယ်။ ညနေဆိုရင် လမ်းတိုင်းလမ်းတိုင်းမှာ ပရိတ် တရားတော်တွေကို နာကြတယ်။ နောက်ပြီး အဲဒီနေ့မှာပဲ ငါး၊ လိပ်တွေကို ရေများတဲ့ ကန်တွေထဲကို လွှတ်ပေးကြတယ်။ ငှက်ကလေးတွေလည်း လွှတ်ကြတယ်။ ကျွဲ၊ နွားစတဲ့ တိရစ္ဆာန်တွေကိုလည်း ဘေးမဲ့လွှတ်ပေးကြတယ်။

ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ရိပ်သာတွေမှာလည်း စတုဒိသာကျွေးတယ်၊ ရဟန်းသံဃာတော်တွေကို ဆွမ်းဘောဇဉ်တွေ ကပ်လှူကြတယ်၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ရေသပ္ပာယ်ကြတယ်။ ဥပုသ်စောင့်ကြတယ်။ တရားနာကြတယ်၊ တရားထိုင်ကြတယ်၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ ကန်၊ ဇရပ်၊ တန်ဆောင်းတွေကို သန့်ရှင်းရေးလုပ်ပေးကြတယ်။

֍ဆရာက သင်္ကြန်အကြောင်း ပြောပြီးပါက ကလေးတို့၏ နားလည်မှုအတိုင်းအတာကို မေးခွန်းများမေး၍ ဆွေးနွေးပါ။ ဥပမာ သင်္ကြန်မှာ ဘာတွေလုပ်ကြလဲ။ ဘာမုန့်လုပ်စားကြ သလဲ စသည်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သင်္ကြန်နှင့် သက်ဆိုင်သော ရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

သင်္ကြန်နှင့် သက်ဆိုင်သော ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။ (ဥပမာ - ရေကစား နေသောပုံ၊ မုန့်လုံးရေပေါ်လုံးနေသောပုံ၊ ဘိုးဘွားတွေကို ပူဇော်နေသောပုံ စသည်ဖြင့်။)

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ “အတာအိုး”တွင် ထိုးရန်ပန်းမျိုးစုံကို အုပ်စုငါးစုအတွက် ကြိုတင်ရှာထားရန်။

သင်ယူမှုလုပ်ငန်းစဉ်

֍“သင်္ကြန်မှာ အိမ်က ဖေဖေ၊ မေမေတို့ ဘာလုပ်တာကို တွေ့ သလဲ”ဟု မေးပြီး ကလေးများ မဖြေပါက ဆရာ/ဆရာမက “အတာအိုး ထိုးကြတယ်”ဟု ဖြေပေးပါ။

֍ပြီးနောက် “အတာအိုး”ထိုးတယ်ဆိုတာ ကလေးတို့ သိလား။ “ဘာလို့ အတာအိုးထိုးတာ လဲ”ဟု မေးပါ။

֍ထို့နောက် အောက်ပါအချက်များကို ရှင်းလင်းပြောပြပါ။

“အတာအိုး ထိုးတယ်ဆိုတာ ဟိုး အရင် ရှင်ဘုရင်တွေ လက်ထက်တုန်းက သင်္ကြန်ကျပြီ ဆိုရင် အမြောက်တွေနဲ့ မြို့ တိုင်း၊ ရွာတိုင်းကို တစ်ပြိုင်တည်း ပစ်ဖောက်အချက်ပေးကြ တယ်။ အဲဒီလို အချက်ပေးသံကြားတာနဲ့ မြန်မာလူမျိုးတွေဟာ အိမ်တိုင်းအိမ်တိုင်းမှာ သပြေပန်းတွေ ထိုးထားတဲ့ အတာအိုးထဲကရေကို မြေပေါ်ကို လောင်းချပြီး “သတ္တဝါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ”ဆိုပြီး ယုံယုံကြည်ကြည်နဲ့ မေတ္တာရေ လောင်းကြတဲ့ ဓလေ့က စပြီး ပေါ်ပေါက်လာတာပဲ။ အခုနောက်ပိုင်းတော့ ပန်းမျိုးစုံလာတာပေါ့ကွယ်။ နောက်ပြီး အတာအိုးထဲကရေကိုလည်း နှစ်ဆန်းတစ်ရက်နေ့.. ပရိတ်တရားနာပြီးမှပဲ ကိုယ့်အိမ်ပတ်ဝန်းကျင်တစ်ဝိုက်ကို ပက်ဖျန်းကြတယ်”။

(ဦးအေးနိုင် ဘီ.အေ၏ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ)

֍“ကဲ ဒါဖြင့် ကလေးတို့ ဆရာနဲ့အတူတူ အတာအိုးထိုးကြရအောင် ဆိုပြီး ကလေးများကို အုပ်စု (၅) စုဖွဲ့ပါ။

֍အတာအိုး ထိုးရာတွင် ကလေးများကိုသာ မထိုးခိုင်းဘဲ ဆရာနှင့် အတူတကွ ပြုလုပ်ပါ။ ဥပမာ ကလေးများကို ပန်းတစ်မျိုးစီ ကိုင်ခိုင်းပြီး တစ်ယောက်ပြီးမှတစ်ယောက် အိုးထဲသို့ လာထည့်ခိုင်းပါ။ ပန်းမျိုးစုံသွားပါက ဆရာနှင့်ကလေးများ ပေါင်း၍ အလှဆင်ပါ။ တစ်ဖွဲ့ ပြုလုပ်နေချိန်တွင် ကျန်အဖွဲ့များက ကြည့်နေပါစေ။

֍ပြီးလျှင် ပန်းအိုးများကို စီ၍ “ဘယ်အိုးထိုးတာ လှသလဲ၊ သပ်ရပ်သလဲ ဟုမေးပါ။ လှပ သပ်ရပ်သောအိုးကို ဂုဏ်ပြု၍ လက်ခုပ်တီးအားပေးပါစေ။