သဗ္ဗညုဂူဘုရား (ဆရာ)

348394ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၂။ သဗ္ဗညုဂူဘုရား(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

သင်ခန်းစာခေါင်းစဉ်။ ။ သဗ္ဗညုဂူဘုရား

ယေဘုယျရည်ရွယ်ချက်။ ။ သဗ္ဗညုဂူဘုရား၏ ထူးခြားချက်များကို သိရှိပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ သဗ္ဗညုဂူဘုရား၏ ထူးခြားချက်များကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို ကလေးများနှင့် ဆွေးနွေးပါ။

-ပုဂံဘုရားစေတီတွေထဲက သားတို့သမီးတို့ ကြားဖူးတဲ့ ဘုရားစေတီတွေရဲ့ အမည်တွေကို ပြောပြပါ။

֍ ကလေးများ ပြောပြသော ပုဂံဘုရားစေတီအမည်များကို သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။ ကလေးများ ပြောပြသော အမည်များတွင် သဗ္ဗညုဂူဘုရား မပါလျှင် ဆရာက ထိုဘုရားအမည်ကို ဖြည့်စွက်ပေးပါ။ ထို့နောက် ကလေးများအား သဗ္ဗညုဂူဘုရားနှင့် ပတ်သက်၍ သိထားသောအချက်များကို မေးမြန်းပြီးနောက်ထပ် သိချင်သောအရာများရှိပါက မှတ်စုစာအုပ်တွင် ရေးမှတ်ကြပါစေ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့လုပ်ငန်းပေးခြင်း။

(၂၅ မိနစ်)

֍ ကလေးများအားလုံး သဗ္ဗညုဂူဘုရားအကြောင်းကို အစအဆုံး ဖတ်ကြပါစေ။

သဗ္ဗညုဂူဘုရား

မွန်မွန်နှင့် ကိုကိုတို့မိသားစုသည် သီတင်းကျွတ်ကျောင်းပိတ်ရက်၌ ပုဂံသို့ ဘုရားဖူးထွက်ခဲ့ကြသည်။ “မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်”ဆိုသော စကားကြောင့် မွန်မွန်တို့မောင်နှမ ပုဂံကို ရောက်ဖူးချင်ကြသည်။ ယခု ဆန္ဒပြည့်ဝ၍ မွန်မွန်တို့ ပျော်နေကြသည်။

ပုဂံရှိ ဘိုးဘွားယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ဘုရားစေတီများနှင့် အနုပညာလက်ရာများကို မွန်မွန်တို့ဖေဖေက ရှင်းပြပေးသည်။ ရွှေစည်းခုံနှင့် အာနန္ဒာဘုရားကို ဖူးမြော်ပြီးနောက် သဗ္ဗညုဂူဘုရား အရောက်တွင်

မွန်မွန်။ ။ ဖေဖေ သဗ္ဗညုဂူဘုရားကို ဘယ်သူတည်ခဲ့တာလဲ။

ဖေဖေ။ ။ သဗ္ဗညုဂူဘုရားကို အလောင်းစည်သူမင်းကြီးက မြန်မာသက္ကရာဇ် ၄၈၆ ခုနှစ်မှာ တည်ထား ကိုးကွယ်ခဲ့တယ်။ သဗ္ဗညုဂူဘုရားဟာ အလောင်းစည်သူမင်းကြီး တည်ထားခဲ့တဲ့ စေတီ ၁၅ ဆူထဲက တစ်ဆူပေ သမီးရဲ့။ သဗ္ဗညုဂူဘုရားကြီးကို ဘုရားရှင်လက်ထက်က ဝိသာခါကျောင်းအမကြီး ဆောက်လုပ်လှူဒါန်းခဲ့ ပုဗ္ဗာရုံကျောင်းတော်ကြီးရဲ့ ပုံသဏ္ဌာန်ကို ယူပြီး ၁၁-နှစ်ကြာအောင် တည်ခဲ့ရတယ်။

ကိုကို။ ။ ဘာဖြစ်လို့ သဗ္ဗညုလို့ ခေါ်တာလဲ ဖေဖေ။

ဖေဖေ။ ။ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ အလုံးစုံသိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်ကို ပူဇော် အနေနဲ့ တည်ထားခဲ့လို့ ‘သဗ္ဗညု’ ဘုရားလို့ ခေါ်ဝေါ်သမုတ်ခဲ့တာဖြစ်တယ်။

မွန်မွန်။ ။ ဘုရားကြီးကတော်တော်မြင့်တယ်နော် ဖေဖေ။ ပုဂံဘုရားတွေထဲမှာ အမြင့်ဆုံးလား။

ဖေဖေ။ ။ ဟုတ်တယ်သမီး။ ပုဂံဘုရားဝတွေနဲ့ ပတ်သက်ပြီး ထုတွင် ဓမ္မရံ၊ ဉာဏ်တွင် သဗ္ဗညု၊ အနုတွင် အာနန္ဒာ၊ တန်ခိုးတွင် ရွှေစည်းခုံလို့ အဆိုရှိတယ်။ ထုထည်အကြီးမားဆုံးက ဓမ္မရံကြီးဘုရား၊ ဉာဏ်တော် အမြင့်ဆုံးက သဗ္ဗညုဂူဘုရား၊ အနုပညာလက်ရာအပြောင်မြောက်ဆုံးက အာနန္ဒာဘုရားကြီး၊ တန်ခိုးအကြီးဆုံး က ရွှေစည်းခုံဘုရားကြီးလို့ ဆိုကြတာပေါ့။

မွန်မွန်။ ။ ပုဂံမှာ အမြင့်ဆုံးဘုရားဆိုတော့ ဉာဏ်တော် ဘယ်လောက်မြင့်တယ်ဆိုတာ သမီး သိချင်တယ် ဖေဖေ။ အာနန္ဒာဘုရားကြီးနဲ့ ဘယ်လောက်ဝေးလဲ။

ဉာဏ်တော်အမြင့်က ဖိနပ်တော်ကနေ ငှက်မြတ်နားတော်အထိ ၂၁၀ ပေ ရှိတယ်။ ပုဂံမှာ ဉာဏ်တော်အမြင့်ဆုံးဘုရားဖြစ်တော့ အခြားစေတီပုထိုးတွေကို လွှမ်းမိုးနေသလို ရှိနေတဲ့အတွက် ပုဂံမျှော်စင်လို့လည်း ခေါ်ကြတယ်။ ဒီဘုရားက အာနန္ဒာဘုရားကြီးရဲ့ အနောက်တောင်ဘက် ကိုက် ၅၀၀ လောက် အကွာမှာ ရှိတယ်။

ထို့နောက် မွန်မွန်တို့မိသားစုသည် ဘုရားအတွင်းသို့ ဝင်ရောက်ဖူးမြော်ကြည်ညိုကြသည်။

ကိုကို။ ။ ဖေဖေရေ ... သားတို့ အပြင်ကကြည့်တော့ နှစ်ထပ်ဂူဘုရားကြီး ပုံသဏ္ဌာန် တည်ထား တယ်လို့ ထင်ရပေမယ့် အထဲဝင်ကြည့်တော့မှ အဆင့်ငါးဆင့်တောင် ရှိနေပါလား၊

ဖေဖေ။ ။ ဟုတ်တယ် သားရဲ့၊ ပထမအဆင့်နဲ့ ဒုတိယအဆင့်က ရဟန်းတော်တွေ သီတင်းသုံး ဖို့ဖြစ်ပြီး တတိယအဆင့်မှာတော့ ရုပ်ပွားတော်တွေကို ထားရှိတယ်။ စတုတ္ထအဆင့်ကို ပိဋကတ်တိုက်အတွက် အသုံးပြုပြီး ပဉ္စမအဆင့်မှာတော့ နိုင်ငံအသီးသီးက ဆက်သတဲ့ ဓာတ်တော်တွေကို ဌာပနာပြီး စေတီတည်ထားတယ်လေ။

မွန်မွန်။ ။ ဖေဖေ...အထပ်တိုင်းမှာ ကျယ်ပြန့်တဲ့ စင်္ကြံပတ်လမ်းတွေ ရှိတယ်ဆိုတာ ဟုတ်လား။

ဖေဖေ။ ဟုတ်တယ်သမီး၊ အရင်တုန်းကတော့ စတုတ္ထထပ်စင်္ကြံပတ်လမ်းကနေ ပုဂံတစ်ဝိုက်က ရှုခင်း တွေနဲ့ ပုဂံရဲ့ နေဝင်ဆည်းဆာ အလှကို ကြည့်ရှုခံစားနိုင်တယ်။

ကိုတို့နှင့် မွန်မွန်။ ။ အခု တက်ကြည့်လို့မရဘူးလား ဖေဖေ။

ဖေဖေ။ ။ ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အပေါ်ကို တက်ရောက်ဖူးမြော်ခွင့် မပြု တော့ဘူး။ ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှု၊ ဂေါပကအဖွဲ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပေါင်းစပ်ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြလို့ ယနေ့တိုင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးများ လေ့လာကြည်ညိုနေကြရတာပေါ့။ အပြင်နံရံမှာရှိတဲ့ အင်္ဂတေပန်းတွေကတော့ ခေတ်အဆက်ဆက် ကုသိုလ်ရှင် တွေက ထုံးသုတ်ခဲ့ကြလို့ မရှိတော့ဘူး။

ကိုကို။ ။ ဘာဖြစ်လို့ ထုံးသုတ်တာလဲ ဖေဖေ။

‌‌ဖေဖေ ။ ။ ကြည်ညိုဖွယ် ဖြစ်စေချင်လို့ပေါ့။ ရှေးဟောင်း အနုပညာလက်ရာတွေရဲ့ တန်ဖိုးကို နားမလည် ကြလို့ဘဲ။ သာသနာရေးကိစ္စတွေ လုပ်တဲ့အခါမှာ သဒ္ဓါကောင်းပေမယ့် ပညာဆင်ခြင်ဉာဏ် မပါရင် အကျိုးမဲ့ ဖြစ်တတ်တယ်ဆိုတာ မီးမောင်းထိုးပြတဲ့ သမိုင်းသာဓက တစ်ခုပေါ့။ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းသင့်တယ်။

ဤသို့ဖြင့် မွန်မွန်တို့မိသားစုသည် ဘုရားဝတ်ပြုပြီး ဘုရားအတွင်းမှ ထွက်လာစဉ် ဘုရားကြီးနှင့် ကပ်လျက်တွင်ရှိသော ဘုရားတစ်ဆူကို ကြည့်၍ မွန်မွန်က ပေးသည်။

မွန်မွန်။ ။ ဖေဖေ ... အဲဒါ ဘာဘုရားလဲ။

ဖေဖေ။ ။ အဲဒါ “ဂရို့ ဂျိုးဘုရား”လို့ ခေါ်တယ်၊ သဗ္ဗညုဂူဘုရားကြီး တည်တဲ့အခါ အုတ်ဖိုတစ်ဖိုကို အုတ်တစ်သောင်းဖုတ်တယ်။ အုတ် ဘယ်နဖို ဖုတ်ရတယ်ဆိုတာ မှတ်သားဖို့အတွက် အုတ် တစ်သောင်းပါ အုတ်ဖိုတစ်ဖိုကနေ တစ်ချပ်စီနတ်ပြီး မှတ်သားတာကို ဂရို့ ချိုးတယ် (တာလီချိုးတယ်) လို့ ခေါ်တယ်။ အဲဒီ ဂရို့ချိုး(တာလီချိုး)ထားတဲ့ အုတ်တစ်ချပ်စီကို စုပြီး တည်ထားတဲ့ဘုရားဖြစ်လို့ ဂရို့ ချိုးဘုရားလို့ ခေါ်တာ သမီးရဲ့၊

မွန်မွန်။ ။ ဒီဘုရားကြီးကို အုတ်တွေအများကြီးနဲ့ တည်ထားခဲ့တယ်ဆိုတာ ဂရို့ချိုးဘုရားက သက်သေပြ နေတာပေါ့နော်။

ဖေဖေ။ ။ ဟုတ်တာပေါ့ သမီးရဲ့။ ဒီဂရို့ ချိုးဘုရားဟာလည်း သဗ္ဗညုဂူဘုရားကြီးနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေထဲက တစ်ခုပေါ့။

မွန်မွန်။ ။ ဒီကပြန်ရောက်ရင် သမီးရဲ့ သူငယ်ချင်းတွေကို ဘုရားဖူးအတွေ့အကြုံတွေ ပြန်ပြော ပြရမယ်။ ပြီးတော့ မြန်မာတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးရာ ပုဂံမြေမှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး အနုပညာလက်ရာမြောက်လှတဲ့ သဗ္ဗညုဂူဘုရားကြီးကို သွားရောက်ဖူးမြော်ကြဖို့ တိုက်တွန်းရမယ်။

မှီငြမ်း။ ။ သဗ္ဗညုဘုရား၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၃၊ ၃၅၆-၃၅၇။

֍ သဗ္ဗညုဂူဘုရားနှင့်ပတ်သက်၍ ကလေးများ သိချင်သော အရာများမှ ကျန်ရှိနေသေးသော အချက်များကို ဆရာက မေးမြန်း၍ ရှင်းပြပေးပါ။

֍ ဖတ်ပြီးလျှင် ကလေးများကို အုပ်စု(၅) စု ဖွဲ့ပါ။ အုပ်စုတစ်စုစီမှ ဇာတ်လမ်းပါ ဇာတ်ကောင်များအတိုင်း သရုပ်ဆောင်နိုင်ရန် အချင်းချင်း ဆွေးနွေးထားကြပါစေ။

֍ ထို့နောက် ဆရာက နောက်ခံစကားပြောသူ၊ ဖေဖေ၊ မေမေ၊ ကိုကို၊ မွန်မွန် ဟုရေးသားထားသော မဲလိပ် (၅) လိပ်ကို အုပ်စု(၅) စုအား မဲနှိုက်၍ ရွေးချယ်ပေးပါ။

֍ မဲလိပ်ရပြီးလျှင် မိမိတို့အုပ်စုမှ သရုပ်ဆောင်မည့် ကိုယ်စားလှယ်တစ်ဦးစီကို ရွေးပါ။ မိမိအုပ်စုမှ သရုပ်ဆောင်မည့်သူကို ဇာတ်ကောင်၏ ပြောဆိုရမည့်စကား၊ သရုပ်ဆောင်ရမည့် အမူအရာတို့နှင့် ပတ်သက်၍ ကျန်အုပ်စုဝင်များက အကြံပြုကြပါစေ။

လုပ်ငန်း (၃) သရုပ်ဆောင်ခြင်းနှင့် ကြည့်ရှုလေ့လာခြင်း။

(၂၀ မိနစ်)

֍ သရုပ်ဆောင် (၅) ဦးတို့က ရှေ့သို့ထွက်၍ မိမိသရုပ်ဆောင်ရမည့် ဇာတ်ကောင်အမည်ကို မိတ်ဆက်ကြ ပါစေ။ ပြီးနောက် သရုပ်ဆောင်ကြပါစေ။

֍ သရုပ်ဆောင် (၅) ဦး သရုပ်ဆောင်နေစဉ် ပြောဆိုသည့်စကား၊ သရုပ်ဆောင်သည့် အမူအရာနှင့် သဘာဝ ကျမှုတို့ကို ကျန်အုပ်စုဝင်များက သေချာစွာ ကြည့်ရှုနားထောင်ကြပါစေ။

֍ သရုပ်ဆောင်ပြီးလျှင် ကြည့်ရှုနားထောင်ထားသူ အုပ်စုဝင်များအချင်းချင်း တစ်ဦးက တင်ပြပါစေ။ (ကျန်ကိုယ်စားလှယ်များက မတူသော အချက်များကိုသာ တင်ပြကြပါစေ။)

လုပ်ငန်း (၄) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ အောက်ပါမေးခွန်းကို မေး၍ ရည်ရွယ်ချက်နှင့် ချိတ်ဆက် အနှစ်ချုပ်ပေးပါ။

-သဗ္ဗညုဂူဘုရားကြီးဟာ ဘယ်အချက်တွေကြောင့် ထူးခြားတာလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများနှင့် အနုပညာလက်ရာများကို တန်ဖိုးထား၍ ထိန်းသိမ်းနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ နားလည်သည့်အတိုင်း ပြောကြပါစေ။

-ဘာကြောင့် သဗ္ဗညုဂူဘုရားလို့ခေါ်တာလဲ။
-သဗ္ဗညုဂူဘုရားကြီး တည်ထားတာ နှစ်ပေါင်းဘယ်လောက်ရှိသွားပြီလဲ။
-ဘာကြောင့် သဗ္ဗညုဂူဘုရားပေါ်တက်ခွင့် မပြုတော့တာလဲ။

လုပ်ငန်း (၂) လုပ်ငန်းအပေး ဆွေးနွေးခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့၍ အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေးကြပါ။

-ဘုရားစေတီပုထိုးတွေ၊ သာသနိက အဆောက်အအုံတွေကို မူလလက်ရာမပျက်ဘဲ ရေရှည်တည်တံ့ အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ကြမလဲ။ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမလဲ။

֍ ဆွေးနွေးမှုရလဒ်များကို အောက်ပါပုံစံအတိုင်း ရေးသားတင်ပြကြပါစေ။ ကလေးများ ဆွေးနွေးနေစဉ် ဆရာက လှည့်လည်ကြည့်ရှု၍ ကူညီပံ့ပိုးပေးပါ။

ပြုပြင်ထိန်းသိမ်းမည့်နည်းလမ်း အကျိုးကျေးဇူး

֍ ကလေးများ ဆွေးနွေးရေးသားပြီးသောအခါ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါ။ ကိုယ်စားလှယ်တစ်ဦး တင်ပြပြီးလျှင် မရှင်းသောအချက်များရှိပါက ဆရာနှင့် အခြားအုပ်စုများက မေးမြန်းဆွေးနွေးကြပါစေ။

လုပ်ငန်း (၃) မေးခွန်းပေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

-ဒီသင်ခန်းစာကနေ ဘာတွေ သင်ယူရရှိသွားသလဲ။

֍ ထို့နောက် ဆရာက “ဘုရားစေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေဟာ ဘယ်လောက် သမိုင်းတန်ဖိုးကြီးမားတယ်ဆိုတာ သိခဲ့ကြပြီ၊ ဒါကြောင့် ဒါတွေကို တန်ဖိုးထားကြရမယ်၊ မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရမယ်၊ အခုဆွေးနွေး တင်ပြ သွားတဲ့ နည်းလမ်းတွေနဲ့ ရှေးဟောင်းဘုရားတွေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက် နိုင်အောင် ကြိုးစားသွားကြမယ်၊ ဒီလိုထိန်းသိမ်းစောင့်ရှောက်မှသာ နောင်လာမယ့် အနာဂတ် မျိုးဆက်သစ် တွေဟာ ဘုရားစေတီတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ပူဇော် ကြည်ညိုခွင့် ရကြမှာ ဖြစ်တယ်၊ ပြီးတော့ ကိုယ့်နိုင်ငံဟာ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါ်ကြွယ်ဝတဲ့နိုင်ငံအဖြစ် ဆက်လက်ဂုဏ်ယူနိုင်မှာ ဖြစ်တယ်၊ အရေးကြီးဆုံးက ဘုရားစေတီပုထိုးတွေ၊ သာသနိက အဆောက် အအုံတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့အခါမှာ ကြည်ညိုရုံ သဒ္ဓါတရား ရှိရုံသာမက ပညာနဲ့ ဆင်ခြင်ပြီး ရှေးမူလက်ရာတွေ မပျက်ယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုတယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။