သံကိစ္စသာမဏေရဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သဟဿဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၉။ သံကိစ္စသာမဏေရဝတ္ထု
324922ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သဟဿဝဂ် — ၉။ သံကိစ္စသာမဏေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၉။ သံကိစ္စသာမဏေဝတ္ထု

ယော စ ဝဿသတံ ဇီဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သံကိစ္စသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘေးရန်ကို ကြို၍ မြင်တော်မူခြင်း

သာဝတ္ထိပြည်၌ သုံးကျိပ်မျှကုန်သော အမျိုးသားတို့သည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာရသဖြင့် ဘုရားရှင်၏သာသနာတော်၌ မဆုတ်မနစ်သောစိတ်ဖြင့် ရဟန်းပြုကြလေကုန်၏။ ထိုရဟန်းတို့သည် ပဉ္စင်းဖြစ်သည်မှ ငါးဝါရလတ်ကုန်သော် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ဂန္ထဓုရ, ဝိပဿနာဓုရဟူသော ဓုရနှစ်ပါးတို့ကို နာကြားပြီးလျှင် အိုမင်းသောကာလ၌ ရဟန်းပြုရခြင်းကြောင့် စာပေသင်ကြားခြင်းဟူသော ဂန္ထဓုရ၌ အားထုတ်ခြင်းကို မပြုနိုင်သဖြင့် ဝိပဿနာဓုရကို ဖြည့်ကျင့်လိုကုန်ရကား “အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပါဘုရား”ဟု တောင်းပန်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တစ်ခုသော တောကျောင်းသို့ သွားလိုကြပါသည်ဘုရား”ဟု မြတ်စွာဘုရားကို ပန်ကြားကြကုန်၏။ ဘုရားရှင်လည်း “ချစ်သားရဟန်းတို့- အဘယ်အရပ်သို့ သွားကြကုန်အံ့နည်း”ဟု မေးသည်ရှိသော် “ဤမည်သောအရပ်သို့ သွားလိုကြပါသည်ဘုရား”ဟု နားတော်လျှောက်လျှင် “ထိုအရပ်၌ ထိုရဟန်းတို့အား တစ်ယောက်သော စားကြွင်းစားကိုမှီ၍ ဘေးရန်ဖြစ်ပေါ်လတ္တံ့၊ ထိုဘေးရန်သည်လည်း သံကိစ္စသာမဏေ လိုက်ပါသွားသည်ရှိသော် ငြိမ်းလတ္တံ့၊ ထိုအခါ ထိုရဟန်းတို့အား ရဟန်းကိစ္စ ပြည့်စုံခြင်းသို့ ရောက်လတ္တံ့”ဟု သိမြင်တော်မူလေ၏။

သာမဏေလောင်းလျာ လူ့ဘဝ ရောက်လာပုံ

သံကိစ္စသာမဏေ မည်သည်ကား အရှင်သာရိပုတြာမထေရ်၏ တပည့်သာမဏေတည်း။ ဖွားမြင်သည်မှ ခုနှစ်နှစ်အရွယ်သာ ရှိသေး၏။ ထိုသာမဏေ၏ မယ်တော်သည် သာဝတ္ထိပြည်၌ ကုံလုံကြွယ်ဝသော အမျိုးကောင်းသား တစ်ယောက်၏ သမီးဖြစ်သတတ်။ ထိုသံကိစ္စသာမဏေလောင်း ဝမ်း၌ကိန်းအောင်းစဉ် တစ်ခုသောအနာကြောင့် ခဏချင်း သေရှာလေ၏။ ထိုအလောင်းကောင်ကို ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သည်ရှိသော် သန္ဓေအိမ်အသားကိုထား၍ ကြွင်းသောကိုယ်ကောင်သည် လောင်ကျွမ်းလေ၏။ ထိုအခါ ထိုအလောင်းကောင်၏ သန္ဓေအိမ်အသားကို ထင်းပုံမှချ၍ နှစ်ခုသောအရပ်တို့၌ တံစူးဝါးတို့ဖြင့် ထိုးဆွကြလေကုန်၏။ တံစူးဝါးအစွန်းသည် သူငယ်၏ မျက်စိထောင့်စွန်းကို ခတ်မိလေ၏။ ဤသို့လျှင် သန္ဓေအိမ်အသားကို ထိုးဆွကာ မီးကျီးစု၌ ပစ်ချပြီးလျှင် မီးကျီးခဲတို့ဖြင့်သာ ဖုံးလွှမ်း၍ ဖဲသွားကြကုန်၏။ သန္ဓေအိမ်အသားသည်သာ လောင်ကျွမ်း၍ မီးကျီးခဲအထက်၌ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သူငယ်သည် ပဒုမ္မာကြာတိုက်၌ လျောင်းစက်နေရသကဲ့သို့ ဖြစ်လေ၏။

(ပစ္ဆိမဘဝိကဖြစ်သော သတ္တဝါအား မြင်းမိုရ်တောင်ဖြင့် ဖိလေသော်လည်း ရဟန္တာအဖြစ်သို့ မရောက်သေးလျှင် အသက်ကုန်ခြင်းမည်သည် မရှိနိုင်။)

သံကိစ္စ အမည်တွင်ရပုံ

တစ်ဖန် မိုးသောက်ရောက်သောနေ့၌ “ထင်းပုံကို ငြိမ်းစေကြကုန်အံ့”ဟု လာသောသူတို့သည် ထိုအခြင်းအရာဖြင့် လျောင်းစက်နေသော သူငယ်ကို မြင်ရလျှင် အဆန်းတကြယ် အံ့ဩသောစိတ် ရှိကြကုန်သဖြင့် “အဘယ်အကြောင်းကြောင့်လျှင် ဤမျှလောက်သော ထင်းတို့ကုန်လျက် ကိုယ်အလုံး လောင်ကျွမ်းသော်လည်း သူငယ်သည် မလောင်းကျွမ်းဘိသနည်း၊ အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု သူငယ်ကိုယူ၍ ရွာသို့သွားပြီးလျှင် နိမိတ်ဖတ်တတ်သောသူတို့ကို မေးကြလေကုန်၏။ နိမိတ်ဖတ်တတ်သော သူတို့သည် “ဤသူငယ်ကား အကယ်၍ အိမ်ကိုအုပ်ချုပ်ကာနေသည်ဖြစ်အံ့၊ ခုနစ်ခုမြောက်သော အမျိုးဆက်တိုက်အောင် ပေါက်ဖော်သားချင်း ဆွေရင်းမျိုးချာတို့သည် ဆင်းရဲနွမ်းပါးကြကုန်လတ္တံ့၊ အကယ်၍ ရဟန်းပြုသည်ဖြစ်အံ့၊ ငါးရာသောရဟန်းတို့ဖြင့် ခြံရံလျက် လှည့်လည်သွားလာရလတ္တံ့”ဟု ဆိုကြကုန်၏။ ထိုအခါ သတို့သားအား ခိုက်မိသော တံစူးဝါးဖြင့် မျက်စိထောင့်စွန်း ကွဲပျက်ခြင်းကြောင်း “သံကိစ္စ” ဟူသောအမည်ကို မှည့်ကြလေကုန်၏။ ထိုသတို့သားသည် တစ်ပါးသောအခါ၌ သံကိစ္စဟူသော အမည်ဖြင့် ထင်ရှားခဲ့၏။ ထိုအခါ သတို့သားကို ဆွေမျိုးတို့သည် “ထိုနိမိတ်ဖတ်သောအတိုင်းပင် ဖြစ်ပါစေ၊ ကြီးရင့်သောအခါ ငါတို့၏အရှင်ဖြစ်သော ရှင်သာရိပုတြာမထေရ်၏အထံ၌ ရှင်ပြုကြကုန်အံ့”ဟု ကျွေးမွေးသုတ်သင်ကြလေကုန်၏။

သံကိစ္စသာမဏေ ရဟန္တာဖြစ်ခြင်း

ထိုသတို့သားသည် ခုနစ်နှစ်ရှိသောအခါ “အမောင် ချစ်သား- မိခင်ဝမ်း၌ ပဋိသန္ဓေနေသောအခါ သင်ချစ်သား၏ မိခင်သည် သေခဲ့လေ၏၊ ထိုမိခင်၏ကိုယ်ကောင် လောင်ကျွမ်းသော်လည်း သင်ချစ်သားကား မလောင်ကျွမ်း”ဟု ပြောပြသည်ရှိသော် သတို့သားသည် ဆွေမျိုးတို့၏စကားကို ကြားရသဖြင့် “ငါကား ဤသို့သဘောရှိသောဘေးမှ လွတ်သတတ်၊ ငါ့အား အိမ်၌နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရှင်ရဟန်းပြုပါတော့အံ့”ဟု ဆွေမျိုးတို့အား ပြောကြားလေ၏။ ဆွေမျိုးတို့သည်လည်း “ချစ်သား အမောင်- ကောင်းလှပေပြီ”ဟု ဝန်ခံ၍ အရှင်သာရိပုတြာမထေရ်၏ အထံသို့ ဆောင်ပို့ပြီးလျှင် “အရှင်ဘုရား- ဤသတို့သားကို ရှင်ပြုပေးတော်မူကြပါဘုရား”ဟု အပ်နှင်းကြကုန်၏။ မထေရ်သည် တစပဉ္စကကမ္မဋ္ဌာန်းကိုပေး၍ ရှင်ပြုပေးလေ၏။ သံကိစ္စသတို့သား ရှင်လောင်းသည် ဆံရိတ်သော သင်တုန်းအဆုံး၌သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ သံကိစ္စသာမဏေ အမည်ရှိသောသူကား ဤသာမဏေပင်တည်း။

သာမဏေကို တောကျောင်းသို့ ထည့်လိုက်ခြင်း

မြတ်စွာဘုရားသည် “သံကိစ္စသာမဏေ လိုက်ပါသွားသည်ရှိသော် ဘေးရန်ငြိမ်းလတ္တံ့။ ထိုအခါ ထိုရဟန်းတို့အား ရဟန်းကိစ္စ ပြည့်စုံခြင်းသို့ ရောက်လတ္တံ့”ဟု သိမြင်တော်မူသဖြင့် “ချစ်သားရဟန်းတို့- သင်တို့၏ နောင်တော်ကြီးဖြစ်သော သာရိပုတြာမထေရ်ကို ဖူးမြော်ပြီးမှ သွားကြ”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့လည်း “ကောင်းလှပါပြီဘုရား”ဟု လျှောက်ကြား၍ မထေရ်အထံသို့ သွားရောက်ကြသဖြင့် “ငါ့ရှင်တို့- အဘယ်အကြောင်းရှိသနည်း”ဟု မေးသည်ရှိသော် “တပည့်တော်တို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကို ယူပြီးပါသဖြင့် တောသို့ဝင်ခြင်းငှာ အလိုရှိကုန်ရကား တပည့်တော်တို့အား မြတ်စွာဘုရားသည် သင်တို့နောင်တော်ကြီးကို ဖူးမြော်ပြီးမှ သွားကြဟု မိန့်တော်မူပါသည်၊ ထို့ကြောင့် ဤအရပ်သို့ လာကြရပါသည်ဘုရား”ဟု လျှောက်ကြားကြကုန်လျှင် မထေရ်သည် “မြတ်စွာဘုရားကား တစ်ခုသောအကြောင်းကို မြင်တော်မူသဖြင့် ရဟန်းတို့ကို ဤအရပ်သို့ စေလွှတ်အပ်ကုန်သည် ဖြစ်ကုန်လတ္တံ့”ဟု ကြံစည်တော်မူလေ၏။

“ဤအကြောင်းသည် အဘယ်နည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ထိုအကြောင်းကို သိမြင်တော်မူရ၍ “ငါ့ ရှင်တို့- သင်တို့အား သာမဏေရှိ၏လော”ဟု မိန့်ဆိုတော်မူလေ၏။ “အရှင်ဘုရား- မရှိပါ”ဟု လျှောက်ကြာလတ်သော် “ငါ့ရှင်တို့- အကယ်၍ မရှိသည်ဖြစ်အံ့၊ ဤသံကိစ္စသာမဏေကို ခေါ်၍သွားကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- အလိုမရှိကြပါ၊ တပည့်တော်တို့အား သာမဏေကိုမှီ၍ ကြောင့်ကြခြင်းဖြစ်လတ္တံ့၊ တော၌နေသောသူတို့အား သာမဏေဖြင့် အဘယ်အကျိုးရှိပါအံ့နည်း”ဟု ဆိုလတ်ပြန်သော် “ငါ့ရှင်တို့- ဤသံကိစ္စ သာမဏေကိုမှီ၍ သင်တို့အား ကြောင့်ကြခြင်း မဖြစ်လတ္တံ့၊ စင်စစ်တမူကား သင်တို့ကိုမှီ၍ ဤသာမဏေအား ကြောင့်ကြခြင်းဖြစ်လတ္တံ့”ဟု ဆိုပြီးလျှင် “မြတ်စွာဘုရားသည်လည်း သင်တို့ကို ငါ့အထံသို့ စေလွှတ်လိုက်သည်ရှိသော် သင်တို့နှင့်အတူတကွ သာမဏေကို ထည့်ပို့လိုက်ခြင်းကို တောင့်တတော်မူသဖြင့် စေလွှတ်တော်မူလိုက်၏၊ ဤသာမဏေကိုခေါ်၍ သွားကြကုန်လော့”ဟု မိန့်ဆိုတော်မူလေ၏။ ရဟန်းတို့လည်း “ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ သာမဏေနှင့်တကွ သုံးကျိပ်တစ်ပါးသော အရှင်မြတ်တို့သည် သာရိပုတြာမထေရ်ကို ပန်ကြားပြီးလျှင် ကျောင်းမှထွက်သဖြင့် ဒေသစာရီ ကြွချီလတ်သည်ရှိသော် ယူဇနာ တစ်ရာ့နှစ်ဆယ်ထက်၌ အိမ်ခြေတစ်ထောင်ရှိသော ရွာတစ်ခုသို့ ရောက်ကြလေကုန်၏။

လူတို့သည် ထိုရဟန်းတို့ကို မြင်ရလျှင် ကြည်လင်ရွှင်ပျသော စိတ်ရှိသည်ဖြစ်၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးလျှင် “အရှင်ဘုရားတို့- အဘယ်အရပ်သို့ ကြွသွားကြကုန်အံ့နည်း”ဟု မေးသဖြင့် “ဒါယကာတို့- ချမ်းသာရာ အရပ်ထိုထိုသို့ သွားကြကုန်အံ့”ဟု ဆိုလတ်သော် ခြေရင်း၌ဝပ်၍ “အရှင်ဘုရားတို့- အရှင်မြတ်ဘုရားတို့သည် ဤအရပ်ကိုမှီ၍ ဝါတွင်းကာလပတ်လုံး သီတင်းသုံးတော်မူကြသည်ရှိသော် တပည့်တော်တို့သည် ငါးပါးသီလကို ဆောက်တည်၍ ဥပုသ်သုံးခြင်းအမှုကို ပြုကြရပါလိမ့်မည်ဘုရား”ဟု လျှောက်ကြား တောင်းပန်ကြလေကုန်၏။ မထေရ်တို့သည် သည်းခံတော်မူကြလေကုန်၏။ ထိုအခါ လူတို့သည် ထိုရဟန်းတို့အလို့ငှာ ညဉ့်သန့်ရာအရပ်၊ နေ့သန့်ရာအရပ်၊ စင်္ကြံ၊ သစ်ရွက်မိုးသောဇရပ် စသည်တို့ကို စီမံပြုလုပ်ကြ၍ “ယနေ့ ငါတို့က လုပ်ကျွေးမည်၊ နက်ဖြန် ငါတို့က” စသည်ဖြင့် အားထုတ်ခြင်းသို့ ရောက်ကြကုန်သည်ဖြစ်၍ ဆည်းကပ်လုပ်ကျွေးခြင်းအမှုကို ပြုကြလေကုန်၏။

အချင်းချင်း ကတိကဝတ်ပြုပုံ

မထေရ်တို့သည် ဝါဆိုအံ့သောနေ့၌ ကတိကဝတ်ပြုကြသည်မှာ “ငါ့ရှင်တို့- ငါတို့သည် သက်တော်ထင်ရှားရှိသော ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကို ယူအပ်ပေပြီ၊ အကျင့်မြတ်၏ ပြည့်စုံခြင်းကို ဖယ်ထား၍ တစ်ပါးသောအကျင့်ဖြင့် ဘုရားရှင်တို့ကို နှစ်သိမ့်စေခြင်းငှာ မတက်ကောင်း၊ ငါတို့အလို့ငှာ အပါယ်တံခါးတို့သည် ဟင်းလင်းပွင့်ကြကုန်သည်သာတည်း၊ ထို့ကြောင့် နံနက်စောစော၌ ဆွမ်းခံသွားသောအခါကိုလည်းကောင်း၊ ညချမ်း၌ မထေရ်ကြီးအား ဆည်းကပ်ခစားသောအခါကိုလည်းကောင်း ဖယ်ထား၍ ကြွင်းသောအခါ၌ ငါတို့သည် နှစ်ပါးဖြစ်၍ တစ်ခုသောအရပ်၌ မဖြစ်ကြရကုန်စို့အံ့၊ မနေကြစတမ်း၊ အကြင်ရဟန်းအား မချမ်းမသာ ရောဂါဝေဒနာ ဖြစ်ငြားအံ့၊ ထိုရဟန်းသည် ခေါင်းလောင်းထိုးခတ်သည်ရှိသော် ထိုရဟန်း၏အထံသို့သွား၍ ဆေးကုသရကြကုန်စို့အံ့၊ ဤအချိန် ဤအဖို့မှ တစ်ပါးသော ညဉ့်အဖို့၌လည်းကောင်း၊ နေ့အဖို့၌လည်းကောင်း မမေ့မလျော့ကြကုန်မူ၍ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ကြရကုန်စို့အံ့”ဟု ကတိကဝတ်ကို ပြုကြလေကုန်၏။

စားကြွင်းစား ရောက်လာခြင်း

ထိုရဟန်းတို့သည် ဤသို့ ကတိကဝတ်ပြုသဖြင့် နေကြကုန်သည်ရှိသော် သမီးကိုအမှီပြု၍ အသက်မွေးရသော ဆင်းရဲသော ယောက်ျားတစ်ယောက်သည် ထိုအရပ်၌ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်ပေါ်လေရကား ထိုမှတစ်ပါးသောသမီးကို အမှီပြု၍ အသက်မွေးလိုသောကြောင့် ခရီးထွက်သွားလေ၏။ မထေရ်တို့သည်လည်း ရွာ၌ ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် နေရာအရပ်သို့ ပြန်လာကြသည်ရှိသော် လမ်းခရီးအကြား တစ်ခုသောမြစ်၌ရေချိုး၍ သဲပုံစု၌ ထိုင်လျက် ဆွမ်းစားခြင်းအမှုကို ပြုကြလေကုန်၏။ ထိုခဏ၌ ထိုသူဆင်းရဲယောက်ျားသည် ထိုအရပ်သို့ ရောက်သွား၍ တင့်အပ်လျောက်ပတ်သောအရပ်၌ တည်နေလေ၏။ ထိုအခါ သူဆင်းရဲယောက်ျားကို မထေရ်တို့သည် “အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးကြကုန်၏။ ထိုယောက်ျားသည် ထိုအကြောင်းကို လျှောက်ကြားလေ၏။ မထေရ်တို့သည် ထိုသူဆင်းရဲယောက်ျား၌ သနားခြင်း ကရုဏာကို ဖြစ်စေကြကုန်သဖြင့် “ဒါယကာ- သင်သည် အလွန်လျှင် မွတ်သိပ်ဆာလောင်ဟန်တကား၊ သွားချေ၊ ဖက်ရွက်ကို ဆောင်ယူခဲ့ချေလော့၊ တစ်ဆုပ်,တစ်ဆုပ်စီသော ထမင်းဆုပ်ကို သင့်အား ပေးကြကုန်အံ့”ဟု ဆိုခြင်းကြောင့် ထိုသူဆင်းရဲ ဖက်ရွက်ကို ဆောင်ယူခဲ့သည်ရှိသော် မိမိ,မိမိတို့ စားသောနည်းအားဖြင့်ပင်လျှင် ဟင်းလျာလက်သုပ်တို့ဖြင့် ရောစု၍ တစ်ဆုပ်,တစ်ဆုပ်စီသော ထမင်းဆုပ်ကို ပေးကြလေကုန်၏။

(ဤသို့ပေးခြင်းသည်ပင်လျှင် ဘုရားရှင် အလိုတော်ကျ ကျင့်ဝတ်ဖြစ်သတတ်။ စားဆဲဖြစ်သောခဏ၌ ရောက်လာသောသူအား ထမင်းကိုပေးလိုသော ရဟန်းသည် ဆွမ်းဦးကို မပေးမူ၍ မိမိသုံးဆောင်သော နည်းဖြင့်သာလျှင် အနည်းငယ်ကိုလည်းကောင်း၊ အများကိုလည်းကောင်း ပေးအပ်၏။ ထို့ကြောင့် ရဟန်းတို့သည်လည်း ထိုသို့သောနည်းအားဖြင့် ပေးကြလေကုန်၏။)

ထိုလူဆင်းရဲသည် ထမင်းစားခြင်းကိစ္စ ပြီးစီးသည်ရှိသော် မထေရ်တို့ကို ရှိခိုး၍ “အရှင်ဘုရားတို့- အရှင်မြတ်ဘုရားတို့ကို တစ်စုံတစ်ယောက်သောသူသည် ပင့်ဖိတ်အပ်ပါကုန်သလော”ဟု မေးလျှောက်လေ၏။ “ဒါယကာ- ပင့်ဖိတ်ခြင်းမရှိ၊ လူတို့သည် နေ့တိုင်း ဤသို့သာလျှင် ဆွမ်းအာဟာရကို လှူဒါန်းကြကုန်၏”ဟု မိန့်တော်မူလတ်သော် ထိုသူဆင်းရဲသည် “ငါတို့သည် အခါခပ်သိမ်း ထကြွလုံ့လ ကောင်းစွာပြုကြသဖြင့် အမှုအလုပ် အားထုတ်ကြကုန်သော်လည်း ဤသို့သဘောရှိသော ထမင်းအာဟာရကိုလည်း ရခြင်းငှာ မတတ်နိုင်ကုန်၊ ငါ့အား တစ်ပါးသောအရပ်သို့ သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤရဟန်းတို့အထံ၌သာလျှင် အသက်မွေးမြူပေတော့အံ့”ဟု ကြံစည်လေ၏။ ထိုအခါ ရဟန်းတော်တို့ကို “တပည့်တော်သည် ဝတ်ကြီးဝတ်ငယ်ကိုပြု၍ အရှင်မြတ်ဘုရားတို့၏အထံ၌ နေခြင်းငှာ အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဒါယကာ- ကောင်းပြီ”ဟု မိန့်တော်မူလတ်သော် ထိုသူဆင်းရဲသည် ရဟန်းတော်တို့နှင့် အတူတကွ ထိုရဟန်းတို့၏ နေရာအရပ်သို့ လိုက်သွား၍ ကောင်းစွာ ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်လျက် ရဟန်းတော်တို့ကို အလွန်လျှင် နှစ်သက်စေပြီးလျှင် နှစ်လလွန်သောအခါ သမီးကို ကြည့်ရှုလိုသည်ဖြစ်၍ “အရှင်မြတ်တို့ကို အကယ်၍ ပန်ကြားသည်ဖြစ်အံ့၊ ငါ့ကို မလွှတ်ကြကုန်လတ္တံ့၊ မပန်ကြားမူ၍ သွားအံ့”ဟု နှလုံးသွင်းလျက် ထိုရဟန်းတို့အား မပန်ကြားမူ၍သာလျှင် ထွက်ခွာသွားလေ၏။

(ဤမျှလောက်သာလျှင် ထိုသူ၏ ရုန့်ရင်းသော ချွတ်ယွင်းမှုသည် ဖြစ်သတတ်။ ၎င်းချွတ်ယွင်းမှုကား ရဟန်းတော်တို့အား မပန်ကြားမူ၍ ဖဲသွားခြင်းပင်တည်း။)

စားကြွင်းစား ကျေးဇူးကန်းပုံ

ထိုသူဆင်းရဲယောက်ျား သွားရာလမ်းခရီး၌ကား တောအုပ်တစ်ခု ရှိ၏။ ထိုတောအုပ်၌ ငါးရာသော ခိုးသားတို့သည် “အကြင်သူသည် ဤတောအုပ်သို့ သက်ဝင်၏၊ ထိုသူကိုသတ်၍ ထိုသူ၏ အသားအသွေးဖြင့် အရှင်နတ်မင်းတို့အား ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုကြပါကုန်အံ့”ဟု နတ်အား တောင်းပန်ခြင်းကိုပြု၍ နေကြကုန်စဉ် (နေကြသည်မှာ) ခုနစ်ရက်မြောက်သောနေ့သည် ဖြစ်လေ၏။ ထို့ကြောင့် ခုနစ်ရက်မြောက်သောနေ့၌ ခိုးမှူးကြီးသည် သစ်ပင်သို့တက်၍ ကြည့်ရှုလတ်သည်ရှိသော် ထိုဆင်းရဲသောသူ လာသည်ကို မြင်ရလျှင် ခိုးသူတို့အား အမှတ်သညာ အချက်ပေးလေ၏။

ခိုးသူတို့သည် ထိုသူဆင်းရဲ၏ တောအုပ်အလယ်သို့ ဝင်လာသည်အဖြစ်ကို သိသောကြောင့် ဝန်းရံသဖြင့် ထိုဆင်းရဲသောသူကို ဖမ်းဆီး၍ မြဲစွာ နှောင်ဖွဲ့ခြင်းကိုပြုပြီးလျှင် ပွတ်ခုံနှင့်တကွ ပွတ်ကျည်ဖြင့် မီးကိုဖြစ်စေပြီးလျှင် ထင်းတို့ကိုစုပုံသဖြင့် မီးပုံကြီးကိုပြု၍ တံစို့တို့ကို ရွေကြကုန်၏၊ ထိုသူဆင်းရဲသည် ခိုးသူတို့၏ ထိုသို့သော အခြင်းအရာကို မြင်ရလျှင် “အရှင်တို့-- ဤအရပ်၌ ဝက်သည်လည်း မထင်ကုန်၊ သမင်စသော သတ္တဝါတို့သည်လည်း မထင်ကုန်၊ အဘယ်အကြောင်းကြောင့် ဤအခြင်းအရာကို ပြုကြပါကုန်သနည်း”ဟု မေးလေ၏။ “သင့်ကိုသတ်၍ သင်၏အသားအသွေးဖြင့် နတ်မင်းအား ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုလုပ်ကြကုန်အံ့”ဟု ဆိုလတ်သော ထိုသူဆင်းရဲယောက်ျားသည် သေရအံ့သောဘေးမှ ကြောက်လန့်သောကြောင့် ရဟန်းတော်တို့၏ ထိုကျေးဇူးဥပကာရကို မအောက်မေ့မူ၍ သက်သက် မိမိ၏အသက်ကိုသာလျှင် စောင့်ရှောက်လျက် “အရှင့်သားတို့- အကျွန်ုပ်သည် စားကြွင်းစားပေတည်း၊ စွန့်ပစ်အပ်သော ထမင်းကျန်ကိုစား၍ ကြီးရင့်သော စားကြွင်းစားမည်သည် အလွန်ယုတ်ညံ့သောသူ ဖြစ်ပါသည်၊ အရှင်ကောင်းတို့သည် ဟုတ်ဟုတ်ငြားငြား ထိုထိုအမျိုးမှထွက်၍ ရဟန်းပြုကုန်သော်လည်း မင်းမျိုးသာလျှင် ဖြစ်ကုန်၏၊ ဤမည်သော အရပ်၌ သုံးကျိပ်တစ်ပါးသော ရဟန်းတို့သည် နေတော်မူကြကုန်၏၊ ထိုရဟန်းတော်တို့ကိုသတ်၍ ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုကြကုန်လော့၊ အလွန်လျှင် သခင်တို့အား နတ်မင်း နှစ်သက်လတ္တံ့”ဟု ဆိုလေ၏။

ထိုစကားကိုကြားရလျှင် ခိုးသူတို့သည် “ဤသူကား ကောင်းသောစကားကို ဆိုဘိ၏”ဟူ၍လည်းကောင်း၊ “ဤကျက်သရေမရှိ ယုတ်ညံ့သောသူဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မင်းမျိုးဖြစ်သော ရဟန်းတို့ကိုသတ်၍ ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုအံ့”ဟူ၍လည်းကောင်း ကြံစည်ပြီးလျှင် “လာလှည့်၊ ထိုရဟန်းတို့၏နေရာအရပ်ကို ညွှန်ပြလော့”ဟုဆို၍ ထိုလူဆင်းရဲ စားကြွင်းစားကိုပင်လျှင် ခရီးညွှန်ပြုသဖြင့် ထိုအရပ်သို့ရောက်လျှင် ကျောင်းအလယ်၌ ရဟန်းတို့ကို မမြင်သည်ရှိသော် “ရဟန်းတို့သည် အဘယ်မှာနည်း”ဟု စားကြွင်းစားကို မေးကြကုန်၏။ ထိုစားကြွင်းစားသည် နှစ်လပတ်လုံး နေဖူးသောကြောင့် ထိုရဟန်းတို့၏ ကတိကဝတ်ကို သိသည်ဖြစ်၍ ပြောဆိုသည်မှာ “မိမိ၏ ညဉ့်သန့်ရာအရပ်, နေ့သန့်ရာအရပ်တို့၌ နေကြကုန်၏။ ဤခေါင်းလောင်းကို ထိုးကြကုန်လော့၊ ခေါင်းလောင်းသံဖြင့် စည်းဝေးကြကုန်လတ္တံ့”ဟု ပြောဆိုလေ၏။ ခိုးမှူးကြီးသည် ခေါင်းလောင်းကို ထိုးလေ၏။

ခိုးသူဘေးကြောင့် ရဟန်းတို့ တိုင်ပင်ခြင်း

ရဟန်းတို့လည်း ခေါင်းလောင်းသံကိုကြားရလျှင် “အခါမဲ့၌ ခေါင်းလောင်းကို ထိုးကြကုန်၏၊ တစ်စုံတစ်ယောက်သောသူအား မချမ်းမသာ ဝေဒနာသည် ဖြစ်လတ္တံ့”ဟု အောက်မေ့သဖြင့် ကြွလာကြပြီးလျှင် ကျောင်းအလယ်၌ အစဉ်အတိုင်း ခင်းထားအပ်သော ကျောက်ဖျာတို့၌ နေကြကုန်၏။ သံဃထေရ်သည် ခိုးသူတို့ကိုကြည့်၍ “ဒါယကာတို့- အဘယ်သူ ဤခေါင်းလောင်းကို ထိုးသနည်း”ဟု မေးတော်မူလေ၏။ ခိုးမှူးကြီးသည် “အရှင်ဘုရား- တပည့်တော် ထိုးပါသည်”ဟု လျှောက်ကြားလျှင် “အဘယ်အကြောင်းကြောင့် ထိုးသနည်း”ဟု မေးတော်မူပြန်၏။ “တပည့်တော်တို့သည် တောအုပ်၌နေသော နတ်မင်းအား ခယတောင်းပန်ခြင်းရှိပါသည်၊ ထို့ကြောင့် ဗလိနတ်စာ တင်မြှောက်ခြင်းပြုရန် ရဟန်းတစ်ပါးကိုယူ၍ သွားလိုကြပါသည်”ဟု လျှောက်ကြားလေသော် ထိုစကားကိုကြားရလျှင် မထေရ်ကြီးသည် ရဟန်းတို့ကို “ငါ့ရှင်တို့- ညီငယ်တို့အားဖြစ်သော ကိစ္စမည်သည်ကို အစ်ကိုကြီး ထုတ်ဆောင်အပ်၏၊ ငါသည် မိမိ၏အသက်ကို သင်တို့အားစွန့်၍ ဤခိုးသူတို့နှင့် အတူတကွ လိုက်သွားပေတော့အံ့” ဟူ၍လည်းကောင်း၊ “ခပ်သိမ်းသော ရဟန်းတို့အား အန္တရာယ်သည် မဖြစ်ပါစေသတည်း၊ မမေ့မလျော့ ရဟန်းတရားကို အားထုတ်ကြကုန်လော့” ဟူ၍လည်းကောင်း မှာကြား မိန့်ဆိုလေ၏။ မထေရ်ကြီးအောက် ဒုတိယမြောက်သော မထေရ်ကလည်း “အရှင်ဘုရား- အစ်ကိုကြီးအားဖြစ်သော ကိစ္စမည်သည် ညီငယ်၏ တာဝန်ဖြစ်ပါသည်၊ တပည့်တော် လိုက်သွားပါမည်။ အရှင်ဘုရားတို့သည် မမေ့မလျော့ ရဟန်းတရား အားထုတ်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ဤသို့သောအားဖြင့် “တပည့်တော်သည်သာလျှင် လိုက်သွားပါအံ့”ဟု ဆိုသဖြင့် အစဉ်အတိုင်း သုံးကျိပ်သော ရဟန်းတို့သည်လည်း ဆိုကြလေကုန်၏။

(ဤသို့ဖြစ်လျှင် ထိုရဟန်းသုံးကျိပ်တို့သည် တစ်ယောက်သော အမိ၏သားတို့လည်းမဟုတ်၊ တစ်ယောက်သော အဘ၏ သားတို့လည်းမဟုတ်၊ ရာဂကင်းကုန်သော ရဟန္တာတို့လည်းမဟုတ်၊ အဟုတ်သော်ကား အမှန်စင်စစ် ကြွင်းသောသူတို့၏အကျိုးငှာ အစဉ်အတိုင်း အသက်ကိုစွန့်လွှတ်ကြကုန်၏။ ဤရဟန်းတို့တွင် တစ်ယောက်သော ရဟန်းသည်မျှလည်း “သင်လိုက်သွားလော့၊ သင်လိုက်သွားလော့”ဟု ဆိုသောသူမည်သည် မရှိ။)

သံကိစ္စသာမဏေ ခိုးသူတို့ထံ လိုက်သွားပုံ

သံကိစ္စသာမဏေသည် ထိုရဟန်းတော်တို့၏စကားကို ကြားရလျှင် “အရှင်ဘုရားတို့သည် နေမြဲသာ နေတော်မူကြပါ၊ တပည့်တော်သည် အရှင်ဘုရားတို့အတွက် အသက်ကိုစွန့်၍ လိုက်သွားပါအံ့ဘုရား”ဟု လျှောက်ဆိုသဖြင့် ရဟန်းသုံးကျိပ်တို့သည် “ငါ့ရှင်သာမဏေ- ငါတို့အားလုံး တစ်ပေါင်းတည်း အသတ်ခံကြရကုန်သော်လည်း သင်တစ်ယောက်တည်းကိုကား မလွှတ်နိုင်ကြကုန်လတ္တံ့”ဟု မိန့်ဆိုကြကုန်၏။ “အရှင်ဘုရားတို့- အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ဆိုလျှင် “ငါ့ရှင်သာမဏေ- သင်သည် တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတြာမထေရ်၏ သာမဏေတည်း၊ သင့်ကို အကယ်၍ လွှတ်လိုက်ကုန်သည်ဖြစ်အံ့၊ “ငါ၏သာမဏေကို ခေါ်သွား၍ ခိုးသူတို့အား အပ်နှင်းကြကုန်၏”ဟု မထေရ်သည် ငါတို့အား ကဲ့ရဲ့ပြစ်တင်တော်မူလတ္တံ့၊ ထိုကဲ့ရဲ့ပြစ်တင်ခြင်းကို ထုတ်ဆောင်ခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့၊ ထို့ကြောင့် သင့်ကို ငါတို့ မလွှတ်နိုင်ကြကုန်”ဟု မိန့်ဆိုကြလေကုန်၏။ “အရှင်ဘုရားတို့- မြတ်စွာဘုရားသည် အရှင်ဘုရားတို့ကို တပည့်တော်၏ ဥပဇ္ဈာယ်အထံသို့ စေလွှတ်တော်မူလတ်သော်လည်းကောင်း၊ တပည့်တော်၏ဥပဇ္ဈာယ်သည် တပည့်တော်ကို အရှင်ဘုရားတို့နှင့် အတူတကွ စေလွှတ်တော်မူလတ်သော်လည်းကောင်း ဤအကြောင်းကိုသာလျှင် မြင်တော်မူသဖြင့် စေလွှတ်တော်မူပါသည်။ အရှင်ဘုရားတို့သည် နေမြဲသာ နေတော်မူကြပါ၊ တပည့်တော်သာလျှင် လိုက်သွားပါမည်ဘုရား”ဟု ဆို၍ သံကိစ္စသာမဏေသည် သုံးကျိပ်သော ရဟန်းတို့ကို ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- တပည့်တော်အား ပြစ်မှားမိသောအပြစ်သည် အကယ်၍ ရှိငြားအံ့၊ သည်းခံတော်မူကြပါဘုရား”ဟု ဆိုလျက် ထွက်ခွာသွားလေ၏။

သန်လျက်ဓား ခွေလိပ်သွားခြင်း

ထိုအခါ ရဟန်းတို့အား ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂသည် ဖြစ်လေ၏၊ မျက်လုံးတို့သည် မျက်ရည်တို့ဖြင့် ပြည့်လေကုန်၏၊ နှလုံးသားသည် တုန်တုန်လှုပ်လှုပ် ဖြစ်လေ၏။ မထေရ်ကြီးသည် ခိုးသူတို့ကို “ဒါယကာတို့- ဤသာမဏေသည် ငယ်ရွယ်သေး၏၊ သင်တို့ မီးထည့်ကြသည်တို့ကိုလည်းကောင်း၊ တံစို့ချွန်ကြသည်တို့ကိုလည်းကောင်း၊ သစ်ရွက် ခင်းကြသည်တို့ကိုလည်းကောင်း၊ မြင်လျှင် ကြောက်လန့်လိမ့်မည်၊ ဤသာမဏေငယ်ကို သင့်လျော်သော အရပ်တစ်ခု၌ ထားပြီးမှ ထိုကိစ္စတို့ကို ပြုလုပ်ကြကုန်လော့”ဟု ဆို၏။ ခိုးသူတို့လည်း သာမဏေကိုခေါ်သွား၍ သင့်လျော်သောအရပ်တစ်ခု၌ထားပြီးမှ ခပ်သိမ်းသောကိစ္စတို့ကို ပြုကြလေကုန်၏။ ပြုဖွယ်ကိစ္စပြီးသောအခါ ခိုးမှူးကြီးသည် သန်လျက်ကို အိမ်မှထုတ်၍ သာမဏေသို့ ချဉ်းကပ်လတ်သည်ရှိသော် သာမဏေလည်း ထိုင်လျက် ဈာန်ကိုဝင်စား၍သာ နေလေ၏။ ခိုးမှူးကြီးသည် သန်လျက်ကိုဝင့်၍ အရှိန်ယူ၍ သာမဏေ၏ပခုံး၌ကျစေ၍ ဖြတ်ပိုင်းလိုက်၏။ သန်လျက်သည် ညွှတ်လိပ်၍ အသွားတစ်ခုဖြင့် အသွားတစ်ခုကို ခတ်မိလေ၏၊ ခိုးမှူးကြီးသည် “ငါသည် ကောင်းစွာ မခုတ်လိုက်မိလေပြီ”ဟု အောက်မေ့မှတ်ထင်သဖြင့် အဖန်တလဲလဲ ထိုသန်လျက်ကို ဖြောင့်မတ်စွာပြု၍ ခုတ်ဖြတ်ပြန်လေ၏။ သန်လျက်သည် ထန်းရွက်ကဲ့သို့ ယိမ်းနွဲ့တိမ်းယိုင်လျက် အရိုးရင်းသို့ ရောက်လေ၏။

(ထိုအခါ၌ သာမဏေကို မြင်းမိုရ်တောင်ဖြင့် ဖိသော်လည်း သေစေခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ သန်လျက်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း။)

ခိုးမှူးကြီး ဓားပစ်ချ၍ မေးမြန်းပုံ

ထိုသာမဏေ၏ တန်ခိုးပြာဋိဟာကို မြင်ရလျှင် ခိုးမှူးကြီးသည် “ရှေးအခါ ငါ၏သန်လျက်သည် ကျောက်တိုင်ကိုလည်းကောင်း၊ ရှားနှစ်သစ်ငုတ်ကိုလည်းကောင်း ကြာစွယ်ကြာရင်းကိုကဲ့သို့ ဖြတ်နိုင်၏၊ ယခုအခါ တစ်ကြိမ်တည်း ညွတ်ကိုင်း၍ ထန်းရွက်လိပ်ကဲ့သို့ ဖြစ်ရလေ၏၊ ဤသန်လျက်မည်သည် စိတ်မရှိသည်ဖြစ်လျက်လည်း ဤသာမဏေ၏ ဂုဏ်ကျေးဇူးကို သိ၏၊ ငါကား စိတ်ရှိပါလျက်လည်း မသိခဲ့တကား”ဟု နောင်တပူပန်လျက် ထိုခိုးမှူးကြီးသည် သန်လျက်ကို မြေ၌ပစ်ချ၍ ထိုသာမဏေ၏ခြေရင်း၌ ရင်ဖြင့်ဝပ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်တို့သည် ဥစ္စာဟူသောအကြောင်းကြောင့် တောအုပ်သို့ ဝင်သည်ဖြစ်ကုန်၏။ တပည့်တော်တို့ကို အဝေးမှမြင်ရလျှင် တစ်ထောင်မျှလောက်သော လူတို့သည်လည်း တုန်လှုပ်ကြကုန်၏၊ နှစ်ယောက် သုံးယောက်သော သူတို့ဆိုလျှင်ကား ဆိုဖွယ်ရာ မရှိပါ၊ အရှင်ဘုရားအားကား ထိတ်လန့်ခြင်းမျှလည်း မရှိ၊ ဖိုဝ၌ ဦးသစ်စ ရွှေကဲ့သို့လည်းကောင်း၊ ကောင်းစွာပွင့်သော မဟာလှေကားပန်းကဲ့သို့လည်းကောင်း အရှင်ဘုရားမျက်နှာတော်သည် တင့်တယ်ဘိ၏ ၊ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု မေးလိုရကား ဤဂါထာကို လျှောက်ဆိုလေ၏။

တာသော တေ နတ္ထိ န ဘယံ၊ ဘိယျော ဝဏ္ဏော ပသီဒတိ။
ကသ္မာ န ပရိဒေဝေသိ၊ ဧဝရူပေ မဟဗ္ဘယေ။

တေ၊ အရှင်ဘုရားအား။ တာသော၊ ထိတ်လန့်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘိယျော၊ လွန်စွာ။ ဝဏ္ဏော၊ အဆင်းသည်။ ပသီဒတိ၊ ကြည်လင်လှ၏။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ မဟဗ္ဘယေ၊ ကြီးစွာသော ဘေးဖြစ်သောအခါ၌။ ကသ္မာ၊ အဘယ့်ကြောင့်။ န ပရိဒေဝေသိ၊ မငိုကြွေးဘိသနည်း။

သာမဏေသည်လည်း ဈာန်မှထ၍ ထိုခိုးမှူးကြီးအား တရားဟောလိုရကား “ငါ့ရှင် ဒါယကာ အရပ်လူကြီးမင်း- ရဟန္တာပုဂ္ဂိုလ်၏ အတ္တဘောမည်သည်ကား ဦးခေါင်းထက်၌ တင်ထားအပ်သော ဝန်ကဲ့သို့ ဖြစ်၏။ ထိုရဟန္တာသည် အတ္တဘောပျက်ခဲ့သော်လည်းကောင်း၊ ပျောက်ခဲ့သော်လည်းကောင်း နှစ်သက်သည်သာလျှင်တည်း၊ မကြောက် မလန့်ပေ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ရွတ်ဆိုတော်မူလေ၏။

နတ္ထိ စေတသိကံ ဒုက္ခံ၊ အနပေက္ခဿ ဂါမဏိ။
အတိက္ကန္တော ဘယံ သဗ္ဗံ၊ ခီဏသံယောဇနော ဣသိ။
ခီဏာယ ဘဝနေတ္တိယာ၊ ဒိဋ္ဌဓမ္မေ ယထာ တထာ။
နိဗ္ဘယံ မရဏံ ဟောတိ၊ ဘာရဝေါရောပနံ ယထာ။

ဂါမဏိ၊ ဒါယကာခိုးမှူးကြီး။ ဣသိ၊ ရဟန္တာပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော။ ဘယံ၊ ဘေးရန်ကို။ အတိက္ကန္တော၊ လွန်မြောက်တော်မူပြီ။ ခီဏသံယောဇနော၊ ကုန်ပြီးသော သံယောဇဉ်ရှိတော်မူ၏။ အနပေက္ခဿ၊ ကိုယ်အသက်၌ ငဲ့ကွက်ခြင်းမရှိသော ရဟန္တာပုဂ္ဂိုလ်အား။ စေတသိကံ၊ စိတ်ကိုမှီ၍ဖြစ်သော။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ နတ္ထိ၊ မရှိ။

ဘဝနေတ္တိယာ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော ကြိုးနှင့်တူသော တဏှာ၏။ ခီဏာယ၊ ကုန်ခြင်းကြောင့်။ ဘာရဝေါရောပနံ ယထာ၊ ဝန်ထုပ်ကို ပစ်ချရခြင်းကဲ့သို့။ ဒိဋ္ဌဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌။ ယထာ တထာ၊ ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာဖြင့်။ နိဗ္ဘယံ၊ ကြောက်လန့်ခြင်းမရှိဘဲ။ မရဏံ၊ သေရခြင်း(ပရိနိဗ္ဗာန်ပြုခြင်း)သည်။ ဟောတိ၊ ဖြစ်၏။

ခိုးသားငါးရာတို့ တိုင်ပင်ကြပုံ

ထိုခိုးမှုကြီးသည် သာမဏေဟောသော တရားစကားကို ကြားနာရလျှင် ငါးရာသော ခိုးသားငယ်တို့ကို ကြည့်ရှုလျက် “သင်တို့သည် အဘယ်သို့ ပြုကုန်အံ့နည်း”ဟု မေးလေ၏။ “အရှင်ခိုးမှူးကြီး- သခင်တို့ကား အဘယ်သို့ ပြုကြမည်နည်း”ဟု ပြန်မေးလတ်သော် “အချင်းတို့- ငါ့အား ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာကို ရှေးဦးစွာ မြင်ရသဖြင့် အိမ်ရာထောင်သော လူ၏ဘောင်၌ ပြုဖွယ်အမှုမရှိပြီ၊ အရှင်မြတ်၏အထံတော်၌ ရဟန်းပြုတော့အံ့”ဟု ပြောဆိုလေ၏။ “ကျွန်တော်တို့သည်လည်း ထို့အတူသာလျှင် ပြုကြပါကုန်အံ့”ဟု ဆိုလျှင် “အမောင်တို့ - ကောင်းလှပေပြီ”ဟု ဆိုလေ၏။ ထို့နောက် ငါးရာစလုံးဖြစ်သော ခိုးသူတို့သည် သာမဏေကိုရှိခိုး၍ ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။

ခိုးသားတို့ ရဟန်းပြုကြခြင်း

ထိုသံကိစ္စ သာမဏေသည် ခိုးသူတို့၏ သန်လျက်သွားဖြင့်သာလျှင် ဆံတို့ကိုလည်းကောင်း၊ ပုဆိုးမြိတ်တို့ကိုလည်းကောင်း ဖြတ်၍ မြေနီဖြင့်ဆိုးသဖြင့် ထိုသင်္ကန်းတို့ကိုဝတ်စေ၍ ဆယ်ပါးသော သီလတို့၌ တည်စေလျက် ထိုရဟန်းသစ်တို့ကို ခေါ်ခဲ့၍ သွားစဉ် “ငါကား မထေရ်တို့ကို မဖူးမြင်ဘဲသာ အကယ်၍ သွားချေသည်ဖြစ်အံ့၊ ထိုရဟန်းတို့သည် ရဟန်းတရားကို အားထုတ်ခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့၊ ခိုးသူတို့သည် ငါ့ကို ဖမ်းယူသဖြင့် ထွက်သွားသောအခါမှစ၍ ထိုရဟန်းတို့တွင် တစ်ပါးသောရဟန်းမျှလည်း မျက်ရည်တို့ကို ဆည်ခြင်း,တည်တံ့စေခြင်းငှာ မတတ်နိုင်၊ သေသလော, မသေသလောဟု တွေးတောကြံစည်လျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုပြုခြင်း ဘာဝနာကို မရကုန်လတ္တံ့၊ ထို့ကြောင့် ထိုရဟန်းတို့အား ဖူးမြင်ပြီးမှသာလျှင် သွားပေအံ့”ဟု ကြံစည်လေ၏။ ထိုသာမဏေသည် ရဟန်းငါးရာတို့ဖြင့် ခြံရံလျက် ထိုအရပ်သို့သွား၍ မိမိအား မြင်ရခြင်းဖြင့် ရွှင်လန်းနှစ်သိမ့်ခြင်း ရရှိကုန်သော မထေရ်တို့သည် “သူတော်ကောင်းဖြစ်သော သံကိစ္စ သာမဏေ- အသို့နည်း၊ သင်သည် အသက်ရှင်ခြင်းကို ရလေပြီလော”ဟု မိန့်ဆိုလတ်သော် “အရှင်ဘုရားတို့- ရခဲ့သည် မှန်လှပါ၏ဘုရား၊ ဤသူတို့သည် တပည့်တော်ကို သတ်လိုကြကုန်လျက် သတ်ခြင်းငှာ မတတ်နိုင်ကြသည်ဖြစ်၍ တပည့်တော်၏ ဂုဏ်ကျေးဇူး၌ ကြည်ညိုပြီးလျှင် တရားနာရ၍ ရဟန်းပြုကြပါသည်၊ တပည့်တော်သည် အရှင်ဘုရားတို့ကို ဖူးမြင်ပြီးမှသာ သွားပေအံ့ဟု ရောက်လာပါသည်ဘုရား၊ မမေ့မလျော့ ရဟန်းတရားကို အားထုတ်တော်မူကြပါ၊ တပည့်တော်သည် မြတ်စွာဘုရား အထံတော်သို့ ပြန်သွားပါတော့မည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ထိုရဟန်းတို့ကိုရှိခိုး၍ ရဟန်းသစ် ငါးရာတို့ကို ခေါ်ပြီးလျှင် ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတြာမထေရ်မြတ်၏ အထံတော်သို့ ရောက်သွားသည်ရှိသော် “သံကိစ္စသာမဏေ- အသို့နည်း၊ သင်သည် အန္တေဝါသိကတပည့်တို့ကို ရခဲ့လေသလော”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- ရခဲ့သည် မှန်လှပါသည်ဘုရား”ဟု ဆို၍ ထိုအကြောင်းကို ပြန်ပြောင်းလျှောက်ကြားလေ၏။ အရှင်သာရိပုတြာ မထေရ်သည် “သံကိစ္စသာမဏေ- သွားချေ၊ ဘုရားရှင်ကို ဖူးမြော်ချေဦးလော့”ဟု ဆိုလတ်သော် “ကောင်းပါပြီဘုရား”ဟု မထေရ်ကိုရှိခိုး၍ ထိုရဟန်းတို့ကိုခေါ်သဖြင့် ဘုရားရှင်၏အထံတော်သို့ သွားရောက်လတ်သော် ဘုရားသဗ္ဗညုသည်လည်း “သံကိစ္စသာမဏေ- သင်သည် အန္တေဝါသိကတပည့်တို့ကို ရခဲ့လေသလော”ဟု မိန့်တော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရခဲ့သည် မှန်ပါသည်ဘုရား”ဟု ထိုအကြောင်းကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤသို့ဖြစ်၏ဟူသည် မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- သင်တို့အား ခိုးမှုကိုပြု၍ သီလမရှိသောအရာ၌တည်လျက် အနှစ်တစ်ရာပတ်လုံး အသက်ရှည်ရခြင်းထက် ယခုအခါ သီလ၌တည်လျက် တစ်ရက်မျှသော်လည်း အသက်ရှည်ရခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားလိုရကား ဤဂါထာကို မိန့်ကြားတော်မူလေ၏။

ဒေသနာတော်

[၁၁၀] ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

ယော စ၊ အကြင်သူသည်ကား။ ဒုဿီလော၊ သီလမရှိဘဲ။ အသမာဟိတော၊ တည်ကြည်ခြင်းမရှိဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုသီလမရှိသောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ သီလဝန္တဿ၊ သီလရှိသော။ ဈာယိနော၊ ကသိုဏ်းစသောအာရုံ, အနိစ္စစသော လက္ခဏာကို မပြတ်ရှုလတ်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှသော်လည်း။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ခိုးသူဖြစ်ဖူးသော ထိုရဟန်းငါးရာစလုံးတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဓိမုတ္တ သာမဏေ၏ ခိုင်ခံ့သောသစ္စာ

တစ်ပါးသောအခါကာလ၌ သံကိစ္စသာမဏေသည် ရဟန်းပဉ္စင်းအဖြစ်ကိုရ၍ ဆယ်ဝါရလတ်သည်ရှိသော် သာမဏေကို လက်ခံလေ၏။ (ဆယ်ဝါမရဘဲ သာမဏေ လက်မခံရ၊ လက်ခံလျှင် ဒုက္ကဋ်အာပတ်သင့်စေဟု ရှင်ဥပသေနကို အကြောင်းပြု၍ သိက္ခာပုဒ် ပညတ်ချက်ရှိလေသည်။) ထိုသာမဏေသည်ကား သံကိစ္စမထေရ်၏တူဖြစ်သော အဓိမုတ္တ သာမဏေမည်၏။ ထိုအခါ အဓိမုတ္တသာမဏေကို သံကိစ္စမထေရ်သည် အသက်နှစ်ဆယ် ပြည့်သောအခါ ခေါ်၍ “သင့်အား ပဉ္စင်းအဖြစ်ကို ပြုပေးပေအံ့၊ သွားချေ၊ ဆွေမျိုးတို့အထံ၌ အသက်အပိုင်းအခြားကိုမေး၍ ပြန်လာခဲ့လော့”ဟု လွှတ်လိုက်လေ၏။ ထိုအဓိမုတ္တသာမဏေသည် မိဘတို့၏အထံသို့သွားစဉ် လမ်ခရီးအကြား၌ ငါးရာသော ခိုးသူတို့သည် ဗလိနတ်စာ တင်မြှောက်ခြင်းအကျိုးငှာ ဆောင်ယူအပ်သည်ရှိသော် ထိုခိုးသူတို့အား တရားဟောကြားခြင်းကြောင့် ကြည်ညိုသော စိတ်ရှိကုန်သော ခိုးသူတို့သည် (ဤအရပ်၌ အကျွန်ုပ်တို့သည် အဖြစ်ကို တစ်စုံတစ်ယောက်သောသူအား သင်သည် မပြောကြားအပ်ဟုဆို၍) လွှတ်လိုက်သည်ရှိသော် ခရီးရင်ဆိုင် မိဘတို့လာကြသည်တို့ကိုမြင်ရလျှင် ထိုခိုးသူတို့ရှိသော လမ်းခရီးသို့သာလျှင် သွားဆဲဖြစ်ကုန်သော်လည်း ခိုးသူတို့ထံ ဝန်ခံခဲ့သောသစ္စာကို စောင့်ရှောက်လိုသည်ဖြစ်၍ ထိုမိဘတို့အား မပြောကြားလေ။ ထိုမိဘတို့ကို ခိုးသူတို့ ညှဉ်းပန်းအပ်ကုန်သည်ရှိသော် “ငါတို့သား အဓိမုတ္တသာမဏေဖြစ်သော သင်သည်လည်း ခိုးသူတို့နှင့်အတူတကွ တစ်ပေါင်းတည်းဖြစ်၍ ငါတို့အား မပြောကြားယောင်တကား”ဟု ဆိုလျက် ငိုကြွေးမြည်တမ်းကုန်သော မိဘတို့၏အသံကို ကြားရလျှင် ထိုသာမဏေသည် ထိုမိဘတို့အားသော်လည်း မပြောကြားသည်အဖြစ်ကို သိရသဖြင့် ကြည်ညိုသော စိတ်ရှိခြင်းကြောင့် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။ ထိုအဓိမုတ္တသာမဏေသည်လည်း သံကိစ္စသာမဏေကဲ့သို့ ထိုအလုံးစုံသော ခိုးသူတို့ကို ရဟန်းပြုပေး၍ ဆရာဥပဇ္ဈာယ်၏အထံတော်သို့ ခေါ်ဆောင်ပြီးလျှင် ထိုဥပဇ္ဈာယ်ဖြစ်သော သံကိစ္စမထေရ်သည် ဘုရားရှင်၏အထံတော်သို့ စေလွှတ်ခြင်းကြောင့် သွား၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤသို့ဖြစ်၏ဟူသည် မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် ရှေးနည်းအားဖြင့်သာလျှင် အနုသန္ဓေကိုစပ်၍ တရားဟောလိုရကား-

ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

ဟူသော ဤဂါထာကို ဟောတော်မူပြန်လေ၏။ (အနက်- ယခင်အတိုင်းပင်တည်း။)

သံကိစ္စသာမဏေဝတ္ထု ပြီး၏။