မယ်ကာဠီ (ဆရာ)

339351ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၈။ မယ်ကာဠီ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

မယ်ကာဠီ

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားရှင်ကို ကြည်ညိုတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မဲလိပ်များ၊ ဝိသာခါလေး ကဗျာ၊ ရတနာသုံးပါး တို့အားထား ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ပထမတန်းတုန်းက သင်ခဲ့ဖူးတဲ့ ဝိသာခါလေးအကြောင်းကို မှတ်မိကြ သေးလား။ နောက်ပြီး ဒုတိယတန်းမှာသင်ခဲ့တဲ့ မွန်မင်းသမီးလေး တလထော်အကြောင်း ကိုရော မှတ်မိကြသေးလား။ သူတို့တွေဟာ ဘာလုပ်လို့/ဘာကြောင့် နာမည်ကျော်ကြ တာလဲ။ ကိုယ့်ဘေးနားက သူငယ်ချင်းနဲ့အတူ အဲဒီဝိသာခါလေးနဲ့ တလထော်အကြောင်း ကို ပြောကြည့်ကြပါဦး”ဟု ဆိုကာ ကလေးအချင်းချင်း ပြောဆိုကြပါစေ။

֍ပြီးနောက် ကလေးများအား အုပ်စု (၄) စု ဖွဲ့ပါ။

֍အုပ်စုတစ်စုစီအား မဲလိပ်တစ်လိပ်စီ နှိုက်ကြပါစေ။

֍အုပ်စုကိုယ်စားလှယ်များက မိမိတို့ကျရာခေါင်းစဉ်အတိုင်း ဝိသာခါလေးအကြောင်းနှင့် တလထော်အကြောင်းကို ပြောပြကြပါစေ။

[သတိပြုရန် 1]

֍အုပ်စုကိုယ်စားလှယ်တစ်ဦးစီ ပြောပြသွားသောအကြောင်းအရာများသည် ပြည့်စုံမှုရှိ၊ မရှိ ကို ကျန်အုပ်စုဝင်များက ထောက်ပြပြောဆိုပေးကြပါစေ။ အုပ်စုတစ်စုပြောပြီးတိုင်း ချီးကျူးအားပေးပါ။

֍အုပ်စုအားလုံးပြောပြီးသောအခါ ပထမတန်း သင်ခန်းစာ (၁၄) တွင် သင်ခဲ့ပြီးသော ဝိသာခါလေးကဗျာနှင့် ဒုတိယတန်း သင်ခန်းစာ (၁၅) တွင် သင်ခဲ့ပြီးသော ရတနာသုံးပါး တို့အားထား ကဗျာတို့ကို ဆရာနှင့်တကွ သံပြိုင်ရွတ်ဆိုကြပါစေ။

ဝိသာခါလေး

သမီးအလိမ္မာ ဝိသာခါ၊
နေ့စဉ်တရားနာ။
သီလယူကာ ကုသိုလ်ပွား၊
ချစ်သူခင်သူများ။
ဘုန်းကြီးကျောင်းကို သွားတဲ့ခါ၊
သူငယ်ချင်းလည်းပါ။
ဘိုးဘွားတို့မှာ ချစ်ခင်ကြ၊
အမြဲပျော်ရွှင်ရ။

ရတနာသုံးပါး တို့အားထား

ဘုရား၊ တရား၊ မြတ်သံဃာ၊
ဦးထိပ်ပန်ဆင်ကာ၊
ရိုသေစွာ မြတ်နိုးလို့၊
တို့တပ်တွေ ဆည်းကပ်ဖို့၊
ဆည်းကပ်ကြတဲ့ တို့တစ်တွေ၊
ကောင်းကျိုး များလှပေ။
အန္တရာယ်တွေ ကင်းစေသည့်
သရဏဂုံ ရွတ်ဆိုကြည့်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မယ်ကာဠီ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ၊

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ပြောပြသွားတဲ့ ဝိသာခါလေးတို့၊ တလထော်တို့လို ဘုရားရှင်ကို ကြည်ညိုတဲ့သူတစ်ယောက် အကြောင်းကို ပြောပြမယ်။ သူ့နာမည်က မယ်ကာဠီလို့ ခေါ်တယ်” စသည်ဖြင့် အစချီပြီး အောက်ပါဇာတ်လမ်းကို ပြောပြပါ။

မယ်ကာဠီ

ဘုရားရှင်လက်ထက်တော်က ဗာရာဏသီပြည်မှာ “မယ်ကာဠီ” ဆိုတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်။ သူဟာ မိအို၊ ဖအိုတွေကို လုပ်ကျွေးနေသူ ဖြစ်တယ်။ တစ်နေ့တာ အလုပ်သိမ်းပြီး လုပ်ငွေရမှ လိုအပ်တာတွေဝယ်ပြီး မိဘတွေကို ချက်ပြုတ်ကျွေးရသူ ဖြစ် တယ်။ ဒါ့ကြောင့် မယ်ကာလေးဟာ တစ်နေ့မှ အလုပ်မနားနိုင်ရှာဘူး။

တစ်နေ့မှာ မင်းကြီးရဲ့ ပင့်ဖိတ်မှုကြောင့် ဘုရားရှင်ဟာ ဗာရာဏသီမြို့မှာ ကြွ ရောက်ဖူးမြော်ခံပြီး တိုင်းသူပြည်သားတွေကို တရားဟောကြား ဆုံးမလျက်ရှိတယ်။ မယ် ကာဠိလေးက အဲဒီတရားပွဲဆီကို သွားချင်ပေမဲ့ တစ်နေ့အလုပ်မလုပ်ရင် မိအို၊ ဖအိုတွေကို ချက်ပြုတ်ကျွေးမွေးဖို့ ထမင်းဖိုးမရှိမှာကို စိုးရိမ်တဲ့အတွက် အလုပ်ပျက်ခံပြီး မသွားနိုင်ရှာဘူး။

တစ်နေ့တော့ မယ်ကာဠိလေးဟာ လယ်ထဲမှာ အလုပ်လုပ်နေရင်း မောပန်းတဲ့ အတွက် သစ်ပင်ရိပ်မှာ ခဏနားနေတယ်။ အဲဒီအချိန်မှာ ဘုရားရှင်ကို ဖူးမြော်ပြီး တရားပွဲ က ပြန်လာသူနှစ်ယောက်ဟာ မယ်ကာဠိလေး အနားယူနေတဲ့ သစ်ပင်ရိပ်မှာဝင်ပြီး ခဏနားရင်း ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ကြည်နူးစွာ ပြန်လည်ပြောဆိုနေကြတယ်။ မယ်ကာဠီလေးလည်း စိတ်ဝင်စားမိပြီး သေချာနားထောင်နေတယ်။

“ငါတို့ ဖူးမြော်ခဲ့တဲ့ ဘုရားရှင်ဟာ ဘယ်လို အခက်အခဲမျိုးနဲ့ပဲကြုံကြုံ မတုန်လှုပ် တတ်ဘူး။ ကြံစည်စရာမလိုဘဲ အလိုရှိရာ ပြည့်စုံပေတယ်။ ဘုရားရှင်ဟာ မပေးတဲ့ပစ္စည်း ကို မယူဘူး။ သတ္တဝါတွေကို မညှဉ်းဆဲ၊ မသတ်ဖြတ်ဘူး။ တရားကို မမေ့လျော့ဘူး။ ကြမ်းကြုတ်တဲ့စကားတွေကို ဘယ်သောအခါမှ မပြောတတ်ဘူး။ အကျိုးရှိတဲ့စကားကိုသာ ပြောဆိုတတ်သူ ဖြစ်တယ်။ အရာရာကို ပညာမျက်စိဖြင့် ကြည့်မြင်နိုင်သူ ဖြစ်တယ်။ စင်ကြယ်တဲ့ အကျင့်တရားရှိတယ်။ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှ အားလုံးမှာ ကောင်းခြင်းနဲ့ ပြည့်စုံတယ်။ ရုပ်သွင်ခန့်ညားတယ်။ အစားအသောက်မှာ ဣန္ဒြေရရ ဘေးမဖြစ်အောင် စား တော်မူပါပေတယ်” စတဲ့ ချီးကျူးစကားတွေကိုကြားတော့ မယ်ကာဠီလေးဟာ ဘုရားရှင် ကို အတိုင်းထက်အလွန် ကြည်ညိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိတယ်။

[သတိပြုရန် 2]

ညနေအလုပ်ပြီးလို့ အိမ်ပြန်လာတဲ့အခါ လပြည့်ညဖြစ်လို့ ပတ်ဝန်းကျင်တစ်ခွင်လုံး ဟာ သာယာလှပနေတယ်။ မယ်ကာဠီလေးလည်း တစ်လမ်းလုံး ဘာကိုမှမစဉ်းစားဘဲ ဘုရားရှင်ကို ကြည်ညိုစိတ်အပြည့်နဲ့ပဲ ပီတိဖုံးလွှမ်းပြီး ပြန်လာတာပေါ့။ အိမ်ရောက်တော့ သူကြားလာခဲ့ရတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေအကြောင်း သူ့မိဘတွေကို ပြန်ပြောပြတယ်။ အိုမင်းမစွမ်းလို့ အိမ်မှာပဲနေရတဲ့ မိဘတွေဟာ မယ်ကာဠီပြန်ပြောပြတဲ့ ဘုရားရှင်ရဲ့ ဂုဏ် တော်တွေကို ကြားတာနဲ့ ဝမ်းသာပြီး ကြည်ညိုပီတိ ဖြစ်ပွားကြတယ်။

နောက်တစ်နေ့မှာတော့ သူ့ရဲ့အလုပ်ရှင်သူဌေးက အလှူအထိမ်းအမှတ်အဖြစ် အလုပ်သမားအားလုံးကို တစ်ရက်တာ အလုပ်နားခွင့် ပေးလိုက်တဲ့အခါ မယ်ကာဠီဟာ အလွန်ပျော်ရွှင်သွားပြီး ဘုရားရှင်ကို သွားရောက်ဖူးမြော်တယ်။ . ဘုရားရှင်ရဲ့ရှေ့တော် ရောက်တော့ အလွန်ဝမ်းသာစွာနဲ့ ယဉ်ယဉ်ကျေးကျေးထိုင်ပြီး တလေးတစား ကြည်ညိုစွာ တရားနာယူတယ်။ ဘုရားရှင်ဟာ အရာရာကိုသိမြင်နိုင်တဲ့ ဉာဏ်တော်ရှိတာကြောင့် မယ် ကာဠီရဲ့အကြောင်းကို သိတော်မူတယ်။ ဒါကြောင့် ဘုရားရှင်ဟာ မယ်ကာဠီကို “တစ်ဆင့် စကားဖြင့် ဘုရားရှင်အား ကြည်ညိုသူများထဲတွင် အမြတ်ဆုံးသူ (ဧတဒဂ်ဘွဲ့ )” အဖြစ် ချီးမြှင့်လိုက်တယ်။

မှီငြမ်း ။ ။ ကာဠီကုရရယရိကာဝတ္ထု၊ အင်္ဂုတ္တိုရ် ဧကကနိပါတ်၊ အဋ္ဌကထာ၊ ၃၅၁။

֍အောက်ပါမေးခွန်းများ မေးပါ။

[သတိပြုရန် 3]

-မယ်ကာဠီလေးဟာ ပထမတစ်ရက်မှာ ဘုရားရှင်ကို ဖူးမြော်ခွင့်ရခဲ့လား။ ဘာကြောင့်လဲ။
-ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ကြားရတဲ့အခါ မယ်ကာဠီရဲ့ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားသလဲ။
-ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု ဆိုတာ ဘာကို ပြောတာလဲ။
-ဘုရားရှင်က မယ်ကာဠီကို ဘယ်လို ချီးမြှင့်လိုက်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘောလုံး။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ကို ပြောပြသွားတဲ့ ဇာတ်လမ်းထဲမှာပါတဲ့ မယ်ကာဠီလေးက ဘုရားရှင် ကို အလွန်ကြည်ညိုတယ်နော်။ သူကြည်ညိုတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေက ဘာတွေ လဲ”ဟု မေးကာ ကလေးများက ဂုဏ်တော် (၉) ပါးကို ရွတ်ပြကြပါစေ။

[သတိပြုရန် 4]

“ဣတိပိ သော ဘဂဝါ - အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။”

֍ထို့နောက် ကလေးများအား အုပ်စုနှစ်စုခွဲပြီး မျက်နှာချင်းဆိုင် ရပ်နေကြပါစေ။

֍ပထမအုပ်စုမှ ရှေ့ဆုံးကလေးက မျက်နှာချင်းဆိုင်ရှိ ကလေးတစ်ဦးဦးထံသို့ အရဟံ ဟု အော်လျက် ဘောလုံးကို ပစ်ပေးပါစေ။ ဘောလုံးလက်ခံသူက သမ္မာသမ္ဗုဒ္ဓေါ ဟု အော်လျက် မျက်နှာချင်းဆိုင်ရှိ အခြားတစ်ယောက်ထံသို့ ပစ်ပေးရမည်။ ထိုနည်းအတိုင်း ဂုဏ်တော် (၉) ပါးကို အစဉ်လိုက် ရွတ်ဆိုခြင်းဖြင့် အချိန်ရသလောက် ကစားကြပါစေ။

[သတိပြုရန် 5]

ဥပမာ-
သမ္မာသမ္ဗုဒ္ဓေါ
သုဂတော
အရဟံ
ဝိဇ္ဇာစရဏသမ္ပန္နော

ဂုဏ်တော်ကိုးပါးအဓိပ္ပာယ် (ဆရာသိရန်)

၁။ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား (အရဟံ)
၂။ သိစရာမှန်သမျှကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား (သမ္မာသမ္ဗုဒ္ဓေါ)
၃။ အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား (ဝိဇ္ဇာစရဏ သမ္ပန္နော)
၄။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား (သုဂတော)
၅။ လောကအားလုံးကို ကောင်းစွာသိမြင်တော်မူအပ်သော မြတ်စွာဘုရား (လောကဝိဒူ)
၆။ အလုံးစုံသောသတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူအပ်သော မြတ်စွာဘုရား (အနုတ္တရော ပုရိသဒမ္မသာရထိ)
၇။ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား (သတ္ထာဒေဝ မနုဿာနံ)
၈။ သစ္စာတရားကို သိမြင်တော်မူသော မြတ်စွာဘုရား (ဗုဒ္ဓေါ)
၉။ ဘုန်းတန်ခိုးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား (ဘဂဝါ)

֍နောက်ဆုံးတွင် ဆရာက အောက်ပါအတိုင်း ဆုတောင်းပေးပါ။

֍“ဒီနေ့က စပြီး သားတို့၊ သမီးတို့ဟာ ဘုရားရှင်ကို ကြည်ညိုပြီး ဘုရားရှင်ရဲ့ဂုဏ်တော် (၉) ပါးကို အမြဲရွတ်ဖတ်ပူဇော်တဲ့ ကလေးများ ဖြစ်ကြပါစေ”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဒီတစ်ချိန်မှာတော့ ဆရာတို့အတူတူ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီး (၅) မိနစ်လောက် တရားထိုင်ကြည့်ကြရအောင်”ဟု ပြောပြီး တရားထိုင်ကြပါစေ။

֍တရားထိုင်ပြီးပါက “သားတို့၊ သမီးတို့ တရားထိုင်နေတုန်းက မျက်စိထဲမှာ ပထမဆုံး ဘာကို စမြင်လိုက်သလဲ”ဟု မေးပြီး ကလေးတစ်ယောက်ချင်းစီက ပြောပြကြပါစေ။

֍ကလေးများပြောသမျှကို လက်ခံထားပေးပါ။

֍နောက်ဆုံးတွင် ဆရာက အောက်ပါအတိုင်း ဖြည့်စွက်ပြောကြားပေးပါ။

“တရားထိုင်တဲ့အချိန်မှာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုထားရင် ဘုရားရှင်ကို ကြည်ညိုစိတ်တွေ ဖြစ်ပေါ်လာပြီး သားတို့၊ သမီးတို့ရဲ့ စိတ်လေးတွေ ငြိမ်းချမ်းလာမယ်၊ အေးချမ်းလာမယ်၊ တည်ငြိမ်လာမယ်။ အဲဒီလိုပဲ တရားနာရင်လည်း တရားတော် ရဲ့ ဂုဏ်တော်တွေကို အာရုံပြုရင်း နာယူရတယ်။ အဲဒီလို နာယူနေတဲ့အချိန်မှာ သားတို့၊ သမီးတို့ရဲ့ စိတ်တွေဟာ တခြားဘယ်မှ မရာက်တော့ဘဲ တရားအပေါ်မှာပဲ အာရုံစိုက်နေ တယ်။ အဲဒီလို စိတ်တည်ငြိမ်လာတာနဲ့အမျှ မြတ်စွာဘုရားကို ပိုပြီး ကြည်ညိုလာတဲ့၊ လိမ္မာတဲ့ကလေးတွေ ဖြစ်လာကြမှာပဲ”။

ထို့နောက် အောက်ပါ ဂုဏ်တော်ကိုးပါး ဘုရားရှိခိုးကို သင်ပေးပြီး သံပြိုင်ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး

၁။ ကိလေသာကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၂။ တရားသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၃။ သိကျင့်စုံလင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၄။ ကောင်းသောစကားဆင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၅။ လောကသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၆။ ယဉ်ကျေးအောင်ပဲ့ပြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၇။ ဆရာသခင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၈။ သစ္စာသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
၉။ တန်ခိုးစုံလင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။

  1. မဲလိပ်များထဲတွင် ဝိသာခါလေး အကြောင်း ပြောပြရန် မဲလိပ် (၂) လိပ် နှင့် တလထော်အကြောင်း ပြောပြရန် မဲလိပ် (၂) လိပ် ကို ဆရာက ကြိုတင် ပြင်ဆင်ထားပါ။
  2. “ပညာမျက်စိ”ဟူသော စကားလုံးကို ကလေးများ နားလည်အောင် ရှင်းပြပါ။
  3. ကလေးများ ဖြေဆိုပြီးမှ ဆရာက ဖြည့်စွက်ရှင်းပြပါ။
  4. ကလေးများ မေ့နေလျှင် ဆရာက အစဖော်ပေးပါ။
  5. ကိုယ့်အုပ်စုအချင်းချင်း ဘောလုံးကို မပေးစေရ