အကျိုးပျက်ပြား ကုန်းတိုက်စကား (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၄။ အကျိုးပျက်ပြား ကုန်းတိုက်စကား(ကျောင်းသားကိုင်သို့)
348322ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၄။ အကျိုးပျက်ပြား ကုန်းတိုက်စကား(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

သင်ခန်းစာခေါင်းစဉ်။ ။ အကျိုးပျက်ပြား ကုန်းတိုက်စကား

သင်ယူမှုဦးတည်ချက်။ ။ ကုန်းတိုက်စကား၏ ဆိုးကျိုးများကို သိရှိပြီး ချစ်ချစ်ခင်ခင် နေထိုင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ သင်ခန်းစာ (၉)၊ စာသင်ချိန်(၃) တွင် အသုံးပြုခဲ့သော ကတ်ပြားများကို ကလေးဦးရေအလိုက် စီစဉ်ပါ။ ကလေး တစ်ဦးစီကို ကတ်ပြားတစ်ခုစီပေးပါ။ မိမိရရှိထားသော ကတ်ပြားများကို ဖတ်၍ တူရာစုစေပြီး ဆရာက ဘာဒုစ ရိုက်လဲဟု မေးကာ အဖွဲ့ခွဲပေးပါ။ ဒုစရိုက်တရား ဆယ်ပါးကို ပြန်လည်ချိတ်ဆက် ပြောပြပေးကာ အောက်ပါမေးခွန်းများကို မေးပါ။

-ဒုစရိုက်တရား ဘယ်နှပါးရှိသလဲ။ ဘာတွေလဲ။
-ကာယဒုစရိုက် ဘယ်နှပါးရှိသလဲ။ ဘာတွေလဲ။
-ဝစီဒုစရိုက် ဘယ်နှပါးရှိသလဲ။ ဘာတွေလဲ။
-မနောဒုစရိုက် ဘယ်နှပါးရှိသလဲ။ ဘာတွေလဲ။

ဝစီဒုစရိုက်လေးပါး (နှုတ်ဖြင့်ပြုလုပ်သော မကောင်းမှု)

၁။ မုသာဝါဒ (လိမ်ညာ ပြောဆိုခြင်း)
၂။ ပိသုဏဝါစာ (ကုန်းတိုက်စကား ပြောဆိုခြင်း)
၃။ ဖရုသဝါစာ (ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း)
၄။ သမ္ဖပ္ပလာပ (အကျိုးမရှိသောစကားကို ပြောဆိုခြင်း)

֍ ထို့နောက် ကလေးများကို ဝစီဒုစရိုက်လေးပါးမှ ကုန်းတိုက်ခြင်းအကြောင်းကို သဘောပေါက် နားလည်စေရန် အောက်ပါ မေးခွန်းများကို မေးမြန်းဆွေးနွေးပါ။

-သားတို့၊ သမီးတို့တွေ “ကုန်းတိုက်တယ်” ဆိုတာ ကြားဖူးလား။
-“ကုန်းတိုက်တယ်” ဆိုတာ ဘာကို ပြောတာလဲ။
-သူများတွေ ကုန်းတိုက်စကားပြောတာကိုရော ကြားဖူးလား။ ဘယ်လိုပြောတာလဲ။
-ကိုယ်တိုင်ရော ကုန်းတိုက်စကား ပြောဖူးလား၊ ဘယ်လိုပြောတာလဲ။
-ကုန်းတိုက်တယ်ဆိုတာ ကောင်းလား၊ မကောင်းဘူးလား။ ဘာကြောင့်လဲ။
-ကုန်းတိုက်ရင် ဘာတွေဖြစ်လာနိုင်သလဲ။
-တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ သူများတွေရဲ့ ကုန်းတိုက်စကားကြောင့် ကွဲသွားကြတာကို မြင်ဖူး၊ ကြားဖူးလား။
(“ကုန်းတိုက်တယ်”ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် မဟုတ်မမှန် စကားပြောပြီး သွေးခွဲခြင်းကို ဆိုလိုကြောင်း ဆရာက ပြောပြပါ။)

֍ ထို့နောက် ဆရာက “နောက်စာသင်ချိန်မှာ ဝစီဒုစရိုက်ထဲမှာပါတဲ့ ပိသုဏဝါစာ (ကုန်းတိုက်စကား ပြောဆိုခြင်း)နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ကြည့်ပြီး ဆွေးနွေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “အကျိုးပျက်ပြား ကုန်းတိုက်စကား ဇာတ်လမ်းကို ဖတ်ကြည့်ကြရအောင်”ဟု ပြော၍ ကလေးများ ဖတ်ကြပါစေ။

အကျိုးပျက်ပြား ကုန်းတိုက်စကား

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ နွားကျောင်းသားလေးတစ်ယောက် ရှိတယ်။ သူဟာ နေ့တိုင်း နေ့တိုင်း နွားတွေကို တောထဲမှာ ကျောင်းလေ့ရှိတယ်။ အဲဒီတောထဲမှာ ခြင်္သေ့တွေ၊ ကျားတွေ၊ ဆင်တွေစတဲ့ တော သတ္တဝါမျိုးစုံ နေထိုင်ကျက်စားကြတယ်။ တစ်နေ့မှာ နွားကျောင်းသားလေးဟာ သူ့နွားတွေကို မြို့ထဲမောင်းလာပြီး နွားခြံမှာ သွင်းတယ်။ ဒါပေမဲ့ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ထားတဲ့ နွားမကြီးတစ်ကောင်ကို တောထဲမှာ မေ့ကျန် ထားရစ်ခဲ့တယ်။ နွားမကြီးဟာ သူ့အဖော်တွေကို တတ်နိုင်သလောက် လိုက်ရှာပေမဲ့ တောကြီးထဲမှာ မျက်စိလည်ပြီး ဘယ်လိုမှ မတွေ့နိုင်တော့လို့ တောထဲက တောင်ကြားလေးမှာ သနားစဖွယ် နေခဲ့ရရှာတယ်။ အဲဒီတောင်ကြားထဲမှာ ခြင်္သေ့ဇနီးမောင်နှံတို့လည်း နေထိုင်ကြတယ်။ ခြင်္သေ့မကလည်း မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ထားရတယ်။ ကိုယ်ဝန် သည်တွေဖြစ်တဲ့ ခြင်္သေ့မနဲ့ နွားမတို့ဟာ နေ့စဉ်တွေ့မြင်လာကြတော့ ခင်မင်ရင်းနှီးလာကြတယ်။

အဲဒီတောထဲမှာ သားကောင်တွေကို ပစ်ခတ်စားသောက်နေတဲ့ မုဆိုးတစ်ယောက်လည်းရှိတယ်။ မုဆိုး ဟာ အဲဒီတောင်ကြားထဲကို ရောက်တော့ အတူတူနေထိုင်ကြတဲ့ ခြင်္သေ့မိသားစုနဲ့ နွားမမိသားစုကို တွေ့သွားတယ်။ သူ့တစ်သက်လုံး တစ်ခါမှ မမြင်ဖူးတဲ့အတွက်အံ့ဩသွားခဲ့တယ်။ သူမြို့ကိုသွားတော့ ဘုရင်နဲ့တွေ့တဲ့အခါ အဲဒီအကြောင်းကို လျှောက်တင်တယ်။ အဲဒီအခါ ဘုရင်က စောင့်ကြည့်ထားဖို့ အမိန့်ရှိလိုက်တယ်။

တစ်နေ့မှာ တောထဲမှာနေတဲ့ မြေခွေးတစ်ကောင်က “ငါဟာ ခြင်္သေ့သားလည်း မစားဖူးဘူး။ ဒီလောက် ကြီးတဲ့ နွားသားလည်း မစားဖူးဘူး။ ဒီအသားနှစ်မျိုးကို စားရအောင် ဘယ်လိုလုပ်ရမလဲ”လို့ အကြံထုတ်နေခဲ့တယ်။ အကြံရတဲ့အခါ ခြင်္သေ့နဲ့နွားတို့ရှိရာ တောင်ကြားကို သွားပြီး မိတ်ဆွေဖွဲ့လိုက်တယ်။ မြေခွေးဟာ မိတ်ဆွေဖွဲ့ပြီး ကတည်းက ခြင်္သေ့မနဲ့ တွေ့တဲ့အခါ နွားမ မကောင်းကြောင်း၊ နွားမက ခြင်္သေ့အပေါ်မှာ မကောင်းကြံနေကြောင်း ကုန်းတိုက်စကား ပြောပါတယ်။ နွားမနဲ့ တွေ့တဲ့အခါ ခြင်္သေ့ မကောင်းကြောင်း၊ ခြင်္သေ့က နွားအသားများကို စားဖို့ ကြံစည်နေကြောင်း စသည်ဖြင့် ကုန်းတိုက်စကား ပြောပါတယ်။ အဲဒီလို ပြောဖန်များလာတဲ့အခါ ခြင်္သေ့မိသားစုနဲ့ နွားမိသားစုဟာ တဖြည်းဖြည်း မယုံမကြည် ဖြစ်လာကြတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာစိတ်တွေလည်း ကုန် ခန်းလာပြီး မုန်းတီးလာကြတော့တယ်။

နောက်ဆုံးမှာ တစ်ဦးနဲ့တစ်ဦး သည်းမခံနိုင်ဖြစ်ပြီး ခိုက်ရန်ဖြစ်ရာက ခြင်္သေ့မရော နွားမပါ အသက်ဆုံးရှုံး သွားကြရတယ်။ အဲဒီအခါ မိတ်ဆွေနှစ်ယောက် ခိုက်ရန်ဖြစ်အောင် ကုန်းတိုက်ပေးတဲ့ မြေခွေးဟာ ခြင်္သေ့သားနဲ့ နွားသားတွေကို ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ... အားရပါးရစားသောက်နေပါတော့တယ်။ အဲဒီအခါ ချုံပုတ်ထဲကနေ ချောင်းကြည့်နေတဲ့ မုဆိုးက စိတ်ထားယုတ်ပြီး သူတစ်ပါး ခိုက်ရန်ဖြစ်အောင် ပြုလုပ်တဲ့မြေခွေးကို မြားနဲ့ပစ်လိုက်တာ မြေခွေးလည်း အဲဒီနေရာမှာပဲ အသက်ဆုံးရှုံးသွားရပါတော့တယ်။

မှီငြမ်း။ ။ သန္ဓိဘေဒဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ဒုတိယတွဲ။ ၈၅၆။ ဇာ၊ဋ္ဌ၊၃၊၁၃၇။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေက ဘယ်သူတွေလဲ။
-မြေခွေးမှာ ဘယ်လို အကြံအစည် ရှိသလဲ။
-ခြင်္သေ့မိသားစုနဲ့ နွားမိသားစု ဘာကြောင့် အချင်းချင်း မုန်းတီးသွားသလဲ။
-မိတ်ဆွေနှစ်ဦးရဲ့ အသားကို ဘယ်သူက စားချင်တာလဲ။ ဘာကြောင့်လဲ။
-သားတို့၊ သမီးတို့ဆိုရင်ရော သူများပြောတာကို အလွယ်တကူယုံကြမှာလား။ ဘာဖြစ်လို့လဲ။
-ကုန်းတိုက်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မဲလိပ်များ၊ ပန်းချီဆွဲရန် လိုအပ်သောစာရွက်များနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “အခု သားတို့သမီးတို့ကို ပန်းချီဆွဲခိုင်းမယ်၊ ဒါပေမဲ့ ကိုယ်ကြိုက်ရာမဟုတ်ဘဲနဲ့ မဲကျရာကို ဆွဲရမယ်”ဟု ပြောပြီး စာသင်ချိန်ကို စတင်ပါ။

֍ တစ်ဖွဲ့လျှင် ငါးယောက်ပါသော အုပ်စုများကို ဖွဲ့ပါ။

֍ တောအုပ်၊ နွားမ၊ ခြင်္သေ့၊ မြေခွေး၊ မုဆိုး ဟု ရေးထားသောမဲလိပ် ငါးခုကို ဆရာက ကြိုတင်ပြင်ဆင်ထား၍ တစ်အုပ်စုလျှင် တစ်စုံစီပေးပြီး မဲနှိုက်ကြပါစေ။ ထို့နောက် ကလေးတစ်ဦးစီက မိမိရသော မဲလိပ်အတိုင်း ပုံဆွဲပါ စေ။ မိမိဆွဲထားသော ပုံအောက်တွင် ကုန်းတိုက်သူ၊ ကုန်းတိုက်စကားကြောင့် ဒုက္ခရောက်သွားသူ စသည်ဖြင့် ရေးသားဖော်ပြကာ သင်ပုန်းတွင် ကပ်ကြပါစေ။

֍ ပြီးလျှင် “အခုလို စုပေါင်းပန်းချီဆွဲခိုင်းရတာ ချစ်ချစ်ခင်ခင်နဲ့ စုပေါင်းညီညွတ်တာကို သိစေချင်တဲ့အတွက် ဖြစ်တယ်။ ဇာတ်လမ်းထဲမှာ မြေခွေးကုန်းတိုက်စကား မပြောခင်က ခြင်္သေ့နဲ့နွားတို့ဟာ ချစ်ချစ်ခင်ခင် နေခဲ့ကြတယ်။ ဒါပေမဲ့ မြေခွေးရဲ့ ကုန်းတိုက်စကားကြောင့် နှစ်ဦးလုံးပျက်စီးခဲ့ရတယ်။ ဒါကြောင့် သားတို့သမီးတို့ဘဝမှာ သူများကို ကုန်းတိုက်စကား မပြောမိအောင်နေကြပါ။ သူများရဲ့ ကုန်းတိုက်စကားကြောင့်လည်း သူငယ်ချင်း အချင်းချင်း၊ မိတ်ဆွေအချင်းချင်း ချစ်ခင်စည်းလုံးမှု မပျက်ကြပါစေနဲ့” စသည်ဖြင့် ပြော၍ စာသင်ချိန်ကို အဆုံး သတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး အောက်ပါမေးခွန်းများကို အုပ်စုလိုက်စဉ်းစားပြီး ကိုယ်စားလှယ်တစ် ဦးစီက ပြောကြပါစေ။

-ကုန်းတိုက်ရင် ဘယ်လို ဆိုးကျိုးတွေ ရလာနိုင်သလဲ။ (ချစ်ခင်မှု ပျက်ပြားမယ်၊ ခိုက်ရန်ဖြစ်မယ်၊ မုန်းတီး မယ်၊ စိတ်ညစ်ရမယ်၊ ပြဿနာတွေ ဖြေရှင်းရမယ် ...)

֍ အောက်ဖော်ပြပါပုံကို ကလေးများအား အုပ်စုလိုက်ဆွဲစေ၍ ကုန်းတိုက်သူ၊ နားယောင်သူ၊ ကုန်းတိုက်ခံရသူတို့ ရရှိသော ဆိုးကျိုးများကို ရေးမှတ်စေပြီး အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ပြောကြပါစေ။

ကုန်းတိုက်သူ

ဆိုးကျိုးများ

နားယောင်သူ

ကုန်းတိုက်ခံရသူ

֍ ထို့နောက် ကလေးများ ဆွေးနွေးထားသော အချက်များကို ဆရာက မှတ်သားထားပြီး “သားတို့ သမီးတို့ ... ကုန်းတိုက်သူရော၊ ကုန်းတိုက်စကားကို နားယောင်သူတွေရော၊ ကုန်းတိုက်ခံရသူတွေရော သုံးဦးလုံး ဘယ်သူမှ အကျိုးမရှိလို့ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နေထိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် ကုန်းတိုက်ခြင်းကို ရှောင်ရှားပြီး သူတစ်ပါးအတွက်ရော မိမိအတွက်ပါ အကျိုးရှိတဲ့ စကားကိုသာ ပြောကြရမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။