သိမ်မျိုးစုံမဟာဋီကာ/သိမ်အပြားကို ပြဆိုခန်း

သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၄။ သိမ်အပြားကို ပြဆိုခန်း

     ဗဒ္ဓါဗဒ္ဓဝသေနေဝ သီမာ နာမ ဒွိဓာ မတာ ဟူသော(ဝိနယ ဝိနိစ္ဆယ အဋ္ဌကထာ၊ ၂၄၆။) သီမာ နာမေသာ ဗဒ္ဓသီမာ အဗဒ္ဓသီမာတိ ဒုဝိဓာ ဟောတိ - ဟူသော (ဝိနယ သင်္ဂဟအဋ္ဌကထာ၊ ၁၇၈။ ကင်္ခါအဋ္ဌကထာ၊ ဂ၇။) ကမ္မဝါစာယ ဗန္ဓတိ ဧတ္ထာတိ သီမာ (တောင်ဖီလာဆရာတော်ရေး သီမဝိနိစ္ဆယကျမ်း(ရူ)ချပ်) -

     တို့နှင့်အညီ ဂင်္ဂါသဲလုံးမက ပွင့်တော်မူကြကုန်ပြီးသော အတိတ်ဘုရားသခင်တို့ သာသနာတော်ကြီး၌လည်းကောင်း၊ ပစ္စုပ္ပန် ပွင့်တော်မူသော ငါတို့ဘုရားသခင် သာသနာတော်ကြီး၌လည်း ကောင်း၊ နောင် အနာဂတ်ပွင့်တော်မူလတ္တံ့ဖြစ်ကုန်သော ဘုရားသခင်တို့ သာသနာတော်ကြီး၌ လည်းကောင်း ဤသို့သော အတိတ် အနာဂတ် ပစ္စုပ္ပန် သာသနာတော်ကြီး သုံးရပ်လုံး၌ သိမ်မည်သည် ဗဒ္ဓသိမ် အဗဒ္ဓသိမ် ၂-မျိုးသာ ရှိကြောင်း ဇာတိကုလပုတ္တ၊ အာစာရကုလပုတ္တတို့ သိကြရာသည်။

ထိုနှစ်မျိုးတို့တွင် -
     အဗဒ္ဓါပိ တိဓာ မတာ၊ ဂါမတော ဥဒကုက္ခေပါ သတ္တဗ္ဘန္တရတောပိ စ - စသော (ဝိနယဝိနိစ္ဆယအဋ္ဌကထာ၊ ၂၄၆။) အဗဒ္ဓသီမာ ပန ဂါမသီမာ သတ္တဗ္ဘန္တရသီမာ ဥဒကုက္ခပသီမာတိ တိဝိဓာ - ဟူသော (ဝိနယသင်္ဂဟအဋ္ဌကထာ၊ ၁၉၄။ ကင်္ခါ အဋ္ဌကထာ၊ ၉၀။)

     တို့နှင့်အညီ ဉတ္တိဒုတိယကမ္မဝါစာဖြင့် မသမုတ်အပ်၊ အပိုင်းအခြား မထားအပ်သေးသော အဗဒ္ဓသိမ်သည် ဂါမသိမ် သတ္တဗ္ဘန္တရသိမ် ဥဒကုက္ခေပသိမ်အားဖြင့် သုံးမျိုးသာရှိကြောင်း သိကြရာသည်။ ထိုသုံးပါးတို့တွင် ဂါမသိမ်သည် ပကတိဂါမသိမ် ဝိသုံဂါမသိမ်ဟု နှစ်မျိုးရှိ၏။