မဆင်မခြင်ပြောသည့် ဆိုးကျိုး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၅။ မဆင်မခြင်ပြောသည့် ဆိုးကျိုး(ကျောင်းသားကိုင်သို့)
348323ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၅။ မဆင်မခြင်ပြောသည့် ဆိုးကျိုး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

သင်ခန်းစာခေါင်းစဉ်။ ။ မဆင်မခြင်ပြောသည့် ဆိုးကျိုး

သင်ယူမှုဦးတည်ချက်။ ။ စကားပြောရာတွင် ဆင်ဆင်ခြင်ခြင် ပြောဆိုတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မဲလိပ်နှစ်လိပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ “စကားရည်လုပွဲလေးတစ်ခု ပြုလုပ်မယ်။ စကားရည်လုပွဲမှာ ဘယ်လိုပါဝင်ကြရမလဲဆိုတာ ပြောပြမယ်”ဟု ဆိုကာ ဆရာက အောက်ပါအတိုင်း ရှင်းပြပေးပါ။

“စကားရည်လုပွဲမှာ ... ကိုယ်ရထားတဲ့ ခေါင်းစဉ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာဘက်က ရပ်တည်ပြီး တစ်ဖက်အဖွဲ့ကို ခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ပြန်လည်ချေပပြောဆိုနိုင်အောင် ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင် ကြရမယ်၊ နှစ်ဖွဲ့လုံးအတွက် အချိန်သတ်မှတ်ပေးမယ်၊ ဆရာစီစဉ်ပေးတဲ့အတိုင်း တစ်ဖွဲ့စီက တစ်လှည့်စီ ပြောရ မယ်”စသည်ဖြင့် ရှင်းပြပြောဆိုပြီးလျှင် အဖွဲ့နှစ်ဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးစီအား အောက်ပါမဲလိပ်များကို နှိုက်ပါစေ။

မဲလိပ်(၁) စကားများများပြောတာ ကောင်းတယ်
မဲလိပ်(၂) စကားနည်းနည်းပြောတာ ကောင်းတယ်

֍ စကားရည်လုပွဲတွင် ပါဝင်သူ ကလေးအရေအတွက်ကို ဆွေးနွေးချိန်ပေါ်တွင် မူတည်၍ ဆရာက သတ်မှတ်ပေးပါ။ (ဥပမာ-ဆွေးနွေးချိန် ငါးမိနစ်သတ်မှတ်လျှင် တစ်ဖွဲ့စီမှ ငါးဦးပြောပါစေ။) အုပ်စုနှစ်ခုလုံး၏ ဆွေးနွေးတင်ပြမှများကို အားလုံးက လက်ခုပ်တီး၍ အားပေးကြပါစေ။

֍ ကလေးများ၏ စကားရည်လုပွဲပြီးဆုံးလျှင် ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“ဒီစကားရည်လုပွဲက အနိုင်အရှုံး ဆုံးဖြတ်ဖို့ မဟုတ်ဘူး။ စကားကို နည်းနည်းပြောရတာရှိသလို များများပြောမှ ကောင်းတာလည်းရှိတယ်။ ဘယ်အချိန်မှာ စကားကို ဘယ်လိုပြောရမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ပဲလိုတယ်။”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“စာသင်ချိန် (၁) မှာ စကားရည်လုပွဲလေး ပြုလုပ်လိုက်တဲ့အတွက် သားတို့သမီးတို့ဟာ စကားပြောခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ သိသွားပြီနော်။ ဆရာအပါအဝင် သားတို့သမီးတို့အားလုံးဟာ ကိုယ်နဲ့လည်းကောင်း တာတွေ လုပ်ရမယ်၊ နှုတ် (ပါးစပ်) နဲ့လည်းကောင်းတာတွေ ပြောရမယ်၊ စိတ်ထဲမှာလည်းကောင်းတဲ့အတွေး တွေ ဖြစ်နေအောင် ကြိုးစားကြရမယ်။ အခု ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ကြည့်ကြမယ်”ဟု ဆိုကာ အောက်ပါ ဇာတ်လမ်းကို ဖတ်ပါစေ။

မဆင်မခြင်ပြောသည့် ဆိုးကျိုး

တစ်ခါတုန်းက သောဏလို့ခေါ်တဲ့ ဥပါသကာတစ်ဦးဟာ မထေရ်တစ်ပါးဆီမှာ ချဉ်းကပ်ပြီးတော့ ဆွမ်းလုပ် ကျွေးခြင်း၊ တရားဓမ္မနာကြားခြင်း၊ တရားဓမ္မဆွေးနွေးခြင်း စတာတွေကို အမြဲမပြတ် ပြုလုပ်လေ့ရှိတယ်။ မထေရ်မြတ်ရဲ့ တရားအဆုံးအမတွေကို ကြားနာရဖန် များလာတဲ့အခါ သောဏဥပါသကာဟာ သတိသံဝေဂရပြီး တရားကို ပြင်းပြင်းထန်ထန် အားထုတ်တော့တယ်။

တစ်နေ့မှာ သောဏဟာ ကုန်အရောင်းအဝယ်ကိစ္စနဲ့ အခြားမြို့ တစ်မြို့ကို သွားတဲ့ ကုန်သည်တစ်စုနဲ့အတူ လိုက်ပါသွားတယ်။ ညနေမှောင်စပျိုးလာတဲ့အခါ လမ်းခရီးတစ်နေရာမှာ အိပ်စက်အနားယူဖို့ ရပ်နားလိုက်ကြတယ်။ တရားအားထုတ်ရာမှာ မွေ့လျော်လေ့ရှိတဲ့ သောဏက ကုန်သည်တို့နဲ့ ရောရောနှောနှော ဆူဆူညံညံ မအိပ်လိုတဲ့အတွက် မလှမ်းမကမ်း တစ်နေရာသွားပြီး အိပ်တယ်။

မနက်မိုးလင်းတဲ့အခါ ကုန်သည်တွေက သောဏကိုခေါ်ဖို့ သတိမရကြဘဲ ခရီးဆက်လက် ထွက်ခွာသွား ကြတယ်။ မိုးထိန်ထိန်လင်းလို့ နေရောင်လာတဲ့အခါမှာ သောဏဟာ အိပ်ရာကနိုးလာတယ်။ ကုန်သည်တွေကို မတွေ့ရလို့ ဘေးအနီးပတ်ဝန်းကျင်မှာ လိုက်ရှာတယ်။ နောက်ဆုံးမှာ ကုန်သည်တို့ ဆက်လက်ထွက်ခွာသွားကြပြီ ဆိုတာကို သိလိုက်ရပြီးသောဏဟာ ကုန်သည်တို့ သွားတဲ့လမ်းအတိုင်း လျင်မြန်စွာလိုက်သွားတော့ လမ်းခရီးတစ် နေရာက ညောင်ပင်ကြီးတစ်ပင်ရဲ့ အနီးကို ရောက်လာတယ်။

သောဏဟာ အဲဒီနေရာမှာ အလွန်ထူးခြားတဲ့ အသွင်သဏ္ဌာန်နဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကိုအံ့ဩဖွယ်ရာ တွေ့ရ တော့တယ်။ ထိုပုဂ္ဂိုလ်ကြီးရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကြီးမားတယ်။ အလွန်အရုပ်ဆိုးပြီး ကြောက်မက်ဖွယ်လည်း အလွန်ကောင်းတယ်။ ခန္ဓာကိုယ်မှာလည်း အရိုးပြိုင်းပြိုင်း ထနေတယ်။ သူရဲ့ အသားတွေကိုလည်း သူကိုယ်တိုင် ပြန်ပြီးတော့ စားနေတယ်။ သောဏဟာ တရားဓမ္မတွေကို နှစ်ပေါင်းများစွာ အားထုတ်ထားသူဖြစ်လို့ ကြောက်လန့်ခြင်း လုံးဝမရှိဘူး။ ကြောက်လန့်ခြင်း မဖြစ်ရုံသာမက “သင်ဘယ်သူလဲ” လို့တောင် မေးလိုက်သေးတယ်။ ကြောက် မက်ဖွယ် ပုဂ္ဂိုလ်ကြီးက “ကျွန်ုပ်ဟာ ပြိတ္တာဖြစ်ပါတယ်”လို့ ပြန်ဖြေတယ်။ ဒီအခါ သောဏက “ဘယ်လို မကောင်းမှ အကုသိုလ်မျိုးကို ကျူးလွန်ခဲ့လို့ အခုလို ဆင်းရဲဒုက္ခတွေ ခံစားနေရတာလဲ”လို့ ထပ်မေးတယ်။

အဲဒီအခါ ပြိတ္တာကြီးက “အကျွန်ုပ်ဟာ ရှေးဘဝတုန်းက ဘာရုကစ္ဆကမြို့မှာ ကုန်သည်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီဘဝမှာ ကျွန်ုပ်ဟာ သူများတွေရဲ့ ပစ္စည်းဥစ္စာတွေကို လိမ်လည်လှည့်ဖြားပြီး ရယူခဲ့ပါတယ်။ ဒါ့အပြင် ဆွမ်းခံကြွတဲ့ ရဟန်းသာမဏေတွေကိုလည်း ‘သင်တို့ရဲ့ အသားကို ကိုယ်တိုင်ပြန်စားကြလို့ ပြောဆိုစောကား ခဲ့မိပါတယ်။ အဲဒီလို မကောင်းမှု အကုသိုလ်ကံတွေကြောင့် အခုလို ဆင်းရဲဒုက္ခတွေကို ခံစားနေရခြင်း ဖြစ်ပါ တယ်”လို့ ပြန်လည်ဖြေကြားတယ်။

သောဏဥပါသကာဟာ ပြိတ္တာကြီးရဲ့ စကားကို ကြားရတဲ့အခါ အလွန်သတိသံဝေဂ ဖြစ်မိတယ်။ ဒါ့အပြင် အခြားသူတွေကို လိမ်လည်လှည့်ဖြားရင် ဖြစ်လေရာဘဝတိုင်းမှာ ရုပ်ဆိုးသူ ဖြစ်တတ်ကြောင်း၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် တွေကို ရိုင်းပျစွာ ပြောဆိုစော်ကားရင် ပြိတ္တာဘဝသို့ ရောက်တတ်ကြောင်း စသည်ဖြင့် မကောင်းမှု အကုသိုလ်ကံ တို့ရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ဆက်လက်ဆင်ခြင်လို့ နေပါတော့တယ်။

မှီငြမ်း။ ။ သာရတ္ထ၊ဋီ၊၃၊၂၉၆။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ပြိတ္တာကြီးက သောဏဥပါသကာကို ဘယ်လိုပြန်ပြောသလဲ။
-ပြိတ္တာကြီးဟာ ကုန်သည်ဘဝတုန်းက ဘယ်လိုစီးပွားရှာခဲ့သလဲ။ အဲဒီအကျိုးဆက်ကြောင့် ဘာတွေ ဖြစ်ခဲ့သလဲ။
-ပြိတ္တာကြီးဟာ ကုန်သည်ဘဝတုန်းက ဆွမ်းခံကြွတဲ့ ရဟန်းသာမဏေတွေကို ဘယ်လိုပြောဆို စော်ကားခဲ့သလဲ။အဲဒီအကျိုးဆက်ကြောင့် ဘာတွေဖြစ်လာသလဲ။
-အခြားသူများကို လိမ်လည်လှည့်ဖြားလျှင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။
-မြင့်မြတ်တဲ့ ရဟန်းသံဃာတွေကို ရိုင်းပျစွာပြောဆို စော်ကားလျှင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။
-စကားကို ပြောသင့်မပြောသင့် မစဉ်းစားဘဲ နှုတ်မစောင့်စည်းဘဲ ပြောမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်တယ်လို့ ထင်သလဲ။

֍ ကလေးများ၏ အဖြေများကို လက်ခံနားထောင်ပေးပြီး “လိုအပ်သော အခြေအနေ အချိန်အခါတွင် စကားများများ ပြော၍၊ စကားပြောခြင်းကြောင့် မိမိသူတစ်ပါး ထိခိုက်နစ်နာနိုင်ပါက စကားကို ချင့်ချိန်၍ ပြောဆိုကြဖို့၊ အကျိုးမရှိ တဲ့စကားကို လုံးဝမပြောကြဖို့ အားလုံးမှတ်သားထားကြရမယ်”ဟု ဆရာက အနှစ်ချုပ် ပြောပြပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ လူသုံးမျိုး အကြောင်း ရေးထားသော စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းနှင့် ပြန်လည်ချိတ်ဆက်ပြောဆိုကာ “အခု ဘုရားဟောတဲ့ စကားသုံးမျိုးနဲ့ လူသုံးမျိုး အကြောင်းကို ပြောပြမယ်”

֍ “မြတ်စွာဘုရားဟောထားတော်မူတဲ့ စကားသုံးမျိုးက . .

မစင်နဲ့တူတဲ့ စကား

ပန်းနဲ့တူတဲ့ စကား

ပျားရည်နဲ့တူတဲ့ စကားလို့ မှတ်ထားပါ။ အခုသားတို့သမီးတို့တွေ ဖတ်ကြရမယ့် ဖြစ်ရပ်သုံးခုထဲမှာ ဘယ်သူ က ဘယ်စကားကို ပြောတဲ့သူဖြစ်သလဲဆိုတာ ဆုံးဖြတ်ကြရမယ်”ဟု ဆိုကာ မောင်ရန် မောင်မှန်နှင့် မောင်စံ စာပိုဒ် တစ်ပိုဒ်စီကို ဖတ်ကြပါစေ။

֍ ဆရာက အောက်ပါစာပိုဒ်များကို ကြိုတင်ရေးသားထားပါ။

၁။ မောင်ရန်

မောင်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ လူအများနဲ့ စကားပြောတဲ့အခါ မသိနားမလည်ဘဲ လိမ်ညာ ပြောဆိုတတ်တယ်။ လူအများကြားထဲမှာ သူ့ကို တစ်ခုခုမေးလိုက်ရင် မမြင်တာကိုလည်း မြင်ပါတယ်လို့ ဖြေတတ်တယ်။ မသိတာကိုလည်း သိတယ်လို့ ဖြေတတ်တယ်။ မသိဘူးပြောရင် သိက္ခာကျမှာ စိုးတဲ့အတွက် ဘာပဲမေးမေး သိတယ်လို့ ပြောတယ်။ တစ်ခါတလေ လာဘ်စားထားတဲ့အတွက်ကြောင့် မမြင်ဘဲ မြင်တယ်လို့ ပြောတယ်။ မသိဘဲ သိတယ်လို့ ပြောတယ်။

၂။ မောင်မှန်

မောင်မှန်လို့ခေါ်တဲ့ လူတစ်ယောက်လည်း ရှိတယ်။ လူအများကြားမှာ သူ့ကို တစ်ခုခုမေးလာရင် သူ မသိ တဲ့ဟာဆိုရင် မသိဘူးလို့ ဖြေတယ်။ သူ နားမလည်တဲ့ဟာဆိုရင် နားမလည်ဘူးလို့ ဖြေတယ်။ သူ မမြင်တဲ့ဟာဆိုရင် မမြင်ဘူးလို့ ဖြေတယ်။

၃။ မောင်စံ

မောင်စံလို့ခေါ်တဲ့ လူတစ်ယောက်လည်း ရှိတယ်။ သူဟာ စကားပြောတိုင်း ဆင်ဆင်ခြင်ခြင်နဲ့ ချိုချို သာသာ သိမ်သိမ်မွေ့မွေ့ ပြောတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ လူအများ နားထောင်ကောင်းအောင်လည်း ပြောတတ်တယ်။ လူအများ သဘောကျတဲ့ စကားကိုပဲ ပြောတတ်တယ်။

မှီငြမ်း။ ။ အံ၊၁၊၁၂၅။ ဂူထဘာဏီသုတ်၊ အင်္ဂုတ္တရနိကာယ်။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မစင်နဲ့တူတဲ့ စကားရှိသူက ဘယ်သူလဲ။ ဘာကြောင့်သူ့ကို အဲဒီလို ပြောရတာလဲ။
-ပန်းနဲ့တူတဲ့ စကားရှိသူက ဘယ်သူလဲ။ ဘာကြောင့်သူ့ကို အဲဒီလို ပြောရတာလဲ။
-ပျားရည်နဲ့တူတဲ့ စကားရှိသူက ဘယ်သူလဲ။ ဘာကြောင့်သူ့ကို အဲဒီလို ပြောရတာလဲ။
-သားတို့၊ သမီးတို့ရော အဲဒီသုံးယောက်ထဲက ဘယ်သူ့ကို ကြိုက်လဲ။ ဘာကြောင့်လဲ။
-သားတို့သမီးတို့ရော စကားပြောရင် ဘယ်လိုစကားမျိုးကို ပြောကြမလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ဖြစ်ရပ်သုံးခု။

သင်ယူမှုလုပ်ငန်းစဉ်

֍ အဖွဲ့ (၃) ဖွဲ့ ခွဲပါ။

֍ အဖွဲ့ တစ်ဖွဲ့စီကို ဖြစ်ရပ် တစ်ခုစီပေးပါ။ “ဖြစ်ရပ် တစ်ခုကို ကိုယ်တိုင်ခံစားပြီး အဖြေတွေ ဆုံးဖြတ်ပေးကြရမယ်။ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပေးရမယ်”ဟု ရှင်းပြပါ။

֍ ဖြစ်ရပ် သုံးခုကို ဆရာက ကြိုတင်ပြင်ဆင်ထားပါ။

ဖြစ်ရပ်(၁) စိတ်တိုနေတဲ့ ညီလေး/ညီမလေးက ကိုယ့်ကို စကားကောင်းကောင်း မပြောတဲ့အခါ သင်က ဘယ်လို ပြန်ပြောမလဲ။

ဖြစ်ရပ် (၂) စိတ်မကောင်းဖြစ်နေတဲ့ သူငယ်ချင်းက သူစိတ်မကောင်းဖြစ်တဲ့အကြောင်းကို ပြောပြရင် သင်က ဘယ်လို ပြန်ပြောမလဲ။

ဖြစ်ရပ် (၃) သင် စာမရလို့ စိတ်ညစ်နေတဲ့အခါ သူငယ်ချင်းက စာလာမေးရင် သင်က ဘယ်လို ပြန်ပြောမလဲ စသည်ဖြင့် မေး၍ ကလေးများက ပြောပြကြပါစေ။

֍ နောက်ဆုံးတွင် ဆရာက ကလေးများ၏ အဖြေများအပေါ် မူတည်၍ ရည်ရွယ်ချက်အတိုင်း ရအောင် အနှစ်ချုပ်ပေးပါ။