အခြေခံပါဠိဖတ်နည်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၉။ အခြေခံပါဠိဖတ်နည်း(ကျောင်းသားကိုင်သို့)
348421ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၉။ အခြေခံပါဠိဖတ်နည်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၉)

သင်ခန်းစာခေါင်းစဉ်။ ။ အခြေခံပါဠိဖတ်နည်း

ယေဘုယျရည်ရွယ်ချက်။ ။ ပါဠိဘာသာနှင့် ပတ်သက်သည့် အခြေခံအချက်များကို သိရှိပြီး အသံထွက်မှန်ကန်စွာ ဖတ်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ပါဠိဘာသာနှင့် ပတ်သက်သည့် အခြေခံအချက်များကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ ကလေးများပြောသောအချက်များကို ဆရာက မှတ်သားထား

-‘ပါဠိ’ ဆိုတဲ့ စကားလုံးကို ကြားဖူးလား။
-ပါဠိစကားလုံးတွေကို တွေ့ဖူးလား။
-ပါဠိစကားလုံးတွေကို ဘယ်နေရာမှာ အများဆုံးတွေ့ရသလဲ။
-သားတို့သမီးတို့ ... ‘ပါဠိ’ဆိုတာကို ဘယ်လို နားလည်ထားသလဲ။
-ကလေးတို့သိထားတဲ့၊ ရေးတတ်တဲ့၊ အဓိပ္ပာယ်နားလည်တဲ့ ပါဠိစကားလုံးတွေ ရှိလား၊ ပြောပါဦး။
-ပါဠိစကားလုံးတွေကို အများဆုံးအသုံးပြုထားတဲ့ စာပေက ဘယ်စာပေလို့ ထင်သလဲ။

֍ ထို့နောက် ဆရာက “ပါဠိဘာသာအကြောင်းနဲ့ ပါဠိစကားလုံးတွေကို ဘယ်လို ဖတ်ရမယ်ဆိုတာ ဆက်ပြီး လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ပါဠိဘာသာမိတ်ဆက်အကြောင်းဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၃၅ မိနစ်)

֍ ပါဠိဘာသာမိတ်ဆက်ကို ကလေးများအားလုံး ဖတ်ကြပါစေ။ “စာဖတ်ရင်းနဲ့ နားမလည်တဲ့ စကားလုံးတွေ၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို မှတ်သားထားပါ။ . ဖတ်ပြီးရင် ပြန်လည်ဆွေးနွေးကြရမယ်”ဟု ဆရာက ကြိုတင်ပြောပြထားပါ။

ပါဠိဘာသာ မိတ်ဆက်

ထေရဝါဒဗုဒ္ဓဘာသာကျမ်းဂန်များကို ပါဠိဘာသာဖြင့် မှတ်တမ်းတင်ထား၏။ ‘ပါဠိ’ဟူသော စကားလုံးသည် စာပိုဒ်၊ စာသားဟူ၍ အဓိပ္ပာယ်ရ၏။ ရှေးခေတ် မာဂဓဘာသာသည် ပါဠိဘာသာ၏ မူလအမည်ဖြစ်သည်။ ဗုဒ္ဓလက်ထက်တော်အခါက တရားဟောရာတွင် အသုံးပြုခဲ့သော မဂဓတိုင်းတွင် ပြောဆိုသည့် ဘာသာစကား ဖြစ်သည်။ အစဉ်အလာအားဖြင့် ပါဠိဘာသာကို မာဂဓဘာသာဟူ၍ ခေါ်ကြသည်။ ပါဠိဘာသာသည် ရှေးခေတ် အိန္ဒိယနိုင်ငံတွင် အများသုံးစွဲခဲ့သော အရပ်သုံးဘာသာစကားတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုသည်။

ပါဠိဘာသာတွင် အက္ခရာမရှိပေ။ ထို့ကြောင့် မြန်မာအက္ခရာဖြင့် ရေးထားလျှင် မြန်မာပါဠိ၊ သီရိလင်္ကာ အက္ခရာဖြင့် ရေးထားလျှင် သီဟိုဠ်ပါဠိ၊ ကမ္ဗောဒီးယားအက္ခရာဖြင့် ရေးထားလျှင် ခမာပါဠိ၊ လာအို အက္ခရာဖြင့် ရေးထားလျှင် လာအိုပါဠိ၊ အင်္ဂလိပ်အက္ခရာဖြင့် ရေးထားလျှင် ရိုမန်ပါဠိဟု ခေါ်ကြသည်။

မြတ်ဗုဒ္ဓ၏ တရားတော်များကို ခြေခြေမြစ်မြစ် လေ့လာရာတွင် ပါဠိသည် အလွန်အရေးပါသော ဘာသာစကားတစ်ခု ဖြစ်သည်။ ထို့ကြောင့် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းစသော ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ပညာရှင်တို့သည် ပါဠိဘာသာကို အရေးတယူ လေ့လာကြသည်။ ဥရောပပညာရှင်များသည်လည်း ပါဠိလေ့လာမှုကို အထူးစိတ်ဝင်စားလာကြကာ ပါဠိဘာသာလေ့လာမှုကို အားပေးရန် ဆောင်းပါးများနှင့် စာအုပ်များကို ရေးသားလာကြသည်။ ယခုအခါ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်း တက္ကသိုလ်အချို့တွင် ပါဠိဘာသာကို သင်ကြားပို့ချနေကြပြီ ဖြစ်သည်။

ပါဠိစာပေသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်ကတည်းက မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် သရေခေတ္တရာသို့ ရောက်ရှိခဲ့သည်။ သရေခေတ္တရာမြို့ ဟောင်းတွင် တူးဖော်တွေ့ရှိခဲ့သော ရွှေပေချပ်များပေါ်တွင် “ယေဓမ္မာ ဟေတုပ္ပဘဝါ” အစချီသော ဂါထာ၊ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်နှင့် ပိဋကတ်တော်များမှ ကောက်နုတ်ချက်များကို ပါဠိဘာသာဖြင့် မှတ်တမ်းတင် ရေးထိုးထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပါဠိစာပေ စတင်ထွန်းကားလာသောခေတ်မှာ ပုဂံခေတ်ဖြစ်သည်။ အနော်ရထာမင်းကြီးသည် သုဝဏ္ဏဘူမိမှ ပိဋကတ်သုံးပုံကို ပင့်ဆောင်ခဲ့သည်။ ထို့နောက် သီဟိုဠ်ပြည်မှ ပိဋကတ်သုံးပုံကိုလည်း ထပ်မံပင့်ဆောင်ခဲ့သည်။ ထိုအချိန်သည် မြန်မာနိုင်ငံတွင် ပါဠိစာပေထွန်းကားရန် အစပျိုးချိန်ဖြစ်သည်။ ကျန်စစ်သားမင်း လက်ထက်တွင် အရှင်ဓမ္မသေနာပတိ အမည်ရသော ရဟန်းတစ်ပါးသည် ကာရိကာအမည်ရှိ ပါဠိသဒ္ဒါကျမ်းကို ရေးသားခဲ့သည်။ နရပတိစည်သူမင်းလက်ထက်တွင် အရှင်အဂ္ဂဝံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းသည် ထိုခေတ်အခါက သီဟိုဠ်ပါဠိပညာရှင်များကပင် ချီးကျူးဂုဏ်ပြုရသော ကျမ်း တစ်စောင် ဖြစ်သည်။ ယခုအချိန်အထိလည်း ကမ္ဘာကျော် ပါဠိသဒ္ဒါကျမ်းတစ်စောင်အဖြစ် ရပ်တည်လျက် ရှိသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံပါဠိစာပေသည် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် ထွန်းကားခဲ့သည်။

မှီငြမ်း။ ။ ပါဠိကပေသမိုင်း၊ ဝါ်အုန်း၊ ၂၆-၂၉။ Intro lx-x, New Pali Course I & II, Prof. A. P. Buddhadattan

֍ ပါဠိဘာသာမိတ်ဆက်ကို ဖတ်ပြီးနောက် ကလေးများကို ခြောက်ဦးခန့်ပါသော အုပ်စုငယ်များဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်းများကို အုပ်စုအတွင်း ဆွေးနွေးပြီး ဆွေးနွေးမှုရလဒ်များကို စာရွက်ပေါ်တွင် ရေး၍ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-ပါဠိဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ။
-ပါဠိဘာသာက ဘယ်က ဆင်းသက်လာတာလဲ၊
-ပါဠိဘာသာကို ဘယ်နိုင်ငံတွေမှာ အရေးတယူ လေ့လာနေကြသလဲ။
-ပါဠိဘာသာကို ဘယ်နေရာတွေမှာ သင်ကြားပို့ချနေကြသလဲ။
-မြန်မာနိုင်ငံကို ဘယ်အချိန်ကစ၍ ပါဠိစာပေ ရောက်ရှိလာသလဲ။
-ပါဠိစာပေမှာ အက္ခရာမရှိတဲ့အတွက် ဘယ်လို အမည်အမျိုးမျိုးနဲ့ ရေးသားခေါ်ဆိုနိုင်သလဲ။

֍ အုပ်စုအားလုံး တင်ပြပြီးသောအခါ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးပါ။

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-ပါဠိဘာသာ မိတ်ဆက် သင်ခန်းစာကနေ ဘာတွေ သင်ယူရရှိသွားသလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ပါဠိစကားလုံးများကို အသံထွက်မှန်ကန်စွာ ဖတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ပါဠိဘာသာတွင် အသုံးပြုသော သရ ရှစ်လုံးနှင့် ဗျည်း ၃၃ လုံးရေးထားသည့် စာရွက်ကြီး၊ စာရွက်ပိုင်းများ၊ ပါဠိစကားလုံး ရေးထားသော မဲလိပ်များ၊

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းများမးမြန်းဆွေးနွေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကိုမေးမြန်းဆွေးနွေးပါ။

-မြန်မာစာမှာ ဗျည်း ဘယ်နှလုံးရှိသလဲ။
-ပါဠိစာပေမှာ ဗျည်း ဘယ်နှလုံး ရှိမယ်ထင်သလဲ။
-မြန်မာစာမှာ သရ ဘယ်နှလုံးရှိသလဲ။
-ပါဠိစာပေမှာ သရ ဘယ်နှလုံး ရှိမယ်ထင်သလဲ။ မြန်မာစာပေမှာရှိတဲ့ သရအရေအတွက်နဲ့ ပါဠိစာပေမှာ ရှိတဲ့ သရအရေအတွက် တူမယ်လို့ ထင်သလား။

֍ သင်ထောက်ကူကားချပ်/စာရွက်ကြီးကို ဆရာက သင်ပုန်းတွင် ကပ်ပါ။ ထို့နောက် ကလေးများ၏ အဖြေများ မှန်မ/မှန်ကလေးများကိုယ်တိုင် တိုက်ထိုင်ကြည့်ရှုစစ်ဆေးကြပါစေ။ (ပါဠိစာပေမှာ သရရှစ်လုံးနှင့် ဗျည်း ၃၃လုံးရှိကြောင်း၊ ပါဠိဗျည်း(အံ)သည် မြန်မာစာနှင့် မတူသောဗျည်းဖြစ်ကြောင်း သတိပြုမိအောင် ဆရာက ကူညီပံ့ပိုးပေးပါ။)

ပါဠိဘာသာတွင် သရ ရှစ်လုံး၊ ဗျည်း ၃၃ လုံး၊ စုစုပေါင်း အက္ခရာ ၄၁ လုံးရှိသည်။

သရရှစ်လုံး

အ အာ ဣ ဤ ဥ ဦ ဧ ဩ

֍ သရရှစ်လုံးကို ဝါကျထဲတွင် ရေးသားရာ၌ သင်္ကေတကို သုံးသည်။

အ = သဗ္ဗ (အသရအဆုံး)၊ အာ = ာ (သဗ္ဗာ)၊ ဣ = ိ (သပ္ပိ)၊ ဤ = ီ (သုခီ)၊ ဥ = ု (သုခ) ဦ = ူ (ပူဇာ) ဧ = ေ (သဗ္ဗေ)၊ ဩ = ော (သော/ ခေါ)။

ဗျည်း ၃၃ လုံး

က ခ ဂ ဃ င

စ ဆ ဇ ဈ ဉ

ဋ ဌ ဍ ဎ ဏ

တ ထ ဒ ဓ န

ပ ဖ ဗ ဘ မ

ယ ရ လ ဝ သ ဟ ဠ အံ

֍ အံကို သေးသေးတင်အဖြစ် အသုံးပြုသည်။ ယင်းကို နိဂ္ဂဟိတ်ဟု ခေါ်သည်။

မှတ်ချက်။ ။ ပါဠိဘာသာတွင် အသတ်၊ အောက်မြစ်နှင့် ဝစ္စပေါက် မရှိပါ။

လုပ်ငန်း (၂) ပါဠိစာလုံးများကို ဖတ်ခြင်း။

(၁၅ မိနစ်)

֍ ကလေးများအား စာရွက်ပိုင်းတစ်ရွက်စီ ပေး၍ မိမိတို့သိသော ပါဠိစာလုံးများကို ရေးသားစေပြီး သင်ပုန်းပေါ်တွင် ကပ်ကြပါစေ။

֍ ရေးသားထားသော ပါဠိစကားလုံးများကို သရရှစ်လုံးနှင့် ဗျည်း ၃၃ လုံးတွင်ပါဝင်သော အက္ခရာများဖြင့် ကလေးများကိုယ်တိုင် တိုက်ဆိုင်၍ ခွဲခြားဖော်ပြကြပါစေ။ (ကလေးများ ခွဲခြားဖော်ပြနိုင်ရန် ဆရာက ကူညီ ပံ့ပိုးပေးပါ။)

֍ ထို့နောက် ကလေးများ ခွဲခြားပြီးသော စကားလုံးများကို ဆရာက ကလေးများနှင့်အတူ လိုက်ဖတ်ပါ။

ဆရာသိရန်။ ။ အသံထွက်နည်းစနစ်(သဒ္ဒဗေဒ)တွင် လည်ချောင်း၊ အာခေါင်၊ ထိပ်၊ သွား၊ နှုတ်ခမ်း စသော အသံဖြစ်ပေါ်ရာဌာန ငါးပါးရှိသည်။ ပါဠိတွင် ၄င်းတို့ကို ‘ဌာန်’ဟု ခေါ်သည်။

၁။ ကဏ္ဌာန်-လည်ချောင်းအရပ်
၂။ တာလုဌာန်-အာခေါင်အရပ်
၃။ မုဒ္ဓဌာန်-အာထိပ်အရပ်
၄။ ဒန္တဌာန် သွားအရပ်
၅။ ဩဋ္ဌဌာန်-နှုတ်ခမ်းအရပ်

မုဒ္ဓဌာန် တာလုဌာန်

ဩဋ္ဌဌာန် ဒန္တဌာန်

ကဏ္ဌဌာန်

သရရှစ်လုံးကို အသံဖြစ်ပေါ်ရာအရပ် (ဌာန်)အလိုက် အောက်ပါအတိုင်းခွဲခြားနိုင်သည်။

ဖြစ်ရာအရပ်(ဌာန်) သရ

လည်ချောင်းအရပ်(ကဏ္ဌာန်) အ၊ အာ
အာခေါင်အရပ်(တာလုဌာန်) ဣ၊ ဤ
နှုတ်ခမ်းအရပ်(ဩဋ္ဌာန်) ဥ၊ ဦ
လည်ချောင်းနှင့် အာခေါင်အရပ် (ကဏ္ဌတာလုဌာန်) ဧ
လည်ချောင်းနှင့်နှုတ်ခမ်းအရပ်(ကဏ္ဌဩဋ္ဌာန်) ဩ

ဗျည်း ၃၃လုံးကိုလည်း အသံဖြစ်ပေါ်ရာအရပ်(ဌာန်)အလိုက် အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

ဖြစ်ရာအရပ်(ဌာန်) ဗျည်း

လည်ချောင်းအရပ်(ကဏ္ဌဌာန်) က၊ ခ၊ ဂ၊ ဃ၊ င၊ ဟ
အာခေါင်အရပ်(တာလုဌာန်) စ၊ ဆ၊ ဇ၊ ဈ၊ ဉ၊ ယ
အာထိပ်အရပ်(မုဒ္ဓဌာန်) ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ရ၊ ဠ
သွားအရပ်(ဒန္တဌာန်) တ၊ ထ၊ ဒ၊ ဓ၊ န၊ လ၊ သ
နှုတ်ခမ်းအရပ်(ဩဋ္ဌာန်) ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ဝ

လုပ်ငန်း(၃) ပါဠိရွတ်ဖတ်နည်း အညွှန်းဖြင့် ပါဠိစကားလုံးများကို လက်တွေ့ဖတ်ခြင်း၊

(၃၀ မိနစ်)

֍ ကလေးများကို ၅/၆-ဦးပါသော အုပ်စုများ ဖွဲ့ပါ။ ထို့နောက် တစ်ဖွဲ့စီအား ကျောင်းသားကိုင်စာအုပ်ပါ ပါဠိ ရွတ်ဖတ်နည်းအညွှန်းကို အုပ်စုလိုက် လေ့လာကြပါစေ။

ပါဠိဖတ်နည်း အညွှန်း

ဤရွတ်ဖတ်နည်း အညွှန်း၌ မြန်မာနိုင်ငံတွင် အသုံးများသော ပါဠိအသံထွက်နည်းကိုသာ ဖော်ပြထားသည်

ပါဠိစာလုံးဆင့် ဖတ်နည်းလင်္ကာ

၁။ နှစ်လုံးဆင့်မှာ၊ အထက်သာ၊ သတ်ပါမြဲဧကန်။
၂။ သ‌ဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ။
၃။ သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င-သတ်သံ။
၄။ သဝေရေးချ၊ သတ်မြင်က၊ မှတ်ကြ ဝ-ဆွဲသံ။
၅။ ဟ-ထိုး ဝဆွဲ၊ ရရစ် ယပင့်၊ တွေ့လျင်းက၊ နှစ်ဝတာဝန်၊ ကျေပွန်စေရန်၊ အသံအသတ်၊ ယူမြဲမှတ်။

လင်္ကာရှင်းလင်းချက်။

၁။ နှစ်လုံးဆင့်မှာ၊ အထက်သာ၊ သတ်ပါမြဲဧကန်။
ဥပမာ။ သမန္တာ = သမန်တာ
စက္ကဝါဠေသု = စက်ကဝါလေသု။
ဂစ္ဆန္တု = ဂစ်ဆန်တု
-အက္ခရာနှစ်လုံးဆင့် တွေ့လျှင် အပေါ်တွင်ရှိသော အထက်အက္ခရာကို အသတ်တင်၍ ဖတ်ရမည်။

၂။ သဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ။ (ဋ လည်းတူ)
ဥပမာ၊ မေတ္တာ = မေတ်တာ (မစ်တာ)။
ဩဘာသေတွာ = ဩဘာသစ်တွာ၊
လောကဇေဋ္ဌံ = လောကဇစ်ဌံ။
သေဋ္ဌော = သစ်‌ဌော။
-သဝေထိုးနှင့်တွဲသော တ-သတ်ကို စ-သတ် အသံထွက်၍ ဖတ်ရမည်။
မှတ်ချက်။ ။ သဝေထိုးကို ပါဠိ၌ ဧ-သရဟု ခေါ်သည်။

၃။ သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င-သတ်သံ။
ဥပမာ။ ပူရန္တံ = ပူရေန်တံ (ပူရင်တံ)။
ဝိနာသမန္တု = ဝိနာသမင်တု။
-သဝေထိုးနှင့်တွဲသော န-သတ်ကို င-သတ် အသံထွက်၍ ဖတ်ရမည်။

၄။ သဝေရေးချ၊ သတ်မြင်က၊ မှတ်ကြ ဝ-ဆွဲသံ။
ဥပမာ။ ဟောန္တု = ဟောန်တု (ဟွန်တု)။
သောတ္ထိ = သွတ်ထိ
ပေါဋ္ဌိလ = ပွတ်ထိလ
သဝေထိုးရေးချကို ဝ-ဆွဲသံထွက်၍ ဖတ်ရမည်။
မှတ်ချက်။ ။ သဝေထိုး ရေးချကို ပါဠိ၌ ဩသရဟု ခေါ်သည်။

၅။ ဟ-ထိုး ဝဆွဲ၊ ရရစ် ယပင့်၊ တွေလျင်းက၊ နှစ်ဝတာဝန်၊ ကျေပွန်စေရန်၊ အသံအသတ်၊ ယူပြီမှတ်။
ဥပမာ။ အမှ = အမ်မှ
ဤပုံစံတွင် ဟထိုးနှင့်တွဲသော မ အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည်၊ မိမိ၏ မူလဗျည်းအသံလည်း ထွက်ရသည်။ အသတ်နှင့်အသံတာဝန်နှစ်မျိုးကို ယူရသည်။
ကတွာ = ကတ်တဝါ။
ဟုတွာ = ဟုတ်တဝါ။
ဤပုံစံတွင် ဝဆွဲနှင့်တွဲသော က အက္ခရာသည် အသတ်နှင့် မူလဗျည်းသံ တာဝန်နှစ်မျိုးကို ယူရသည်။
အတြာ = အတ်တရာ။
ဥတြာသီ = ဥတ်တရာသီ။
ဤပုံစံတွင် ရရစ်နှင့်တွဲသော က အက္ခရာသည် အသတ်နှင့် မူလဗျည်းသံ တာဝန်နှစ်မျိုးကို ယူရသည်။
သကျ = သက်ကျ။
နိယျာနိကံ = နိန်ယာနိကံ။
(ခြွင်းချက် = အဓိဋ္ဌေယျ၊ ဂဗ္ဘသေယျ၊ သောစေယျ၊ ဥပ္ပဇ္ဇေယျ)
ဤပုံစံတွင် ယပင့်နှင့်တွဲသော က အက္ခရာသည် အသတ်နှင့် မူလဗျည်းသံ တာဝန်နှစ်မျိုးကို ယူရသည်။
-ဟ-ထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့်တွဲသော အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည်၊ မိမိ၏ မူလဗျည်းသံကိုလည်း ထွက်ရသည်။

မှီငြမ်း။ ။ မဇ္ဈိမဝံသ ဗုဒ္ဓဓမ္မသင်တန်း၊ အထက်တန်းအဆင့် သင်ခန်းစာ၊ ၃၁၇-၃၁၈

အထူးမှတ်ရန်-

֍ ပ-ကို ပြ၊ ပျ-ဟု မထွက်ရ။
ပစ္စတ္တံ = ပစ်စတ်တံ။ (ပြစ်/ ပျစ်စတ်တံ-ဟု မထွက်ရ)
ပညေန = ပင်ညေန။ (ပြင်/ ပျင်ညေန-ဟု မထွက်ရ)
မဟာပဇ္ဇလိတော = မဟာပစ်ဇလိတော။ (မဟာပြစ်/ ပျစ်ဇလိတော ဟု မထွက်ရ)

֍ ဗ-ကိုဗြ၊ ဗျ-ဟုမထွက်ရ။
သဗ္ဗညုတ = သတ်ဗင်ညုတ။ (သတ်ဗြင်/ ဗျင်ညုတ-ဟု မထွက်ရ)

֍ မ-ကို မြ၊ မျ-ဟု မထွက်ရ။
နာတိမညေထ = နာတိမင်ညေထ။ (နာတိမြင်/ မျင်ညေထ-ဟု မထွက်ရ)
နာညမညဿ = နင်ညမင်ညတ်သ။ (နင်ညမြင်/ မျင်ညတ်သ-ဟု မထွက်ရ)

֍ ရ-ကို အင်္ဂလိပ်အက္ခရာ (R) နှင့်တူစွာ လျှာလိပ်သံဖြင့် အမြဲဖတ်ရမည်။ ယ ဟု မထွက်ရ။ ရတနံကိုယတနံ ဟု မထွက်ရ။

မှီငြမ်း။ ။ ပရိတ်ကြီးနိဿယသစ်၊ အရှင်ဝါသေဋ္ဌာဘိဝံသ၊ အေ၊

֍ ဆရာက ကြိုတင်ရေးသားထားသော ပါဠိစကားလုံးများကို မဲလိပ်ပြုလုပ်ထားပြီး အုပ်စုအသီးသီးက အလှည့်ကျ ဖတ်နိုင်အောင် စီစဉ်ပေးပါ။ (မဲလိပ်ပြုလုပ်ထားရမည့် စကားလုံးများမှာ-

အနာထပိဏ္ဍိကဿ၊ အဘိက္ကန္တာယ၊ အဘိက္ကန္တဝဏ္ဏာ၊ ဩဘာသေတွာ၊ ဧကမန္တံ စသည်)

လုပ်ငန်း (၄) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ကလေးများဖတ်ပြသော စကားလုံးများ၏အသံထွက်များ မှန်ကန်အောင် ဆရာက ကူညီပံ့ပိုးပေးပါ။ စကားလုံးများကို အသံထွက်ရာတွင် နှစ်လုံးဆင့်စကားလုံးများကို ဖြည်၍ ရေးပြကာ အသတ်အသံထွက်ပုံကို သေချာရှင်းလင်း ပြောပြီး အနှစ်ချုပ်ပါ။