သူတော်ကောင်းဥစ္စာနှင့် ပြည့်စုံသူ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၃။ သူတော်ကောင်းဥစ္စာနှင့် ပြည့်စုံသူ(ကျောင်းသားကိုင်သို့)
348395ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၃။ သူတော်ကောင်းဥစ္စာနှင့် ပြည့်စုံသူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

သင်ခန်းစာခေါင်းစဉ်။ ။ သူတော်ကောင်းဥစ္စာနှင့် ပြည်စုံသူ

ယေဘုယျရည်ရွယ်ချက်။ ။ သူတော်ကောင်းဥစ္စာခုနစ်ပါးကို သိရှိပြီး လက်တွေကျင့်သုံးတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ သူတော်ကောင်းဥစ္စာခုနစ်ပါးကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းဖြင့် စတင်ပါ။

-သူတော်ကောင်းဆိုတာကို ဘယ်လိုနားလည်သလဲ။

֍ ကလေးများပြောသမျှကို ဆရာက မှတ်သားထားပြီး “ကလေးတို့ ပြောသွားတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့သူ ဟာလည်း သူတော်ကောင်းဖြစ်ပါတယ်၊ ဒါ့အပြင် သူတော်ကောင်းတစ်ယောက်မှာ ဘယ်လိုအရာတွေနဲ့ ပြည့်စုံရမယ်ဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် ပြန်လည်ပြောပြခြင်း။

(၃၅ မိနစ်)

֍ ဆရာက “သုပ္ပဗုဒ္ဓ” စကားလုံးကို သင်ပုန်းတွင် ရေးပြီး ဖတ်လိုသော ကလေးအချို့အား အသံထွက် ဖတ်ပါစေ။ ကလေးများ အသံထွက် မမှန်လျှင်”သုပ်ပဗုတ်ဓ”ဟု ဖတ်ရကြောင်း ဆရာက ပြောပြပါ။

֍ ထို့နောက် ကလေးများအားလုံး ဇာတ်လမ်းကို အစအဆုံး ဖတ်ကြပါစေ။ ဖတ်ပြီးလျှင် တစ်ဦးချင်းစီက ဇာတ်လမ်းကို အကျဉ်းချုပ် ပြန်လည်ပြောပြရမည်ဖြစ်ကြောင်း ဆရာက ကြိုတင်ပြောထားပါ။

သူတော်ကောင်းဥစ္စာနှင့် ပြည့်စုံသူ

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက သုပ္ပဗုဒ္ဓဟုခေါ်သည့် သူတောင်းစား လူနူတစ်ယောက် ရှိသည်။ တစ်နေ့တွင် သူသည် မြို့ထဲ၌ အစားအစာများကို လှည့်လည်တောင်းရမ်းနေစဉ် မြတ်စွာဘုရားရှင် တရားဟောသော နေရာအနီးသို့ ရောက်သွားသည်။ သုပ္ပဗုဒ္ဓသည် လူအုပ်ကြီးကို တွေ့သည့်အတွက် “ငါတော့ စားစရာရတော့မယ်”ဟုတွေး၍ ဝမ်းသာအားရဖြင့် ထိုနေရာသို့သွားရာ အနားသို့ရောက်သောအခါမှ မြတ်စွာဘုရားရှင် တရားဟောနေမှန်း သိလိုက်ရသည်။

ဤနေရာတွင် အစားအသောက် မရနိုင်သော်လည်း အခွင့်အရေးကြုံခိုက် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားလိုက်ဦးမည်ဟု တွေးကာ သုပ္ပဗုဒ္ဓသည် လူအုပ်ကြီး၏ အစွန်အဖျား တစ်နေရာတွင် ထိုင်၍ တရားနာလေသည်။ မြတ်စွာဘုရားရှင်သည် တရားဟောနေရင်း တရားထူးရနိုင်မည့်သူကို ဉာဏ်တော်ဖြင့် ကြည့်လိုက်သောအခါ သုပ္ပဗုဒ္ဓကို တွေ့မြင်တော်မူသည်။ သို့ဖြစ်၍ သုပ္ပဗုဒ္ဓကို ရည်ညွှန်းကာ ဒါနအကျိုး၊ သီလအကျိုးများကို ဟောကြားတော်မူရာ တရားပြီးဆုံးသောအခါ သုပ္ပဗုဒ္ဓသည် တရားထူးရ၍ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားလေသည်။ သုပ္ပဗုဒ္ဓသည် မိမိတရားထူးရသည်ကို မြတ်စွာဘုရားအား အသိပေး လျှောက်ထားလိုသော်လည်း လူပရိသတ်များပြားနေသည့်အတွက် မြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူသော ကျောင်းတော်သို့ လိုက်သွားလေသည်။

ထိုအကြောင်းကို သိကြားမင်း သိသွားရာ သုပ္ပဗုဒ္ဓသည် ဘုရား၊ တရား၊ သံဃာကို စွဲမြဲစွာ ယုံကြည်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်ဦးမည်ဟုဆိုကာ “အို မိတ်ဆွေ သင်ဟာ လူ့လောကမှာ နေရပေမယ့် အလွန်ကို ဆင်းရဲတဲ့သူပဲ၊ လှည့်လည်ပြီး တောင်းရမ်းစားသောက်ရတဲ့ အထီးကျန်တဲ့သူပဲ၊ ဒါကြောင့် သင်သုံးလို့ မကုန်နိုင်တဲ့ စည်းစိမ်ဥစ္စာကို ငါပေးမယ်၊ ဒါပေမယ့် ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ်၊ ဘုရား၊ တရား၊ သံဃာဟာ ငါ့အတွက် အကျိုးမရှိဘူးဆိုတာကိုတော့ ပြောပေးရမယ်”ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသဖြင့် သုပ္ပဗုဒ္ဓသည် “သင်ဘယ်သူလဲ”ဟု မေးမြန်းလိုက်သောအခါ သိကြာမင်းက “အကျွန်ုပ် သိကြားမင်းဖြစ်တယ်”ဟု ပြန်ဖြေလိုက်သည်။ ထိုအခါ သုပ္ပဗုဒ္ဓက “ဟယ် သိကြားမင်း... သင်ဟာ အလွန်ကို မိုက်မဲတဲ့သူ၊ အလွန် အရှက်မရှိတဲ့သူပဲ၊ အခု သင်နဲ့ စကားပြောနေရတာတောင် မသင့်တော်ဘူး၊ သင်ဟာ ကျွန်ုပ်ကို အလွန်ဆင်းရဲ အထီးကျန်တဲ့သူလို့ ပြောခဲ့တယ်၊ တကယ်တော့ ကျွန်ုပ်ဟာ ဆင်းရဲ အထီးကျန်တဲ့သူ မဟုတ်ဘူး၊ အလွန်ကို ချမ်းသာကြွယ်ဝတဲ့သူ ဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်ဟာ (၁) သဒ္ဓါ = ရတနာသုံးပါးနဲ့ ကံ ကံရဲ့ အကျိုးကို ယုံကြည်ခြင်း၊ (၂) သီလ = ကိုယ်ကျင့်သီလနဲ့ ပြည့်စုံခြင်း၊ (၃) ဟီရိ = မကောင်းမှု လုပ်ရမှာကို ရှက်ခြင်း၊ (၄) ဩတ္တပ္ပ = မကောင်းမှု လုပ်ရမှာကို ကြောက်ခြင်း၊ (၅) သုတ၊ အကြားအမြင်များခြင်း၊ (၆) စာဂ = ပေးကမ်းစွန့်ကြဲခြင်း၊ (၇) ပညာ = ပညာနဲ့ပြည့်စုံခြင်းဆိုတဲ့ သူတော်ကောင်း ဥစ္စာခုနစ်ပါးတို့နဲ့ ပြည့်စုံလို့ပဲ ဖြစ်တယ်။ အဲဒီလို သူတော်ကောင်းဥစ္စာ ခုနစ်ပါးနဲ့ ပြည့်စုံတဲ့သူကို ပညာရှိတို့က ချမ်းသာသူလို့ ပြောကြတယ်”ဟု ပြန်ပြောလိုက်သည်။

ထိုအခါ သိကြားမင်းသည် သုပ္ပဗုဒ္ဓထံမှ ထွက်ခွာသွားပြီး ထိုအကြောင်းကို မြတ်စွာဘုရားထံသို့ သွားရောက်လျှောက်တင်လေသည်။ ဤတွင် မြတ်စွာဘုရားရှင်က “ဒကာတော် သိကြားမင်း... ဒကာတော်က သုပ္ပဗုဒ္ဓကို ဆင်းရဲသားလို့ ထင်နေတယ်၊ တကယ်တော့ သုပ္ပဗုဒ္ဓဟာ ချမ်းသာအစစ်ကို ရရှိပိုင်ဆိုင်သူ ဖြစ်နေပြီ ဒါကြောင့် ဒကာတော်လို သိကြားမင်းပေါင်း အထောင်အသောင်း အသိန်းကပင် ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ်လို့ သုပ္ပဗုဒ္ဓအား ပြောခိုင်းသော်လည်း ပြောမှာမဟုတ်ဘူး”ဟု မိန့်ကြားတော်မူလိုက်လေသည်။

မှီငြမ်း။ ။ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ ဒုတိယတွဲ၊ ၂၀၆။ ဓမ္မ၊ဋ္ဌ၊၁၊၃၀၂။

ခက်ဆစ်အဖွင့်

လူနူ = ခန္ဓာကိုယ်တွင် အရေပြားရောဂါ စွဲကပ်နေသူ၊

ဆရာသိရန်။ ။ သုပ္ပဗုဒ္ဓသည် သူတောင်းစားဖြစ်သော်လည်း မြတ်စွာဘုရားတရားတော်ကို ကြားနာ၍ သောတာပန်ဖြစ်ပြီးနောက် သူ့မှာရှိသည့် မည်သည့်အရာကိုမဆို လှူဒါန်းရဲသော စေတနာ သဒ္ဓါတရားနှင့် ပြည့်စုံသွားပြီ ဖြစ်၏။ ထို့ကြောင့် သူသည် စာဂ = ပေးကမ်းစွန့်ကြဲခြင်းနှင့် ပြည့်စုံသူ ဖြစ်၏။

֍ ဖတ်ပြီးလျှင် ဇာတ်လမ်းကို စ၍ ပြောပြမည့် ကလေးတစ်ဦးအား ဖိတ်ခေါ်၍ ပြောပါစေ။ ထိုကလေးပြောနေစဉ် ဆရာက ရပ်စေလိုသောနေရာတွင် ရပ်စေပြီး ဇာတ်လမ်းကို ဆက်လက်ပြောပြရန် နောက်တစ်ဦးကို ဖိတ်ခေါ်ပါ။ ဤနည်းအတိုင်း ဇာတ်လမ်းပြီးဆုံးသည်အထိ ကလေးများအား ဖိတ်ခေါ်၍ ပြောကြပါစေ။

လုပ်ငန်း (၃) မေးခွန်းမေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သုပ္ပဗုဒ္ဓဟာ ဘယ်လို လူမျိုးလဲ။
-သုပ္ပဗုဒ္ဓဟာ မြတ်စွာဘုရားထံက ဘာတရားတွေ နာခဲ့ရသလဲ။ တရားနာပြီး ဘာဖြစ်သွားသလဲ။
-သုပ္ပဗုဒ္ဓဟာ မြတ်စွာဘုရားကျောင်းတော်ကို ဘာကြောင့် လိုက်သွားတာလဲ။
-သိကြားမင်းက သုပ္ပဗုဒ္ဓကို ဘယ်လို ပြောသလဲ။
-သုပ္ပဗုဒ္ဓက သိကြားမင်းကို သူဟာ ဆင်းရဲသူမဟုတ်ကြောင်း ဘယ်လို ပြန်ပြောခဲ့သလဲ။
-သုပ္ပဗုဒ္ဓနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက သိကြားမင်းကို ဘယ်လို မိန့်တော်မူသလဲ။
-သုပ္ပဗုဒ္ဓဟာ ချမ်းသာသူဖြစ်ကြောင်း ဘယ်အချက်တွေအရ သိနိုင်သလဲ။

֍ ထို့နောက် ဆရာက “လူတစ်ယောက်ဟာ ပစ္စည်းဥစ္စာ ဆင်းရဲပေမယ့် သူတော်ကောင်းဥစ္စာခုနစ်ပါးနဲ့ ပြည့်စုံနေမယ်ဆိုရင် ချမ်းသာအစစ်ကို ပိုင်ဆိုင်သူဖြစ်တယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်၊ သူတော်ကောင်းဥစ္စာခုနစ်ပါးကို လက်တွေ့လိုက်နာကျင့်သုံးနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ သဒ္ဓါ၊ သီလ၊ ဟိရိ၊ ဩတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဟု တစ်ပါးစီ ပါဠိဖြင့် ရေးထားသည့် မဲလိပ်ခုနစ်လိပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်းနှင့် အုပ်စုလုပ်ငန်းပေးခြင်း။

(၃၀ မိနစ်)

֍ အောက်ပါမေးခွန်းကို ကလေးများနှင့် အပြန်အလှန်ဆွေးနွေးပါ။

-သူတော်ကောင်းဥစ္စာခုနစ်ပါးကို ဘယ်လို နားလည်သလဲ။

֍ ထို့နောက် ကလေးများကို အုပ်စု(၇) စု ဖွဲ့ပါ။ပြီးလျှင် သူတော်ကောင်းဥစ္စာခုနစ်ပါး မဲလိပ်များကို နှိုက်ကြပါ စေ။ မိမိတို့အုပ်စုရရှိသော မဲလိပ်ပါ သူတော်ကောင်းဥစ္စာတစ်ပါး၏ အဓိပ္ပာယ်ကို နားလည်သည့်အတိုင်း အုပ်စု အတွင်း ဆွေးနွေးရေးသား၍ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

֍ ကိုယ်စားလှယ်တစ်ဦး တင်ပြပြီးတိုင်း အခြားအဖွဲ့များက မေးမြန်းဆွေးနွေး၍ ဖြည့်စွက်ကြပါစေ။ အခြား အဖွဲ့များ ဆွေးနွေးဖြည့်စွက်ပြီးလျှင် ဆရာက အောက်ပါ သူတော်ကောင်းဥစ္စာတစ်ပါးစီကို ဖြည့်စွက် ဆွေးနွေးပါ။ (ဤနည်းဖြင့် တစ်ဖွဲ့ဆွေးနွေးပြီးတိုင်း ထိုအဖွဲ့ဆွေးနွေးသည့် သူတော်ကောင်းဥစ္စာတစ်ပါး အကြောင်းကို ဆရာက ဖြည့်စွက်ဆွေးနွေးပါ။)

ဆရာသိရန်-
၁။ သဒ္ဓါ = ရတနာသုံးပါးနှင့် ကံ ကံ၏ အကျိုးတရားကို ယုံကြည်ခြင်း။
ဘုရား၊ တရား၊ သံဃာ ဟူသောရတနာသုံးပါးသည် မိမိဘဝကို ကောင်းကျိုးချမ်းသာတို့နှင့် ပြည့်စုံစေရန် ကိုးကွယ်အားထားရမည့် အရာများဖြစ်သည်ဟု လေးနက်စွာ ယုံကြည်ခြင်း။ ကောင်းသောအလုပ်ကို လုပ်လျှင် ကောင်းသောအကျိုးကို ပြန်လည်ရရှိခံစားရမည်၊ မကောင်းသောအလုပ်ကို လုပ်လျှင် မကောင်းသောအကျိုးကို ပြန်လည်ခံစားရမည်ဟု ယုံကြည်ခြင်း၊
၂။ သီလ = ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း။
နေ့စဉ် ငါးပါးသီလနှင့် ပြည့်စုံအောင် နေထိုင်ခြင်း။ ဥပုသ်နေ့များနှင့် နေ့ထူးနေ့မြတ်တို့တွင် ရှစ်ပါးသီလ ခံယူဆောက်တည်ခြင်း။
၃။ ဟိရီ = မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်း။
၄။ ဩတ္တပ္ပ = မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်း။
မကောင်းမှုပြုလုပ်လျှင် အခြားသူများ ကဲ့ရဲ့ကြမည်ကို ရှက်ခြင်း၊ ကြောက်ခြင်း။ မကောင်းမှုတစ်ခုကို ပြုလုပ်လျှင် အခြားသူများ မသိသော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိကိုယ်တိုင် ပြန်လည်ရှက်မိမည်ကို ဆင်ခြင်စဉ်းစားမိခြင်း၊ နောင်တရမည်ကို ကြောက်ခြင်း။
၅။ သုတ = အကြားအမြင်များခြင်း။
လောကီရေးရာ၊ လောကုတ္တရာရေးရာကိစ္စများ၌ အတွေ့အကြုံ ဗဟုသုတနှင့် ပြည့်စုံခြင်း။ ပြည့်စုံသည်ထက် ပြည့်စုံအောင် လေ့လာဆည်းပူးခြင်း၊ လေ့လာထားသည်များကို ပြန်လည်မျှဝေခြင်း၊
၆။ စာဂ = ပေးကမ်း စွန့်ကြဲခြင်း။
ရတနာသုံးပါး၊ မိဘ၊ ဆရာသမားတို့အား လှူဒါန်းခြင်း၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း၊ ဆင်းရဲနွမ်းပါးသူ သူတောင်းစား စသည်တို့အား တတ်စွမ်းသမျှ ထောက်ပံ့ ပေးကမ်းခြင်း။
၇။ ပညာ = ပညာနှင့် ပြည့်စုံခြင်း၊
လောကီ အသက်မွေးမှုပညာ၊ လောကုတ္တရာ မဂ်ပညာ၊ ဖိုလ်ပညာတို့နှင့် ပြည့်စုံခြင်း။ ပြည့်စုံသည်ထက် ပြည့်စုံအောင် အားထုတ်ခြင်း၊ လေ့လာဆည်းပူးခြင်း၊ မိမိသိသမျှကို အခြားသူတို့အား ဖြန့်ဝေခြင်း၊

လုပ်ငန်း (၂) လက်တွေ့လုပ်ငန်းပေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၃၀ မိနစ်)

֍ “သားတို့သမီးတို့ဟာ အခုဆိုရင် သူတော်ကောင်းဥစ္စာခုနစ်ပါးအကြောင်းကို ပြည့်ပြည့်စုံစုံ သိသွားကြပြီဟု ပြော၍ အုပ်စု (၇) စုအား အောက်ပါမေးခွန်းကို မေးပါ။

-မိမိတို့အုပ်စုရထားတဲ့ သူတော်ကောင်းဥစ္စာတစ်ပါးနဲ့ ပြည့်စုံအောင် ဘာတွေလုပ်မလဲ၊ ဘယ်လို လုပ်ရမလဲ။

֍ အုပ်စုလိုက် ဆွေးနွေး၍ ရေးသားထားသော စာရွက်များကို သင့်လျော်သော နေရာတွင် ကပ်စေပြီး အုပ်စုလိုက် လိုက်လံ ကြည့်ရှုကြပါစေ။ ကြည့်ရှုနေစဉ် မိမိအနှစ်သက်ဆုံး အချက်တစ်ချက်စီကို ရေးမှတ်ခဲ့ပြီး အုပ်စုအတွင်း ပြန်လည်ဆွေးနွေး၍ အုပ်စုကိုယ်စားလှယ် အသစ်တစ်ဦးစီက တင်ပြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ဟာ သူတော်ကောင်းဥစ္စာခုနစ်ပါးနဲ့ ပြည့်စုံအောင် ဘာတွေ လုပ်ရမယ်၊ ဘယ်လို လုပ်ရမယ်ထိုတာ ဆွေးနွေးခဲ့ပြီးပြီ၊ ပြောခဲ့တဲ့အတိုင်း နေ့စဉ်ဘဝမှာ သူတော်ကောင်းဥစ္စာခုနစ်ပါးနဲ့အညီ လက်တွေ့ ကျင့်သုံးနေထိုင်သွားနိုင်အောင် ကြိုးစားကြရအောင်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။