သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း(ကျောင်းသားကိုင်သို့)
348302ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၄။ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

သင်ခန်းစာခေါင်းစဉ်။ ။ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ် စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်းအကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ် စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ သရုပ်ဖော်ပုံများကို ကြည့်စေပြီး သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ် စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း အကြောင်းကို မေး၍ စာသင်ချိန်ကို စတင်ပါ။

-ဒီပုံထဲကလူတွေက ဘယ်သူတွေလို့ထင်သလဲ။
-ဘာလုပ်နေကြတာလို့ ထင်သလဲ။
-ဘာကြောင့် အဲဒီလိုလုပ်တယ်လို့ ထင်သလဲ။

֍ ထို့နောက် သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း အကြောင်းကို ရုပ်ပုံပါ အကြောင်းအရာများဖြင့် ဆက်စပ်၍ ကလေး ၃/၄-ဦးခန့်က နားလည်သလို ပြောပြပါစေ။

֍ ကလေးများပြောပြီးလျှင် အောက်ပါမေးခွန်းများကို သင်ပုန်းပေါ်တွင်ရေး၍ ကလေးများအားလုံးကို မေးပါ။

-သိဒ္ဓတ္ထမင်းသားဟာ ဘယ်လိုစည်းစိမ်တွေကို စံစားခဲ့ရသလဲ။
-ဘုရင်ကြီးက သိဒ္ဓတ္ထမင်းသားလေးကို ဘယ်လိုဖြစ်စေချင်တယ်လို့ ထင်သလဲ။
-သိဒ္ဓတ္ထမင်းသားလေးက ဘာကြောင့်တောထွက်တယ်လို့ ထင်သလဲ။
-သိဒ္ဓတ္ထမင်းသားလေး တောထွက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မယ်လို့ ထင်သလဲ။

֍ အထက်ပါမေးခွန်းများကို ကလေးများဖြေဆိုပြီးလျှင် “သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ် စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်းအကြောင်းကို နောက်စာသင်ချိန်မှာ ဆက်လက်လေ့လာကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော် မူခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်း

သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ် စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်းအကြောင်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

ဘုရားအလောင်းတော် ကလေးငယ်ဘဝက ဗေဒင်လက္ခဏာတတ်ကျွမ်းတဲ့ ပညာရှိတွေက စကြဝတေးမင်း (သို့မဟုတ်)ဘုရားဖြစ်မယ်လို့ နိမိတ်ဖတ်ဟောကြားခဲ့တယ်။ ဖခင်သုဒ္ဓေါဒနမင်းကြီးဟာ သူ့ရဲ့ သားတော်ကို စကြ ဝတေးမင်းသာ ဖြစ်စေချင်တယ်။ ဘုရားဖြစ်သွားမှာ အလွန်စိုးရိမ်တော်မူခဲ့တယ်။ ဒါကြောင့် ဘုရားအလောင်းတော် မင်းသားကို နန်းတော်တွင်းမှာ ပျော်ရွှင်ချမ်းမြေ့အောင် စည်းစိမ်အမျိုးမျိုး ဖန်တီးပေးထားတယ်။ ပျော်ရွှင်ချမ်းမြေ့ ဖွယ်ကောင်းတဲ့ ဥယျာဉ်တွေ၊ ကြာမျိုးစုံဖူးပွင့်နေတဲ့ ရေကန်ကြီးတွေကို ဖန်တီးတည်ဆောက်ပေးထားတဲ့အပြင် ဆောင်းရာသီမှာ စံမြန်းဖို့ ရမ္မနန်းဆောင်၊ မိုးရာသီမှာ စံမြန်းဖို့ သုဘနန်းဆောင်နဲ့ နွေရာသီမှာ စံမြန်းဖို့ သုရမ္မနန်း ဆောင်တွေကို ဆောက်လုပ်ပေးထားတယ်။

သိဒ္ဓတ္ထမင်းသား အသက် ၁၆-နှစ်အရွယ်ရောက်တဲ့အခါ မင်းသားတို့ တတ်သင့်တတ်ထိုက်တဲ့ အတတ်ပညာ အမျိုးမျိုးကို တတ်မြောက်ကျွမ်းကျင်တော်မူတယ်။ ဖခင် သုဒ္ဓေါဒနဟာ ကပိလဝတ်ထီးနန်းကို လွှဲအပ်ပြီး ဘုရင်အဖြစ် တင်မြှောက်ပေးခဲ့တယ်။ ကြင်ရာတော်အဖြစ် ဒေဝဒဟပြည် သုပ္ပဗုဒ္ဓမင်းရဲ့ သမီးတော် ယသောဓရာကို ရွေးချယ်ခဲ့ပါတယ်။ ဘုရားအလောင်းတော် မင်းသားဟာ ယသောဓရာမင်းသမီးကို မိဖုရားကြီးအဖြစ် တင်မြှောက်ပြီး ထီးနန်း စည်းစိမ်ကို စံမြန်းတော်မူပါတယ်။ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားဟာ ရွှေနန်းတော်ပြင်ပက ပြည်သူတွေရဲ့ ဘဝ အခြေအနေတွေကို မမြင်တွေ့ရဘဲ ယသောဓရာနဲ့အတူ ထီးနန်းစည်းစိမ်ကို ပျော်ပျော်ရွှင်ရွှင် စံစားတော်မူခဲ့ပါတယ်။

သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်ကို စံစားပြီး အချိန်ကြာမြင့်လာတဲ့အခါ ဘဝပေါင်းများစွာက ဖြည့်ကျင့်ခဲ့တဲ့ ပါရမီအရှိန်အဟုန်တွေရဲ့ စေ့ဆော်မှုကြောင့် ဘဝအပေါ်ထားရှိတဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ အဲဒီလို ပြောင်းလဲလာတဲ့အမြင်က ထီးနန်းစည်းစိမ် စံစားရတာ မပျော်မရွှင်ဖြစ်အောင် လှုံ့ ဆော်လာခဲ့တယ်။ ဘဝ အပေါ်မှာ လေ့လာစူးစမ်းတတ်တဲ့အမြင်တွေ တိုးပွားလာနေတဲ့ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ သူအို၊ သူနာ၊ သူသေနဲ့ ကြည်ညိုဖွယ်ရာရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို တွေ့မြင်သွားခဲ့တယ်။ ပထမနိမိတ်ကြီး သုံးပါးကြောင့် သက်ရှိသတ္တဝါအားလုံး ဒုက္ခနဲ့မကင်းနိုင်ပုံတို့ကို သိရှိသွားပြီး နောက်ဆုံးမြင်ကွင်းကြောင့် လူ့ဘဝရဲ့ ဆင်းရဲ ဒုက္ခတွေကို အဆုံးသတ်နိုင်မယ့် လမ်းစကို ရှာဖွေလိုစိတ် ဖြစ်ပေါ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ယသောဓရာ မိဖုရားထံမှ သားတော်ဖွားမြင်ကြောင်း သံတော်ဦးတင်လာကြတယ်။

ကြင်ရာတော် ယသောဓရာနဲ့ သားတော်လေးတို့အပေါ် ကျေပွန်အောင် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရား တွေကို သိမြင်တော်မူပေမဲ့ မိမိရဲ့ မိသားစုနဲ့ လူနည်းစုတို့ရဲ့ ကောင်းကျိုးကို ထမ်းဆောင်ခြင်းထက် သတ္တဝါအားလုံးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်လိုတဲ့အတွက် သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ စိတ်ကူးတော်မမူခဲ့ပါဘူး။ အဲဒီည သန်းခေါင်ယံအချိန်မှာ ကဏ္ဍကမြင်းကို အဆင်သင့်ပြုလုပ်ထားဖို့ ဖွားဖက်တော် ဆန္နအမတ်ကို အမိန့်ပေးခဲ့တယ်။ ထွက်ခွာခါနီးအချိန်မှာ ယသောဓရာနဲ့ သားတော်လေးတို့ကို ကြည့်ရှုချင်လို့ နန်းဆောင်တွင်းကို ဝင်လာခဲ့တယ်။ သားတော်လေးကို နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ပွေ့ချီချင်ပေမဲ့ တောထွက်ဖို့ကိစ္စ အနှောင့် အယှက် ဖြစ်မှာစိုးတဲ့အတွက် တံခါးဝကပဲ ကြည့်ရှုပြီး လှည့်ပြန်ခဲ့တယ်။

အဲဒီနောက် သတ္တဝါအားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ အမှန်တရားကို ရှာဖွေဖို့ ဆန္ဒအမတ်နဲ့အတူ တောထွက်တော်မူခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားအလောင်းတော်ဟာ အသက် ၂၉-နှစ်ရှိပြီ ဖြစ်ပါတယ်။ ဘုရားဖြစ်မှာစိုးရိမ်နေတဲ့ မာရ်နတ်ရဲ့တားမြစ်မှုကို အနိုင်ယူကျော်ဖြတ်ပြီး အနော်မာမြစ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။ အနော်မာမြစ်ကမ်းကို ရောက်တဲ့အခါ ဆံတော်ကို ပယ်ကာ ရှင်ဘုရင်ဝတ်စုံတွေကို လဲလှယ်ပြီး ဃဋိကာရဗြဟ္မာ လှူဒါန်းတဲ့ သင်္ကန်းကို ဆင်မြန်းတော်မူခဲ့တယ်။ ဆန္နအမတ်ကိုလည်း ဝတ်စုံများနဲ့အတူ နန်းတော်ကို ပြန်လွှတ်လိုက်ပြီး အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက် တောထဲမှာ တရားရှာတဲ့ခရီးစဉ်ကို စတင်တော်မူခဲ့တယ်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၂၂-၂၀၉။

֍ “သားတို့သမီးတို့ ... ဒီအကြောင်းကို မဖတ်ခင်က သိသလောက် ပြောခဲ့ပြီးကြပြီ။ အခု ဖတ်ပြီးတော့ ဘာတွေ ထပ်သိသွားတယ်ဆိုတာကို သိရအောင် မေးခွန်းတွေကို ဖြေကြည့်ကြမယ်”ဟု ပြော၍ အောက်ပါမေးခွန်းများကို မေးပါ။

-သုဒ္ဓေါဒနမင်းကြီးဟာ သိဒ္ဓတ္ထမင်းသားကို နန်းတော်ထဲမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်အောင် ဘာတွေ လုပ်ပေးခဲ့သလဲ။ ဘာကြောင့်လို့ ထင်သလဲ။
-သိဒ္ဓတ္ထမင်းသားဟာ တတ်သင့်တဲ့ပညာတွေကို ဘယ်အရွယ်မှာ တတ်မြောက်ခဲ့သလဲ။
-သိဒ္ဓတ္ထမင်းသားဟာ ထီးနန်းစည်းစိမ်တွေကို ဘယ်လိုစံစားခဲ့သလဲ။
-သိဒ္ဓတ္ထမင်းသား မြင်တွေ့ရတဲ့ နိမိတ်ကြီးလေးပါးက ဘာတွေလဲ။ အဲဒီလေးပါးကို မြင်တွေ့ပြီး ဘယ်လို ဆုံးဖြတ်ခဲ့သလဲ။
-သိဒ္ဓတ္ထမင်းသားဟာ ... ဘာကြောင့် တောထွက်ခဲ့တာလဲ။ စသည့်မေးခွန်းများကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါလုပ်ငန်းစဉ်ဖြင့် စာသင်ချိန်ကို စတင်ပါ။

֍ စာသင်ချိန် (၂) တွင် ဖတ်ခဲ့သော အကြောင်းအရာများကို ပြောလိုသောကလေးအချို့က နားလည်သလို ပြောပြကြပါစေ။

֍ ကလေးများကို အုပ်စု (၄) စု ဖွဲ့ပါ။

֍ ထို့နောက် ဆရာက ဗုဒ္ဓဝင်သင်ခန်းစာများကို အကျဉ်းပြန်လည်ပြောပြပေးပါ။ ထိုသင်ခန်းစာများတွင် ပါဝင်သော အမည်များကို မှတ်သားထားကြရမည် ဖြစ်ကြောင်းနှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်မေးခွန်းများ မေးမြန်းကြရမည် ဖြစ်ကြောင်းကို ကလေးများအား ကြိုတင်ပြောပြထားပါ။

֍ အုပ်စု (၁) က မေးခွန်းတစ်ခုမေးလျှင် ကျန်အုပ်စုများမှ ဖြေဆိုလိုသော ကလေးများက လက်ထောင်ကြရမည်။

(ဥပမာ ‘သ” နဲ့စတဲ့ နာမည်ဟု အုပ်စုတစ်ခုကမေးလျှင် ဖြေဆိုလိုသူ အုပ်စုများက လက်ထောင်ပြီးဖြေရမည်။ ပထမဦးဆုံး လက်ထောင်သောအုပ်စုက ဖြေရမည်။ အဖြေ မှန်၊ မမှန်ကို အုပ်စုအချင်းချင်း သဘောတူညီမှ ယူ၍ အဖြေမမှန်ပါက အခြားအုပ်စုများကို ထပ်မေးနိုင်သည်။ “သိဒ္ဓတ္ထ”ဟု ဖြေလျှင် “သိဒ္ဓတ္ထ” အကြောင်းကို အကျဉ်းချုပ် ပြောပြရမည်။) ဤနည်းအတိုင်း အုပ်စုအားလုံး အပြန်အလှန် အမေးအဖြေ ပြုလုပ်ကြပါစေ။ ကလေးများပြောသော အမည်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

֍ ကလေးများ ပြောပြသောအချက်များထဲတွင် လိုအပ်ချက်ရှိလျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ် စံစားတော်မူခြင်းနှင့် တောထွက်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ် စံစားခြင်းနဲ့ တောထွက်တော်မူခြင်းအကြောင်းကို ဖတ်လည်းဖတ်ပြီးပြီ။ မေးခွန်းတွေနဲ့ အမေးအဖြေလုပ်ပြီး အကြောင်းအရာ အကျဉ်းချုပ်ကိုလည်း ပြောပြီးပြီ။ အခု သားတို့သမီးတို့ လုပ်ကြရမှာက ရုပ်ပုံကိုကြည့်ပြီး သရုပ်ဖော်စာရေးတဲ့ လုပ်ငန်းကို လုပ်ကြရမှာဖြစ်တယ်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများကို တစ်ဖွဲ့လျှင် ခြောက်ဦးပါဝင်သော အုပ်စုများဖွဲ့ပြီး တစ်ဖွဲ့လျှင် ကျောင်းသားကိုင်စာအုပ် ပါ ရုပ်ပုံတစ်ပုံစီပေး၍ ရုပ်ပုံကိုသရုပ်ဖော်သော စာကြောင်းငါးကြောင်းစီ ရေးပါစေ။ (ဆရာက ရုပ်ပုံ အောက်တွင် ပါဝင်သော စာများကို ကလေးများမမြင်နိုင်အောင် စီစဉ်ထားပါ။)

֍ မိမိတို့အုပ်စုရသောပုံကို အုပ်စုလိုက်ဆွေးနွေး၍ သရုပ်ဖော်သောစာများ ရေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦး စီက အတန်းရှေ့ထွက်၍ ဖတ်ပြပါစေ။

֍ ကလေးများတင်ပြပြီးသောအခါ လိုအပ်သည်များကို ဆရာက ဖြည့်စွက်ပြောပြပြီး သင်ခန်းစာကို အဆုံးသတ်ပါ။