သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ (ဆရာ)

348301ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃။ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

သင်ခန်းစာခေါင်းစဉ်။ ။ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ

သင်ယူမှုဦးတည်ချက်။ ။ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ အကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား၎င်းတို့၏ ငယ်ဘဝနှင့်ပတ်သက်၍ ထူးထူးခြားခြား မှတ်မိသည့်အချက်များကို မေးမြန်းပါ။

֍ ထို့နောက် ဆရာက “ကလေးတို့မှာလည်း ငယ်စဉ်ကလေးဘဝ ရှိခဲ့သလို ဆရာတို့ ဘုရားအလောင်းတော်မှာလည်း ငယ်စဉ်ကလေးဘဝ ရှိခဲ့တယ်”ဟု ပြော၍ ဘုရားအလောင်း ငယ်စဉ်ကလေးဘဝနှင့် ပတ်သက်ပြီး မည်ကဲ့သို့သော ထူးခြားမှုများရှိသည်ကို အောက်ပါအတိုင်း မေးမြန်းပါ။ မှတ်မိသလောက် ပြောကြပါစေ။

-ဘုရားအလောင်းမွေးပြီးပြီးချင်း ဘာလုပ်ပါသလဲ။ (ခြေလှမ်းခုနစ်လှမ်းနှင့် စကားကြီးသုံးခွန်း)
-ဘုရားအလောင်း မင်းသားငယ်ကို ဘယ်သူတွေက ရှိခိုးကြသလဲ။
-လယ်ထွန်မင်္ဂလာ ကျင်းပနေစဉ် သပြေပင်ကြီးအောက်မှာ ဘုရားအလောင်း မင်းသားငယ် ဘာလုပ်နေတာကို တွေ့ရသလဲ။

֍ ထို့နောက် ကျောင်းသားကိုင်စာအုပ်ပါ ရုပ်ပုံများကို ပြ၍ ဘုရားအလောင်းငယ်စဉ် ကလေးဘဝအကြောင်းကို ကလေးများအား မေးပါ။

-ဒီပုံထဲမှာ ပါတဲ့သူတွေကို ဘယ်သူတွေလို့ထင်လဲ။ သူတို့ ဘာတွေလုပ်နေကြလဲ။ (ဆရာက ပုံများကို ကြည့်၍ အခြားသင့်လျော်သော မေးခွန်းများကိုလည်း မေးနိုင်ပါသည်။)

֍ “ဒီအကြောင်းအရာတွေကို နောက်စာသင်ချိန်မှာ ဆက်လက်လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝအကြောင်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

֍ ထို့နောက် ဆရာက ကျောင်းသားကိုင်စာအုပ်ပါ ရုပ်ပုံများဖြင့် ချိတ်ဆက်ပြသ၍ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေး ဘဝအကြောင်းကို ထပ်မံဖြည့်စွက်ပြောကြားပါ။

သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝ

ဘုရားအလောင်းတော်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်ဆည်းပူးတော်မူပြီး ဘုရားဖြစ်ရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်တော်မူခဲ့ပါတယ်။ နောက်ဆုံး ဘဝမှာ ကပိလဝတ်ပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့ သုဒ္ဓေါဒနဘုရင်နဲ့ မာယာဒေဝီတို့က ဖွားမြင်တော်မူခဲ့ပါတယ်။ ဖွားမြင်တဲ့နေရာက ကပိလဝတ်နဲ့ ဒေဝဒဟနှစ်ပြည်ထောင်အကြားမှာရှိတဲ့ လုမ္ဗိနီ အင်ကြင်းတော ဖြစ်ပါတယ်။ ဘုရားအလောင်းတော်ဟာ မွေးဖွားပြီးပြီးချင်း မြောက်အရပ်ဘက်ကို ခြေလှမ်းခုနစ်လှမ်း ကြွလှမ်းတော်မူပါတယ်။ ခြေလှမ်းခုနစ်လှမ်း ကြွလှမ်းတော်မူပြီး စကားကြီးသုံးခွန်းကိုလည်း ကြွေးကြော်ခဲ့ပါတယ်။ အဲဒီစကားကြီးသုံးခွန်း ကတော့ ...

၁။ လောကတွင် ငါသာ အမြတ်ဆုံး၊
၂။ လောကတွင် ငါသာ အကြီးဆုံး၊
၃။ လောကတွင် ငါသာ အချီးမွမ်းအပ်ဆုံး တို့ဖြစ်ပါတယ်။

ဘုရားအလောင်းတော်ရဲ့ မယ်တော်မာယာဒေဝီဟာ အလောင်းတော်ကို မွေးဖွားပြီးနောက် ခုနစ်ရက်မြောက် နေ့မှာ ကွယ်လွန်သွားခဲ့တယ်။ ဒါကြောင့် မာယာဒေဝီရဲ့ ညီမတော် မဟာပဇာပတိဂေါတမီက သားအရင်းပမာ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဘုရားအလောင်းတော်ဟာ ပါရမီတော်တွေကို သူမတူအောင် ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက် မွေးဖွားရာမှာလည်း အများနဲ့မတူ ထူးခြားတဲ့အဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့တယ်။

ထိုစဉ်က ဘုရင်သုဒ္ဓေါဒန ကိုးကွယ်တဲ့ အသိတလို့ခေါ်တဲ့ တန်ခိုးကြီးတဲ့ ကာဠဒေဝိလ ရသေ့ကြီးတစ်ပါး ရှိပါတယ်။ သူဟာ ထူးခြားတဲ့ မင်းသားလေးတစ်ပါး မွေးဖွားလာတဲ့ သတင်းကို ကြားတဲ့အတွက် နန်းတော်ကို ကြွလာ ခဲ့တယ်။ ဘုရင်သုဒ္ဓေါဒနဟာ ရသေ့ကြီးကို ဦးချဖို့ရန် သားတော်လေးကို ခေါ်လာတယ်။ ရသေ့ကြီးရှေ့ ရောက်တဲ့ အခါ သားတော်လေးရဲ့ ခြေတော်အစုံဟာ ရသေ့ကြီးရဲ့ ဦးခေါင်းထက်မှာ တည်နေခဲ့တယ်။ အဲဒီအဖြစ်အပျက်ကို တွေ့မြင်ရတဲ့ မင်းမှူးမတ် ပရိသတ်တွေအားလုံးအံ့ဩငေးမောသွားကြတယ်။ အနာဂတ်ကို ကြိုတင်သိမြင်တဲ့ ရသေ့ ကြီးဟာ ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်ကြောင့် မင်းသားငယ်လေးကို လက်အုပ်ချီမိုး ရှိခိုးဦးချလိုက်ပါတယ်။ ရသေ့ကြီးကိုယ်တိုင် ဦးချနေတာကို တွေ့မြင်လိုက်ရတဲ့ သုဒ္ဓေါဒနမင်းကြီးလည်း မနေနိုင်တော့ဘဲ သားတော်လေးကို ရှိခိုးမိသွားတယ်။

မွေးဖွားပြီး ငါးရက်မြောက်နေ့မှာ ဘုရားအလောင်းတော်ကို “သိဒ္ဓတ္ထ”လို့ အမည်ပေးခဲ့ကြတယ်။ “သိဒ္ဓတ္ထ”ရဲ့ အဓိပ္ပာယ်က “အကျိုးစီးပွားကို ပြီးမြောက်စေသူ”လို့ ဆိုလိုပါတယ်။ အမည်ပေးမင်္ဂလာပွဲမှာ ဗေဒင်လက္ခဏာ ကျွမ်းကျင်တဲ့ ပညာရှိတွေကို ပင့်ဖိတ်ပြီး ဘုရားအလောင်းတော် မင်းသားလေးရဲ့ လက္ခဏာတော်တွေကို ကြည့်ရှု စစ်ဆေးစေတယ်။ ပညာရှိတွေက “မင်းသားလေးဟာ လူ့ဘဝနဲ့နေရင် ကမ္ဘာကိုအုပ်စိုးတဲ့ စကြဝတေးမင်း ဖြစ်လိမ့်မယ်။ တောထွက်ရဟန်းပြုရင် ဘုရားဖြစ်လိမ့်မယ်”လို့ စကားနှစ်ခွ ပြောကြတယ်။ ဒါပေမဲ့ အသက်အငယ်ဆုံးပညာရှိ ကောဏ္ဍညက လက်တစ်ချောင်းတည်းထောင်ပြီး “မင်းသားလေးဟာ ဧကန်စင်စစ် ဘုရားဖြစ်လိမ့်မယ်”လို့ တထစ်ချ ဟောပြောလိုက်ပါတယ်။

ဘုရားအလောင်းတော်ရဲ့ ငယ်စဉ်ကလေးဘဝမှာ ထူးခြားတဲ့အဖြစ်အပျက်တွေထဲက လူသိများတဲ့ အဖြစ် အပျက်တစ်ခု ရှိပါတယ်။ ကပိလဝတ်ပြည်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လယ်ထွန်မင်္ဂလာပွဲမှာ ဖခင်သုဒ္ဓေါဒနနဲ့ မင်းညီ မင်းသားတို့ဟာ မင်းသားလေးကို အထိန်းတော်များနဲ့ ထားခဲ့ပြီး လယ်ထွန်မင်္ဂလာပွဲကို ဆင်နွှဲနေကြတယ်။ အထိန်းတော်တွေကလည်း လယ်ထွန်မင်္ဂလာပွဲကို ကြည့်ချင်လို့ မင်းသားလေးကို (ဇမ္ဗူ)သပြေပင်အောက်မှာ သိပ်ထားခဲ့ကြတယ်။ အဲဒီအချိန်မှာ ဘုရားအလောင်းတော် မင်းသားလေးဟာ တင်ပျဉ်ခွေထိုင်ကာ ထွက်သက် ဝင်သက် တရားရှု မှတ်နေရာ ချစ်ခင်ကြည်ညိုဖွယ် အသွင်သဏ္ဌာန် ဖြစ်နေခဲ့တယ်။ ပြန်ရောက်လာတဲ့ အထိန်းတော်တွေလည်း အဲဒီ မြင်ကွင်းကို တွေ့ရပြီး ဘုရင်ကြီးဆီကို သတင်းပို့ကြတယ်။ ဖခင်သုဒ္ဓေါဒနမင်းကြီးဟာ သားတော်လေးရဲ့ ထူးဆန်းတဲ့ မြင်ကွင်းကြောင့် ဒုတိယအကြိမ်မြောက်အနေနဲ့ သားတော်လေးကို လက်အုပ်ချီမိုးကာ ရှိခိုးဦးချမိပါတယ်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၁၂၁။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားအလောင်းတော်ရဲ့ မိခင်ဖခင်တွေက ဘယ်သူတွေလဲ။
-ဘုရားအလောင်းတော်ဟာ မွေးဖွားပြီးပြီးချင်း ဘယ်လိုကြွေးကြော်ခဲ့သလဲ။
-မိခင်မာယာဒေဝီ နတ်ရွာစံတော့ ဘုရားအလောင်းတော်ကို ဘယ်သူက ကျွေးမွေးပြုစုခဲ့သလဲ။
-ဘုရားအလောင်းတော်ကို ဘယ်လို နာမည်ပေးသလဲ။
-သိဒ္ဓတ္ထရဲ့အဓိပ္ပာယ်က ဘာလဲ။
-သိဒ္ဓတ္ထမင်းသားလေးကို ဗေဒင်ပညာရှိတွေက ဘယ်လို နိမိတ်ဖတ် ဟောပြောပေးသလဲ။
-ဘုရားအလောင်းငယ်စဉ်ဘဝမှာ ထူးခြားတဲ့အဖြစ်အပျက်တွေက ဘာတွေလဲ။
-ဖခင်သုဒ္ဓေါဒနမင်းကြီးက သိဒ္ဓတ္ထမင်းသားလေးကို ဘာကြောင့် ရှိခိုးတာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ သိဒ္ဓတ္ထမင်းသား ငယ်စဉ်ကလေးဘဝနှင့် ပတ်သက်၍ ထပ်မံသိရှိသော အကြောင်းအရာအသစ်များကို မေးမြန်းပါ။

֍ ထို့နောက် ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ အုပ်စုတိုင်းအား စာရွက်လွတ်များ ဝေပါ။

֍ သိဒ္ဓတ္ထမင်းသားလေး၏ သာမန်လူသားများနှင့် မတူသော ထူးခြားချက်များကို ရှာဖွေစဉ်းစားကြစေကာ စာရွက် ပေါ်တွင် ရေးကြပါစေ။

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ရေးထားသည်များကို ပြောပြကြပါစေ။

֍ အုပ်စုကိုယ်စားလှယ်များ ပြောပြသွားသည်များကို မှတ်သားထားပြီး လိုအပ်သောအချက်များကို ဖြည့်စွက်ပေး၍ အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သိဒ္ဓတ္ထမင်းသားရဲ့ ငယ်စဉ်ကလေးဘဝအကြောင်းနဲ့ သူ့ရဲ့ သာမန်လူများနဲ့မတူတဲ့ ထူးခြားချက်တွေကိုလည်း လေ့လာပြီးသွားပြီ။ အဲဒီထူးခြားချက်တွေထဲက သားတို့သမီးတို့ စိတ်ဝင်စားဆုံးအချက်ကို စာရွက်ပေါ်မှာ ရေးပေး ပါ။ ရေးပြီးရင် ဘာကြောင့် အဲဒီအချက်ကို စိတ်ဝင်စားသလဲဆိုတာကို စဉ်းစားပြီး ပြောပြကြရမယ်”ဟု ပြောပြီး ကလေးများအား စာရွက်ပိုင်းတစ်ခုစီ ဝေပေးပါ။

֍ ထို့နောက် ကလေးတစ်ဦးစီအား အတန်းရှေ့ထွက်၍ မိမိရေးသားထားသော စာရွက်တွင် ပါဝင်သည့် အကြောင်းအရာကို ဖတ်ပြပြီး အဘယ်ကြောင့် ထိုအချက်ကို စိတ်အဝင်စားဆုံးဖြစ်ကြောင်း ပြောပြကြပါစေ။ ကလေးတစ်ဦး စီက မိမိတို့ ပြောပြပြီးသော စာရွက်များကို သင်ပုန်းတွင် ကပ်ကြပါစေ။

֍ ကလေးများ၏ ထင်မြင်ယူဆချက်များကို အသိအမှတ်ပြုပေးပြီး လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ဆွေးနွေး၍ သင်ခန်းစာကို အဆုံးသတ်ပေးပါ။