သစ်ပင်စိုက်ပျိုးရေး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၁။ သစ်ပင်စိုက်ပျိုးရေး(ကျောင်းသားကိုင်သို့)
348393ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၁။ သစ်ပင်စိုက်ပျိုးရေး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

သင်ခန်းစာခေါင်းစဉ်။ ။ သစ်ပင်စိုက်ပျိုးရေး

ယေဘုယျရည်ရွယ်ချက်။ ။ သစ်ပင်များ၏ အကျိုးပြုမှုကို နားလည်သဘောပေါက်ပြီး သစ်ပင်တို့ကို တန်ဖိုးထားတတ်ရန်၊

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ သစ်ပင်များ၏ အကျိုးပြုပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်ပိုင်းများ။

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်းနှင့် လုပ်ငန်းပေးခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

(၂၀ မိနစ်)

֍ အောက်ပါမေးခွန်းကို နှစ်ယောက်တစ်တွဲ ဆွေးနွေးစေပြီး ဆွေးနွေးမှုရလဒ်များကို စာရွက်ပိုင်းဖြင့် မှတ်သား ထားကြပါ။

-သစ်ပင်တွေက လူသားတွေကို ဘယ်လို အကျိုးပြုသလဲ။

֍ ထို့နောက် နှစ်ယောက်တွဲ အတွဲနှစ်တွဲကို ပေါင်းစု၍ အုပ်စုဖွဲ့ပါ။ပြီးလျှင် အောက်ပါမေးခွန်းကို ဆက်လက် ဆွေးနွေးကြပါစေ။ ဆွေးနွေးမှုရလဒ်များမှ သဘောတူသည့်အချက်များကိုလည်း စာရွက်ပိုင်းဖြင့် မှတ်သား ထားကြပါစေ။

-သစ်ပင်တွေ မရှိဘူးဆိုရင် ကမ္ဘာကြီး ဘယ်လို ဖြစ်သွားနိုင်သလဲ။

֍ ကလေးများ ဆွေးနွေးပြီးနောက် အုပ်စုတစ်စုချင်းစီက အောက်ဖော်ပြပါဇယားပုံစံဖြင့် ထည့်သွင်းရေးသားပါ။

သစ်ပင်များ၏ အကျိုးပြုပုံ သစ်ပင်များ မရှိလျှင်

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် ဆွေးနွေးတင်ပြခြင်း။

(၃၀ မိနစ်)

֍ “သစ်ပင်များနဲ့ပတ်သက်ပြီးတော့ ကလေးတို့ သိပြီးသားအချက်တွေနဲ့ ဖတ်စာပါအကြောင်းအရာတွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ရအောင်”ဟု ပြော၍ သစ်ပင်စိုက်ပျိုးရေးအကြောင်းကို အုပ်စုလိုက် ဖတ်ကြပါစေ။

֍ ဖတ်စာပါအကြောင်းအရာများကို ဖတ်ရှုလေ့လာပြီးပါက ထပ်မံသိရှိသွားသောအချက်များကို ဇယားတွင် ဖြည့်စွက်ရေးသားပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

သစ်ပင်စိုက်ပျိုးရေး

သစ်ပင်တို့သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။ သစ်ပင်တို့သည် လူတို့ အသက်ရှင်ရန် မရှိမဖြစ်လိုအပ်သော အောက်စီဂျင်ဓာတ်ကို ထုတ်ပေးပြီး လူတို့ ရှူထုတ်လိုက်သော ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ကို ပြန်လည်စုပ်ယူကြသည်။

လူတို့၏ စား၊ ဝတ်၊ နေရေးအတွက် သစ်ပင်တို့က ထောက်ကူပေးကြသည်။ လူတို့စားသုံးရန် အသီး၊ အရွက်၊ အစေ့၊ အနံ၊ အခေါက်စသည်တို့ကို သစ်ပင်များမှ ရရှိသည်။ အဝတ်အထည်အတွက် လိုအပ်သော ချည်မျှင်၊ လျှော်မျှင်၊ ဆိုးဆေး စသည်တို့ကို သစ်ပင်များမှ ရရှိသည်။ နေထိုင်ရန် အဆောက်အအုံအတွက် လိုအပ်သော အခင်း၊ အကာ၊ အမိုးစသည်တို့ကိုလည်း သစ်ပင်၊ ဝါးပင်များမှ ရရှိသည်။ အနာရောဂါကို ကာကွယ်ကုသနိုင်သော ဆေးဝါးများကိုလည်း သစ်ပင်၊ နွယ်ပင်တို့မှ ထုတ်လုပ်နိုင်သည်။ ထို့အပြင် အေးမြသော အရိပ်အာဝါသကိုလည်း သစ်ပင်တို့က ပေးစွမ်းနိုင်သည်။

သစ်ပင်တို့သည် မြေဆီလွှာများကို ထိန်းသိမ်းပေးသည်။ သစ်ရွက်ခြောက်များသည် သဘာဝမြေဩဇာများ ဖြစ်သည်။ ရေစီးရေလာနှင့် ရေအစိုဓာတ်ကိုလည်း သစ်ပင်တို့က ထိန်းသိမ်းပေးသည်။ သစ်တောတို့၌ ကျေးငှက်သတ္တဝါတို့ အသက်ဆက် ခိုအောင်းနိုင်သည်။ သဘာဝသစ်တောကြီးများသည် မုန်တိုင်းဒဏ်ကို ကာကွယ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သစ်ပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးကြရမည်။ သို့မှသာ လူနှင့်သစ်ပင်တို့သည် အပြန်အလှန် အမှီသဟဲပြုနိုင်ကြမည်။

ဗုဒ္ဓတရားတော်များ၌ အမြဲထာဝရကုသိုလ်တွင် ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ် စိုက်ပျိုးလှူဒါန်းခြင်း၊ အရိပ်ရပင်၊ စားသုံးပင်များ စိုက်ပျိုးလှူဒါန်းခြင်းတို့ ပါဝင်သည်။ ရှေးအခါက ဗုဒ္ဓဘာသာဝင်တို့သည် သစ်ပင် ဥယျာဉ် စိုက်ပျိုး၍ ရဟန်းသံဃာတော်တို့အား လှူဒါန်းကြကြောင်း ကမ္ပည်းကျောက်စာများတွင် တွေ့ရသည်။

ဗုဒ္ဓဘုရားရှင် အဆူဆူတို့သည် သစ်ပင်ကြီးများအောက်တွင် သစ္စာလေးပါးမြတ်တရားကို ထိုးထွင်း သိမြင်ပြီး သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူကြသည်။ ဘုရားရှင်တို့. ပွင့်ထွန်းရာ သစ်ပင်မှန်သမျှကို ဗောဓိပင်ဟု ခေါ်ဆိုကြသည်။ ဗုဒ္ဓဝင်ကျမ်းများတွင် ဘုရားရှင်တို့သည် သခွတ်ပင်၊ ပေါက်ပင်၊ ညောင်ကြတ်ပင်၊ ကံ့ကော်ပင်၊ ကြောင်လျှာပင်၊ ထင်းရှူးပင်၊ ကြတ်ဝါးပင်၊ စကားပင်၊ ပိတောက်ပင်၊ သရက်ဖြူပင်၊ အင်းကြင်းပင်၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင်နှင့် ညောင်ဗုဒ္ဓဟေပင် စသည်တို့အောက်တွင် ဘုရားရှင်တို့ ပွင့်တော်မူခဲ့ ကြသည်ဟု ဖော်ပြထားသည်။

သစ်ပင်တစ်ပင်ကို စိုက်၍ ချက်ချင်းခူးယူစားသုံးရန် မဖြစ်နိုင်ပါ။ သို့သော် ကျွန်ုပ်တို့၏ ဘိုးဘေးများ စိုက်ပျိုးခဲ့သော သစ်ပင်များမှ အသီးအပွင့်များကို ယခု ကျွန်ုပ်တို့ စားသုံးနေကြရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကလည်း အနာဂတ်မျိုးဆက်တို့အတွက် သစ်ပင်များကို ရှင်သန်ပွားများအောင် စိုက်ပျိုးသင့်ပေသည်။

လုပ်ငန်း (၃) မေးခွန်းပေး၍ အနှစ်ချုပ်ခြင်း။

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးပြီး ကလေးများဖြေဆိုသော အချက်များအပေါ်မူတည်၍ ရည်ရွယ်ချက်အတိုင်း ရရှိအောင် အနှစ်ချုပ်ပေးပါ။

-ဗုဒ္ဓဘုရားရှင် အဆူဆူတို့ ပွင့်ထွန်းရာ သစ်ပင်မှန်သမျှကို ဘယ်လို ခေါ်ဆိုသလဲ။
-ဗုဒ္ဓတရားတော်များအရ အမြဲထာဝရ ကုသိုလ်တွေထဲမှာ ဘယ်လိုအလှူဒါနတွေ ပါဝင်သလဲ။
-သစ်ပင်တွေက လူသားတွေကို ဘယ်လိုအကျိုးပြုသလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သစ်ပင်စိုက်ပျိုးရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို ဖော်ထုတ်တတ်ပြီး လက်တွေ စိုက်ပျိုးတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) လုပ်ငန်းပေးဆွေးနွေးခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို ခြောက်ယောက်စီပါသော အုပ်စုများ ဖွဲ့ပါ။

֍ အုပ်စုတစ်စုစီက မိမိတို့၏ (ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဓမ္မစကူးလ်ကျောင်း၊ စာသင်ကျောင်း၊ ရပ်ရွာ စသည်)ကို အပေါ်စီးမှ မြင်ရသော စနစ်ပုံ (မြေပုံ)ကို စာရွက်လွတ်တွင် ရေးဆွဲကြပါစေ။

֍ ပြီးလျှင် ဆွဲထားသောစနစ်ပုံ (မြေပုံ)ကို စိမ်းလန်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်စေရန် မြေနေရာလွတ်များတွင် မိမိတို့စိုက်ချင်သော အပင်များကို ထည့်သွင်းရေးဆွဲကြပါစေ။

֍ ထို့နောက် မိမိတို့အဖွဲ့ ဆွဲထားသောမြေပုံကို သင့်လျော်သောနေရာတွင် ကပ်ထားပြီး ထိုစနစ်ပုံကို အခြားသူ များအား ရှင်းပြရန်အတွက် ကိုယ်စားလှယ်တစ်ဦးစီ ရပ်နေပါစေ။ အုပ်စုကိုယ်စားလှယ် မဟုတ်သူများက အခြားအဖွဲ့များ၏ မြေပုံများကို လိုက်လံကြည့်ရှုကြ၍ မိမိတို့သိလိုသော အချက်များကို မေးမြန်းဆွေးနွေးကြပါစေ။

֍ ကလေးများအားလုံး ကြည့်ရှုဆွေးနွေးပြီးသောအခါ ဆရာက ကလေးများအား မိမိတို့စိုက်ချင်သော အပင်များကို (ဇူလိုင်လ ၂၅-ရက်၊ သစ်ပင်စိုက်ပျိုးရေးနေ့တွင်) အမှန်တကယ် စိုက်ပျိုးရန် မှာကြားပါ။ (ဇူလိုင်လ ၂၅-ရက်နေ့နှင့်အနီးဆုံး ဓမ္မစကူးလ်နေ့တွင် ဤသင်ခန်းစာကို သင်ပါ။ သင်ခန်းစာသင်ပြီးလျှင် ဆရာနှင့် ကလေးများအားလုံး အနည်းဆုံး သစ်ပင်တစ်ပင်စီ စိုက်ပျိုးကြပါ။)

လုပ်ငန်း (၄) ကဗျာရွတ်ဆို၍ အနှစ်ချုပ်ခြင်း။

(၂၀ မိနစ်)

֍ အောက်ပါကဗျာကို ကလေးများအားလုံး ရွတ်ဆိုကြပါစေ။

ကမ္ဘာကြီးအေးမြ

သစ်ပင်စိုက်ဖို့ ညီထွေးရယ်
အရိပ် ရပါတယ်၊
အသီးစားမယ် ဆိုပါတော့၊
ချိုချဉ် စုံလှပါ့။
တောင်ကုန်းမော့မော့ မြေပြောင်ပြောင်၊
မိုးမရွာဘဲ ခေါင်း
မိုးခေါင်တဲ့အခါ နေရှိန်ပြင်း၊
သောက်ရေ သုံးရေကင်း၊
လယ်ယာမြေတွင်း ခြောက်ကာလေ၊
ပပ်ကြား အက်လို့နေ။
တောကောင်လေးတွေ သေကျေကြ
အိုးအိမ် မဲ့နေရ။
စိုက်ကြပျိုးကြ သစ်ပင်တွေ၊
နေရာ အနှံ့လေ၊
မြေဆီလွှာကို ထိန်းသိမ်းမှ၊
သတ္တဝါတွေ ချမ်းသာကြ၊
ကမ္ဘာကြီး အေးမြ၊
(မောင်မောင်ငြိမ်းအေး)

֍ ကဗျာရွတ်ဆိုပြီးလျှင် ဆရာက အောက်ပါမေးခွန်းကို မေးပါ။

-ဒီကဗျာလေးထဲက ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို သိရှိသွားသလဲ။

֍ ကလေးများပြောပြီးလျှင် ဆရာက “‘သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ သစ်ပင်တွေကို စိုက်ကြစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆရာတို့အားလုံး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်အောင် သစ်ပင်တွေကို စိုက်ပျိုးကြမယ်၊ စိုက်ပျိုးပြီးတဲ့ သစ်ပင်တွေကိုလည်း အမြဲရှင်သန်နေအောင် ထိန်းသိမ်းစောင့်ရှောက်သွားကြမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။