သူ့ကျေးဇူးကို သိတတ်ပါ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၉။ သူ့ကျေးဇူးကို သိတတ်ပါ (ကျောင်းသားကိုင်သို့)
339352ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၉။ သူ့ကျေးဇူးကို သိတတ်ပါ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉)

သူ့ကျေးဇူးကို သိတတ်ပါ

သင်ယူမှုဦးတည်ချက် ။ ။ ကျေးဇူးတရားကိုသိရှိနားလည်ပြီး ပြန်လည်တုံ့ဆပ်ရမည်ကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ခင်ပွန်းကြီး (၁ဝ) ပါးကို ရေးထားသော ကတ်ထူပြား၊ ခင်ပွန်းကြီး (၁ဝ) ပါး အမည်တစ်ခုစီကို ရေးထားသော စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကျေးဇူးဆိုတာ ဘာလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1]

֍ထို့နောက် “ကျေးဇူးဆိုတာ သူတစ်ပါးက ကိုယ့်အပေါ်မှာ အထောက်အပံ့၊ အကူအညီပေး တာကို ခေါ်တယ်”ဟု ကလေးများ နားလည်အောင် ရှင်းပြပါ။ -

֍“လောကမှာ ကျေးဇူးအကြီးဆုံးပုဂ္ဂိုလ်တွေက ဘယ်သူလဲ”ဟု မေးကာ စဉ်းစားကြပါစေ။ (ကလေးများဖြေတတ်သလို ဖြေကြပါစေ။)

[သတိပြုရန် 2]

֍ဆရာက ခင်ပွန်းကြီး (၁ဝ) ပါးရသည်အထိ ကလေးများကို ဖြည့်စွက်ပြောသွားပါ။

֍ပြီးနောက် “ကျေးဇူးမမေ့အပ် မပြစ်မှားအပ်တဲ့ မိတ်ဆွေကောင်းကြီး (၁ဝ) ပါးရှိတယ်။ အဲဒါကို ခင်ပွန်းကြီး (၁ဝ) ပါးလို့ ခေါ်ကြတယ်။ သားတို့၊ သမီးတို့ ခင်ပွန်းကြီး (၁၀) ပါးက ဘာတွေလဲ သိကြလား”ဟု မေး၍ အောက်ပါ ခင်ပွန်းကြီး (၁၀) ပါးကို ကလေးများ အလွတ်ရသည်အထိ သင်ပေးပါ။ (ခင်ပွန်းကြီး (၁ဝ) ပါးကို ကလေးများ နားယဉ်သွားစေ လိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သောကြောင့် ဆရာက အသံကို ပီသရှင်းလင်းစွာဖြင့် ရွတ်ဆိုပေးပါ။)

ခင်ပွန်းကြီး (၁ဝ) ပါး

၁။ မြတ်စွာဘုရား
၂။ ပစ္စေကဗုဒ္ဓါ (ဘုရားငယ်)
၃။ ရဟန္တာ
၄။ မြတ်စွာဘုရား၏ တပည့်ကြီးများ
၅။ အမိ
၆။ အဖ
၇။ အလေးအမြတ်ပြုအပ်သောသူ
၈။ သွန်သင်ဆုံးမသောဆရာ
၉။ ပေးကမ်းဖူးသောသူ
၁၀။ တရားဟောပြသူ

[သတိပြုရန် 3]

֍ကလေးများအား အုပ်စု (၁၀) စုဖွဲ့ပြီး ခင်ပွန်းကြီး (၁၀) ပါး၏ အမည်တစ်ခုစီကို စာရွက်ပေါ်တွင်ရေး၍ အုပ်စုတစ်စုစီကိုပေးပါ။ မြတ်စွာဘုရား စာရွက်ရသောအုပ်စုကို မြတ်စွာ ဘုရားအုပ်စု၊ ရဟန္တာ စာရွက်ရသောအုပ်စုကို ရဟန္တာအုပ်စု စသည်ဖြင့် အုပ်စုအမည်များ အသီးသီးပေးရမည်။

֍ဆရာက ခင်ပွန်းကြီး (၁ဝ) ပါး၏ အမည်တစ်ခုချင်းကို အစဉ်လိုက် အသံကျယ်ကျယ် (အော်) ဖတ်ပြပါ။

֍အဆင့် (၁) မိမိတို့၏အမည်ကို အခေါ်ခံရသော အုပ်စုက လက်အုပ်ချီ၍ နေပါစေ။

ဥပမာ - “မြတ်စွာဘုရားဟု ဆရာကပြောလျှင် မြတ်စွာဘုရားအုပ်စုမှ ကလေးများအားလုံးက လက်အုပ်ချီ၍နေရမည်။ အုပ်စု (၁ဝ) စုလုံး လက်အုပ်ချီနေသော အနေအထား ရောက်သည်အထိ တစ်အုပ်စုပြီးတစ်အုပ်စု လုပ်ဆောင်သွားပါ။

အဆင့် (၂) မိမိတို့၏ အမည်ကို အခေါ်ခံရသောအုပ်စုက ဦးချ၍ ငြိမ်နေပါစေ။

ဥပမာ - “ရဟန္တာ”ဟု ဆရာကပြောလျှင် ရဟန္တာအုပ်စုမှ ကလေးများအားလုံးက ဦးချ၍ ငြိမ်နေရမည်။ အုပ်စု (၁ဝ) စုလုံး ဦးချနေသော အနေအထားရောက်သည်အထိ တစ်အုပ်စုပြီးတစ်အုပ်စု လုပ်ဆောင်သွားပါ။

֍အထက်ပါအတိုင်း (၃) ကြိမ်ခန့် ပြုလုပ်ပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မိဘကို ပြုစုသော လင်းတလေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မိဘကို ပြုစုသော လင်းတလေး ဇာတ်လမ်းကို ကလေးများစိတ်ဝင်စားဖွယ်ဖြစ် အောင် ဟန်ပန်အမူအရာဖြင့် ပြောပါ။

မိဘကို ပြုစုသော လင်းတလေး

ဟိုးရှေးရှေးတုန်းက သားငှက်တိရစ္ဆာန်တွေ အလွန်ပေါများတဲ့ တောအုပ်ကြီးတစ်ခု ရှိတယ်။ အဲဒီတောအုပ်ကြီးထဲမှာ အသက်အရွယ် အိုမင်းပြီး အစာရှာမစားနိုင်တော့တဲ့ မိဘ နှစ်ပါးကို ပြုစုလုပ်ကျွေးနေတဲ့ လင်းတလေးတစ်ကောင်ရှိတယ်။ နေ့စဉ်နေ့တိုင်း မိဘတွေ အတွက် အစားအသောက်ကောင်းတွေကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေးလေ့ရှိတယ်။ အစား အသောက်ကောင်းတွေကို တွေ့ မြင်မိတိုင်း သူကိုယ်တိုင် စားချင်ပေမဲ့ မိဘတွေအတွက်ပဲ ကိုက်ချီသယ်ဆောင်သွားလေ့ရှိတယ်။ ဒါကြောင့် မိဘနှစ်ပါးဟာ သားလေးလင်းတကို အလွန် ချစ်ခင်အားကိုးကြတယ်။

တစ်နေ့မှာတော့ လင်းတလေးဟာ တောထဲမှာ အစာရှာရင်း မုဆိုးတစ်ယောက် ထောင်ထားတဲ့ ကျော့ကွင်းမှာ မိသွားတယ်။ ဘယ်သူမဆို ကျော့ကွင်းမိရင် အသက်သေမှာကို စိုးရိမ်ပြီး ကျော့ကွင်းက လွတ်ဖို့ တမ်းတကြ၊ ဆုတောင်းကြတယ်။ ဒါပေမဲ့ လင်းတလေးက တော့ ကျော့ကွင်းမိမိချင်း သူ့အသက်သေမှာ၊ မုဆိုးက နှိပ်စက်မှာကို မစိုးရိမ်ဘူး၊ မကြောက် ဘူး။ အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်လို့ အစာရှာမစားနိုင်တော့တဲ့ မိဘနှစ်ပါးအတွက်ပဲ စိုးရိမ် နေခဲ့တယ်။

မုဆိုးဟာ “ဒီနေ့တော့ လင်းတဟင်း စားရတော့မယ်” ဆိုပြီး ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကျော့ကွင်းမိနေတဲ့ လင်းတလေးအနားကို ရောက်လာတယ်။ အဲဒီအချိန်မှာ လင်းတလေးဟာ “ငါ့မိဘနှစ်ပါးဟာ ငါမရှိရင် အစာရှာပေးမယ့်သူမရှိလို့ ငတ်မွတ်ပြီး သေရတော့မယ်” ဆိုပြီး မြည်တမ်းငိုကြွေးနေမိခဲ့တယ်။ အဲဒီအခါ မုဆိုးက လင်းတလေးရဲ့ ငိုနေတဲ့အသံကို ကြားသွား တယ်။ ဒါနဲ့ “ဒီလင်းတလေးဟာ ကျော့ကွင်းမိနေတာတောင် သူ့အတွက် မစိုးရိမ်၊ မငိုကြွေးဘဲ သူ့မိဘတွေအတွက်ပဲ စိုးရိမ်ငိုကြွေးတယ်။ မိဘပြုစုလုပ်ကျွေးတဲ့ လင်းတကို ငါ မသတ်သင့် ဘူး”လို့ တွေးပြီး ကျော့ကွင်းကနေ လွှတ်ပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ လင်းတလေးဟာ မုဆိုးကို ကျေးဇူးတင်စကား ပြောကြားပြီး သူ့ကို မျှော်နေကြတဲ့ မိဘတွေရှိရာကို ပျော်ရွှင်စွာနဲ့ ပြန်လာခဲ့ပါတယ်။

မှီငြမ်း။ ... ။ ဂိဇ္ဈဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊တတိယတွဲ။ ၄၈၅။ ဇာ၊ ဋ္ဌ၊ ၂၊ ၄၅။

֍ဇာတ်လမ်းနှင့်သက်ဆိုင်သော မေးခွန်းများကို မေးမြန်းပါ။

-ဒီဇာတ်လမ်းထဲမှာပါတဲ့ ငှက်က ဘာငှက်လဲ။
-သူဟာ ဘယ်သူတွေကို အစာ ရှာကျွေးနေတာလဲ။
-ကျော့ကွင်းမှာ မိနေတဲ့အချိန် လင်းတလေးဟာ ဘာကြောင့်ငိုတာလဲ။
-မုဆိုးကြီးက ဘာကြောင့် လင်းတလေးကို လွှတ်ပေးလိုက်တာလဲ။
-သားတို့၊ သမီးတို့သာ မုဆိုးကြီးဆိုရင် ဘာလုပ်ကြမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ပုံဆွဲရန်စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ကျေးဇူးတင်ထိုက်တဲ့ ခင်ပွန်းကြီး (၁၀) ပါးကို သိသွားပြီ။ ဇာတ်လမ်းလည်း နားထောင်ပြီးသွားပြီဆိုတော့ သားတို့၊ သမီးတို့အနေနဲ့ အခုအချိန်ထိ ကျေးဇူးတင် သင့်တဲ့သူတွေ အများကြီးရှိမှာပဲ။ အဒီထဲက ကျေးဇူးအတင်သင့်ဆုံးသူ တစ်ဦးကို စဉ်းစား ကြည့်ပါ” စသည်ဖြင့်မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ပြီးလျှင် “သားတို့၊ သမီးတို့ အဲဒီလူရဲ့ ပုံကိုဆွဲပြီး သင်ပုန်းမှာ လာကပ်ကြရမယ်”ဟု ပြောပါ။

ဥပမာ - ဖေဖေ့ပုံကိုဆွဲပြီး ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။

֍ကလေးများ၏ နာမည်နှင့် အဘယ်ကြောင့် ထိုသူကိုကျေးဇူးတင်တယ် ဆိုသည်ကိုပါ ရုပ်ပုံ ထဲတွင် ထည့်ရေးကြပါစေ။

֍ကလေးများအားလုံး ပါဝင်အောင် ဆရာက တိုက်တွန်းပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ခင်ပွန်းကြီးဆယ်ပါး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ခင်ပွန်းကြီး (၁ဝ) ပါးကို ပြန်လည်ရှင်းပြပြီး အောက်ပါကဗျာကို ကလေးများအား ဟန်အမူအရာဖြင့် ရွတ်ဆိုတတ်အောင် သင်ပေးပါ။

ခင်ပွန်းကြီးဆယ်ပါး

ဘုရားမြတ်စွာ၊ ပစ္စေကာ၊
ရဟန္တာများရယ်။
အဂ္ဂသာဝက၊ ဆရာမိဘ၊
လေးစားရသူရယ်။
ဒကာ ဒကာမ၊ ဓမ္မကထိက၊
ကြီးလှ ဂုဏ်သွယ်သွယ်။
ခင်ပွန်းကြီးဆယ်ပါး၊
မြဲမှတ်သား၊
မပြစ်မှားရဘူးကွယ်။

֍ခင်ပွန်းကြီး (၁ဝ) ပါးကို ပြန်ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများ ဖြေတတ် သလို ဖြေဆိုကြပါစေ။
  2. ခင်ပွန်းကြီး (၁ဝ) ပါး ရေးထားသော ကတ်ထူပြားကို သင်ပုန်းတွင် ချိတ်ဆွဲ ပြထားပါ။
  3. ပစ္စေကဗုဒ္ဓါ (ပစ်စေကဗုဒ်ဓါ) ဟု အသံထွက်ပါ။