အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗုဒ္ဓဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၆။ အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု
325042ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗုဒ္ဓဝဂ် — ၆။ အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၆။ အဂ္ဂိဒတ္တပုဏ္ဏားဝတ္ထု

ဗဟုံ ဝေ သရဏံ ယန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သဲပုံစု၌ နေတော်မူလျက် အဂ္ဂိဒတ္တအမည်ရှိသော ကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကောသလမင်းကြီး၏ အလေးထားခြင်းခံရသူ

ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် မဟာကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဖူးလေသတတ်။ ထိုအခါ ထိုပုရောဟိတ် ပုဏ္ဏားကြီးကို ခမည်းတော် မဟာကောသလမင်းကြီး နတ်ရွာစံလတ်သည်ရှိသော် ပသေနဒီ ကောသလမင်းကြီးသည် “ငါ့ခမည်းတော်၏ ပုရောဟိတ်ပုဏ္ဏားတည်း”ဟု အလေးဂရုပြုသဖြင့် ထိုပုရောဟိတ်အရာ၌ပင်လျှင် ထား၍ ထိုအဂ္ဂိဒတ္တ ပုဏ္ဏားကြီးအား မိမိထံသို့ ခစားခြင်းငှာ ရောက်လာသောအခါ၌ ခရီးဦးကြိုဆိုခြင်းကို ပြုလုပ်၏။ “ပုရောဟိတ်ဆရာ- ဤအရပ်၌ နေထိုင်ကြပါလော့”ဟု ဆို၍ မင်းကြီးနှင့် တူသောနေရာကို ပေးစေလေ၏။ အဂ္ဂိဒတ္တပုဏ္ဏားသည် “ဤမင်းကား ငါ့၌ အလွန်လျှင် အလေးဂရုပြုလုပ်ဘိ၏။ ဘုရင်မင်းတို့၏ စိတ်ကို အမြဲတမ်း နှစ်သက်ကြည်ဖြူနေသည်ဟု ယူခြင်းငှာ မတတ်ကောင်း၊ မင်း၏စည်းစိမ်ချမ်းသာ မည်သည်ကား တူမျှသော အရွယ်ရှိသော သူနှင့်သာလျှင် အတူတကွ ချမ်းသာ၏၊ ငါသည်လည်း ကြီးရင့်ခဲ့လေပြီ၊ ရဟန်းပြုခြင်းငှာ ငါ့အား သင့်၏”ဟု ကြံစည်လေ၏။

အဂ္ဂိဒတ္တပုဏ္ဏား တောထွက် ရဟန်းပြု

ထိုပုရောဟိတ်ပုဏ္ဏားသည် ပသေနဒီ ကောသလမင်းကြီးကို ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ မြို့တော်၌ စည်လည်စေလျက် ခုနစ်ရက်ဖြင့် အလုံးစုံသော မိမိ၏ဥစ္စာကို အလှူဝ၌ စွန့်ကြဲလှူဒါန်းပြီးလျှင် သာသနာတော်မှ အပဖြစ်သော ရသေ့ရဟန်းပြုလေ၏၊ ထိုအဂ္ဂိဒတ္တ ပုဏ္ဏားကိုမှီ၍ တစ်သောင်းသော ယောက်ျားတို့သည် အတုလိုက်၍ ရဟန်းပြုကြလေကုန်၏။

အဂ္ဂိဒတ္တ၏ အဆုံးအမ

ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် တစ်သောင်းသော ရသေ့ရဟန်းတို့နှင့် အတူတကွ အင်္ဂတိုင်း မဂဓတိုင်းတို့၏လည်းကောင်း၊ ကုရုတိုင်းတို့၏လည်းကောင်း အကြား၌ နေခြင်းကိုပြု၍ “ချစ်သားတို့- အကြင်သူအား ကာမဂုဏ်ကို ကြံစည်စိတ်ကူးသော ကာမဝိတက် အစရှိသော တရားတို့သည် ဖြစ်ကုန်ငြားအံ့၊ ထိုသူသည် မြစ်မှ သဲလက်ခုပ် တစ်ခုတစ်ခု ထုတ်ဆောင်၍ ဤအရပ်၌ လောင်းစေသတည်း”ဟု ဤသို့သော အဆုံးအမကို ပေး၏။

ထိုတစ်သောင်းသော ရသေ့ရဟန်းတို့သည် “ကောင်းလှပါပြီ”ဟု ဝန်ခံကြပြီးလျှင် ကာမဝိတက် စသည်တို့ ဖြစ်သောအခါ ထိုဩဝါဒအတိုင်း ပြုကြလေကုန်၏။ တစ်ပါးသောအခါ၌ ကြီးစွာသော သဲပုံစုသည် ဖြစ်လေ၏။ ထိုသဲပုံကြီးကို အဟိဆတ္တမည်သော နဂါးမင်းသည် သိမ်းပိုက်လေ၏။ အင်္ဂတိုင်း မဂဓတိုင်း၌နေသော သူတို့သည်လည်းကောင်း၊ ကုရုတိုင်း၌နေကုန်သော သူတို့သည်လည်းကောင်း လတိုင်း,လတိုင်း ထိုရသေ့ရဟန်း တစ်သောင်းတို့အား များစွာသော ပူဇော်သက္ကာရကို ရှေးရှုဆောင်၍ အလှူလှူကြကုန်၏။ ထိုအင်္ဂတိုင်းသား, မဂဓတိုင်းသားနှင့် ကုရုတိုင်းသားတို့အား အဂ္ဂိဒတ္တပုဏ္ဏားသည် “တောင်,တော,အရံသစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ ဤသို့ ကိုးကွယ်ရာဟု ဆည်းကပ်ခြင်းသည် အလုံးစုံသော ဝဋ်ဆင်းရဲမှ ကင်းလွတ်ကြကုန်လတ္တံ့”ဟူသော ဤအဆုံးအမကို ပေး၏။ မိမိ၏ အတွင်းနေတပည့်တို့ကိုလည်း ဤအဆုံးအမဖြင့် ဆုံးမလေ၏။

လွဲမှားစွာ လမ်းညွှန်နေသူ

ငါတို့ဘရားလောင်းသည်လည်း မြတ်သော တောထွက်ခြင်းကို ပြုသဖြင့် သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူပြီးလျှင် ထိုအခါ သာဝတ္ထိပြည်ကိုမှီ၍ ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက် နံနက်စောစောအခါ၌ လူအပေါင်းကို ကြည့်ရှုတော်မူလတ်သည်ရှိသော် အတွင်းနေ တပည့်တို့နှင့်တကွ အဂ္ဂိဒတ္တအမည်ရှိသော ပုဏ္ဏားကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တော်မူလျှင် “အလုံးစုံလည်းဖြစ်သော ဤသူတို့သည် အရဟတ္တဖိုလ်၏ ဥပနိဿယနှင့် ပြည့်စုံကြကုန်၏”ဟု သိတော်မူ၍ ညချမ်းသောအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို “ချစ်သားမောဂ္ဂလာန်- အဂ္ဂိဒတ္တပုဏ္ဏားသည် များစွာသော လူအပေါင်းကို ဆိပ်ကမ်းမဟုတ်သော အရပ်ဖြင့် သက်ဝင်စေသည်ကို မြင်ရ၏လော၊ သွားတဲ့ချေ။ ထိုသူတို့အား အဆုံးအမကို ပေးချေလော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ထိုသူတို့ကား များပြားလှပါကုန်၏၊ တစ်ယောက်အထီးတည်းဖြစ်သော တပည့်တော်အား ရဲဝံ့သောအရာမဟုတ်ပါ၊ ရှင်တော်မြတ်ဘုရားတို့သည်လည်း အကယ်၍ ကြွလိုက်လာတော်မူကြကုန်သည်ဖြစ်အံ့၊ ရဲဝံ့ခြင်းတို့သည် ဖြစ်ကြပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ချစ်သားမောဂ္ဂလာန်- ငါဘုရားသည်လည်း ကြွလိုက်လာအံ့၊ သင်သည် ရှေ့က သွားနှင့်ချေလော့”ဟု မိန့်တော်မူလေ၏။

ရှင်မောဂ္ဂလာန်နှင့် အဂ္ဂိဒတ္တ

ရှင်မောဂ္ဂလာန်မထေရ်သည် ရှေ့က ကြွသွားလျက် ဤသို့ ကြံစည်လေ၏။ “ဤသူတို့ကား အားလည်းကြီး၏၊ များလည်းများကုန်၏၊ အလုံးစုံသော သူတို့၏ တစ်ညီတစ်ညွတ်တည်း စည်းဝေးရာအရပ်၌ တစ်စုံတစ်ခွန်းသော စကားကို အကယ်၍ ဆိုချေငြားအံ့၊ အလုံးစုံသောသူတို့သည်လည်း အစုအစုအားဖြင့် ထကြကုန်ရာ၏”ဟု ကြံ၍ မိမိ၏ အာနုဘော်အားဖြင့် ကြီးသော မိုးရေမိုးပေါက်ရှိသော မိုးကို ရွာစေလေ၏။ ကြီးစွာသော မိုးရေမိုးပေါက်တို့သည် ကျကုန်သည်ရှိသော် ထ၍ထ၍ မိမိ,မိမိ၏ သစ်ရွက်မိုးသောကျောင်းသို့ ဝင်ကြကုန်၏။ ရှင်မောဂ္ဂလာန် မထေရ်သည် အဂ္ဂိဒတ္တပုဏ္ဏား၏ သစ်ရွက်မိုးကျောင်းတံခါး၌ ရပ်လျက် “အဂ္ဂိဒတ္တ”ဟု မိန့်ဆိုတော်မူလေ၏။ ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် ရှင်မောဂ္ဂလာန်မထေရ်၏ အသံကိုကြားရလျှင် “ဤလောက၌ ငါ့ကို အမည်အားဖြင့် ခေါ်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ငါ့ကို အမည်အားဖြင့် ခေါ်သောသူကား အဘယ်သူဖြစ်လေဘိသနည်း”ဟု ခက်ထန်သော မာန်မူခြင်းရှိသည့်အဖြစ်ကြောင့် “ငါ့ကိုခေါ်သော ဤသူကား အဘယ်သူဖြစ်ဘိသနည်း”ဟု ဆိုလေ၏။ “ပုဏ္ဏားကြီး- အကျွန်ုပ်ပေတည်း”ဟု ဆိုလတ်သော် “သင် အဘယ်စကားကို ပြောဆိုသနည်း”ဟု ဆိုလေ၏။ “ယနေ့တစ်ညဉ့်မျှ ငါ့အလို့ငှာ ဤအရပ်၌ နေစရာအရပ်ကို ပြောကြားစမ်းပါလော့”ဟု ဆိုသည်ရှိသော် “ဤအရပ်၌ နေစရာမရှိ၊ တစ်ယောက်အား သစ်ရွက်မိုး ကျောင်းတစ်ဆောင်သာ ဖြစ်၏”ဟု ဆိုလေ၏။ “အဂ္ဂိဒတ္တ- လူတို့မည်သည် လူတို့၏အထံသို့, နွားတို့သည် နွားတို့၏အထံသို့, ရဟန်းတို့သည် ရဟန်းတို့၏အထံသို့ သွားကြစမြဲဖြစ်ကုန်၏။ ဤသို့မပြုပါလင့်၊ ငါ့အား နေစရာအရပ်ကို ပေးပါလော့”ဟု ဆိုလတ်သော် “အသို့နည်း၊ သင်ကား ရဟန်းလော”ဟု မေးလေ၏။ “ရဟန်း ဟုတ်မှန်ပါ၏”ဟု ဆိုလတ်သော် “သင်-အကယ်၍ ရဟန်းဖြစ်ခဲ့အံ့၊ သင်၏ ထမ်းပိုး,ပြာစစ်သည် အဘယ်မှာနည်း၊ ရဟန်းပရိက္ခရာကား အဘယ်နည်း”ဟု မေးလေ၏။ “ငါ့အား ရဟန်းပရိက္ခရာသည် ရှိပါ၏၊ ထိုပရိက္ခရာကို အသီးအခြားယူ၍ လှည့်လည်သွားလာခြင်းငှာ ဆင်းရဲလှ၏၊ ထို့ကြောင့် ပုဏ္ဏားကြီး- ကိုယ်တွင်းဖြင့်သာယူ၍ သွားလာလှည့်လည်ပါ၏”ဟု ဆိုလတ်သော် ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် “သင်ကား ယူ၍ လှည့်လည်သွားလာနိုင်လတ္တံ့လော”ဟု ဆိုတဲ့၍ မထေရ်မြတ်အား အမျက်ထွက်လေ၏။

ရှင်မောဂ္ဂလာန်နှင့် နဂါးမင်း တန်ခိုးပြိုင်ခြင်း

ထိုအခါ အဂ္ဂိဒတ္တပုဏ္ဏားကို ရှင်မောဂ္ဂလာန်သည် “အဂ္ဂိဒတ္တ- ငါတို့ကို အမျက်မထွက်ပါလင့်၊ ငါ့အား နေစရာအရပ်ကို ပြောကြားပါလော့”ဟု ဆိုလေ၏။ “ဤအရပ်၌ နေစရာ အရပ်မရှိ”ဟု ဆိုလျှင် “ဤသဲပုံစု၌ အဘယ်သူ နေသနည်း”ဟု မေးလေ၏။ “တစ်ခုသော နဂါးမင်း နေ၏”ဟု ဆိုလျှင် “ငါ့အား ဤနေရာကို ပေးပါလော့”ဟု ဆိုလေ၏။ “ပေးခြင်းငှာ မတတ်ကောင်း၊ ထိုနေရာ၌ နဂါးမင်း၏အမှုသည် ဝန်လေး၏”ဟု ဆိုလျှင် “ထိုသို့ ဝန်လေးသည်ဖြစ်ပါစေ၊ ငါ့အား ပေးသာ ပေးပါလော့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ သင်သည်သာလျှင် သိလေလော့”ဟု ဆိုလျှင် ရှင်မောဂ္ဂလာန်မထေရ်သည် သဲပုံစုသို့ ရှေးရှု ကြွသွားတော်မူလေ၏။ နဂါးမင်းသည် ထိုကြွလာသော ရှင်မောဂ္ဂလာန်ကို မြင်လျှင် “ဤရဟန်းကား ဤအရပ်သို့ လာ၏၊ ငါရှိသည်အဖြစ်ကို မသိလေယောင်တကား၊ အခိုးလွှတ်၍ ထိုရဟန်းကို သတ်အံ့”ဟု ကြံလျက် အခိုးလွှတ်လေ၏။ ရှင်မောဂ္ဂလာန်သည် “ဤနဂါးမင်းကား ငါသာလျှင် အခိုးလွှတ်ခြင်းငှာ စွမ်းနိုင်၏၊ တစ်ပါးသောသူတို့သည် မစွမ်းနိုင်ကြကုန်ဟု အောက်မေ့မှတ်သားယောင်တကား”ဟု ကြံ၍ မိမိကိုယ်တိုင်လည်း အခိုးလွှတ်လေ၏။

နှစ်ဦးစလုံးဖြစ်သော သူတို့၏ကိုယ်မှထွက်သော အခိုးတို့သည် ဗြဟ္မာပြည်တိုင်အောင် တက်လေကုန်၏။ နှစ်ခုသော အခိုးတို့သည်လည်း ရှင်မောဂ္ဂလာန်မထေရ်ကို မညှဉ်းဆဲ မနှိပ်စက်မူ၍ နဂါးမင်းကိုသာလျှင် ညှဉ်းဆဲနှိပ်စက်ကြကုန်၏။ နဂါးမင်းသည် အခိုးအဟုန်ကို သည်းခံခြင်းငှာ မတတ်နိုင်ရကား အလျှံကို လွှတ်ပြန်လေ၏။ ရှင်မောဂ္ဂလာန် မထေရ်သည်လည်း တေဇောကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ၀င်စားတော်မူ၍ ထိုနဂါးမင်းနှင့် အတူတကွသာလျှင် အလျှံလွှတ်လေ၏။ မီးလျှံတို့သည် ဗြဟ္မာပြည်တိုင်အောင် တက်လေကုန်၏။ နှစ်ခုသော မီးလျှံတို့သည်လည်း ရှင်မောဂ္ဂလာန်ကို မညှဉ်းဆဲ မနှိပ်စက်မူ၍ နဂါးမင်းကိုသာလျှင် ညှဉ်းဆဲနှိပ်စက်ကြကုန်၏။ ထိုအခါ နဂါးမင်း၏ ကိုယ်အလုံးသည် မီးရှူးတို့ဖြင့် ထက်ဝန်းကျင် လောင်ကျွမ်းသော ကိုယ်ရှိသကဲ့သို့ ဖြစ်လေ၏။ ရသေ့အပေါင်းကား ကြည့်ရှုလျက် “နဂါးမင်းသည် ရဟန်းကို ရှို့မြိုက်လေ၏။ ရဟန်းသည်ကား ကောင်းသောရဟန်း ဖြစ်ပေစွ၊ ငါတို့စကားကို နားမထောင်ခြင်းကြောင့် ပျက်စီးရှာရ၏”ဟု ကြံကြကုန်၏။ ရှင်မောဂ္ဂလာန်သည်လည်း နဂါးမင်းကို ဆုံးမပြီးလျှင် မာန်ဟူသော အဆိပ်အတောက် မရှိသည်ကိုပြု၍ သဲပုံစု၌ အခွေတို့ဖြင့် ဝန်းရံ၍ စုလစ်မွမ်းချွန်တပ်သော ဇရပ်ဝန်းပမာဏရှိသော ပါးပျဉ်းကို ဖန်ဆင်း၍ ရှင်မောဂ္ဂလာန်၏ ထိပ်တော်ထက်၌ ဆောင်လေ၏။

မြတ်စွာဘုရား ကြွလာတော်မူခြင်း

ရသေ့အပေါင်းတို့သည် နံနက်စောစောသာလျှင် “ရဟန်း၏ သေသည့်အဖြစ်ကိုလည်းကောင်း၊ မသေသည့်အဖြစ်ကိုလည်းကောင်း သိကြရကုန်အံ့”ဟု မထေရ်၏အထံသို့ သွားကြသဖြင့် သဲပုံစုထက်၌ နေတော်မူသောမထေရ်ကို မြင်ကြရလျှင် လက်အုပ်ချီ၍ ချီးမွမ်းထောမနာကြကုန်လျက် “ရှင်ရဟန်း- အသို့နည်း၊ နဂါးမင်းသည် မနှိပ်စက်အပ်လေသလော”ဟု မြွက်ဆိုကြလေကုန်၏။ “အသို့နည်း၊ ငါ၏အထက်၌ ပါးပျဉ်းကိုမိုးလျက် တည်နေသော နဂါးမင်းကို သင်တို့ မမြင်ကြကုန်ဘိသလော”ဟု မိန့်တော်မူလျှင် ရသေ့တို့သည် “အချင်းတို့- ရဟန်း၏ အမှုသည်ကား အံ့ဩဖွယ်ရှိပေစွတကား၊ ဤသို့သဘောရှိသည်မည်သော နဂါးမင်းကို ဆုံးမအပ်ပြီ”ဟု ဆို၍ ရှင်မောဂ္ဂလာန်မထေရ်ကို ခြံရံလျက် တည်နေကြကုန်၏။ ထိုခဏ၌ မြတ်စွာဘုရားသည် ကြွလာတော်မူ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် မြတ်စွာဘုရားကိုမြင်လျှင် နေရာမှထလျက် ရှိခိုးလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို ရသေ့တို့သည် “ဤရဟန်းကြီးကား သင့်ထက် ကြီးမြတ်လေသလော”ဟု မေးမြန်းကြကုန်၏။ “ဤရဟန်းကြီးကား ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ငါတို့၏ဆရာတည်း၊ ငါသည် ဤရဟန်းကြီး၏ တပည့်တည်း”ဟု ဆိုလေ၏။ ဘုရားရှင်သည် သဲပုံအစု အထက်၌ နေတော်မူလေ၏။ ရသေ့အပေါင်းသည် “ရှေးဦးစွာ ဤသည်ကား တပည့်ဖြစ်သောသူ၏ တန်ခိုးအာနုဘော်တည်း၊ ဆရာဖြစ်သောသူ၏ တန်ခိုးအာနုဘော်သည်ကား အဘယ်သို့ သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု လက်အုပ်ချီလျက် မြတ်စွာဘုရားကို အလွန်ချီးမွမ်းလေ၏။

ဆင်းရဲမှလွတ်ရန် ရတနာသုံးပါးကိုသာ ကိုးကွယ်

ဘုရားရှင်သည် အဂ္ဂိဒတ္တပုဏ္ဏားကို ခေါ်တော်မူ၍ “အဂ္ဂိဒတ္တ- သင်သည် ရှေးဦးစွာ တပည့်တို့အားလည်းကောင်း၊ အလုပ်အကျွေး ဒါယကာတို့အားလည်းကောင်း အဆုံးအမ ပေးသည်ရှိသော် အဘယ်သို့ ပြောဆို၍သာလျှင် ပေးဘိသနည်း”ဟု မိန့်တော်မူလေ၏။ “ဤတောင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ ဤတောကို, ဤအရံကို, ဤသစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ ဤတောင် စသည်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်သောသူသည် အလုံးစုံသော ဆင်းရဲမှ လွတ်နိုင်၏။ ဤသို့ သာဝကနှင့် ဥပါသကာတို့အား အဆုံးအမပေးပါသည်”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် “အဂ္ဂိဒတ္တ- ဤတောင် စသည်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောသူသည် ဆင်းရဲမှ မလွတ်နိုင်၊ ဘုရား, တရား, သံဃာ, ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်သောသူတို့သည် အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်နိုင်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၈၈] ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

[၁၈၉] နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

[၁၉၀] ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မာပညာယ ပဿတိ။

[၁၉၁] ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။

[၁၉၂] ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

မနုဿာ၊ လူတို့သည်။ ဘယတဇ္ဇိတာ၊ ဘေးဖြင့် ထိတ်လန့်ကုန်သည်ဖြစ်၍။ ဗဟုံ-ဗဟူ၊ များစွာကုန်သော။ ပဗ္ဗတာနိ စ၊ တောင်တို့ကိုလည်းကောင်း။ ဝနာနိ စ၊ တောတို့ကိုလည်းကောင်း။ အာရာမရုက္ခစေတျာနိ စ၊ အာရာမ်, ဥယျာဉ်, အဓိကရသစ်ပင် တည်းဟူသော စေတီတို့ကိုလည်းကောင်း။ ဝေ၊ စင်စစ်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ယန္တိ၊ ဆည်းကပ်ကြကုန်၏။

ဧတံသရဏံ၊ ဤအလုံးစုံသော ကိုးကွယ်ရာ တောတောင် အစရှိသည်သည်။ ခေါ၊ စင်စစ်။ ခေမံ၊ ဘေးကင်းကြောင်း ကိုးကွယ်ရာသည်။ ၊ မဟုတ်။ ဧတံသရဏံ၊ ဤတောတောင်စသော အလုံးစုံသော ကိုးကွယ်ရာသည်။ ဥတ္တမံ၊ မြတ်သော ကိုးကွယ်ရာသည်။ ၊ မဟုတ်။ ဧတံသရဏံ၊ ဤတောတောင်စသော ကိုးကွယ်ရာကို။ အာဂမ္မ၊ စွဲ၍။ ဧကောပိ၊ တစ်ယောက်သော သူမျှသည်လည်း။ သဗ္ဗဒုက္ခာ၊ ဇာတိ အစရှိသော ခပ်သိမ်းသော ဝဋ်ဆင်းရဲမှ။ န ပမုစ္စတိ၊ မလွတ်နိုင်။

ယော စ၊ အကြင်သူသည်ကား။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကို လည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ စတ္တာရိ၊ လေးပါးကုန်သာ။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မာ၊ ကောင်းစွာ။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ မြင်၏။

ဒုက္ခဉ္စ၊ ဒုက္ခသစ္စာကိုလည်းကောင်း။ ဒုက္ခသမုပ္ပါဒဉ္စ၊ ဒုက္ခကို ဖြစ်စေတတ်သော သမုဒယသစ္စာကိုလည်းကောင်း။ ဒုက္ခဿ အတိက္ကမဉ္စ၊ ဒုက္ခကို လွန်မြောက်ရာဖြစ်သော နိရောဓသစ္စာကိုလည်းကောင်း။ ဒုက္ကူပသမဂါမိနံ၊ ဒုက္ခ၏ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော။ အရိယံ၊ မြတ်သော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂံ၊ မဂ္ဂသစ္စာကိုလည်းကောင်း။ ပဿတိ၊ မြင်၏။

တဿ၊ ထိုသူ၏။ ဝါ၊ သစ္စာလေးပါး သိပြီးသောသူ၏။ ဧတံသရဏံ၊ ဤဘုရား, တရား, သံဃာဟူသော ကိုးကွယ်ရာသည်။ ခေါ၊ စင်စစ်။ ခေမံ၊ ဘေးကင်းကြောင်း ဖြစ်၏။ ဧတံ သရဏံ၊ ဤသုံးပါးသော ကိုးကွယ်ရာသည်။ ဥတ္တမံ၊ မြတ်၏။ သော စ ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်လည်း။ ဧတံသရဏံ၊ ဤသုံးပါးသော ကိုးကွယ်ရာကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဝဋ်ဆင်းရဲမှ။ ပမုစ္စတိ၊ လွတ်နိုင်၏။

ရသေ့အားလုံး ရဟန္တာဖြစ်

ဒေသနာတော်၏အဆုံး၌ အလုံးစုံလည်းဖြစ်ကုန်သော ထိုရသေ့တို့သည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားကို ရှိခိုးလျက် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း သင်္ကန်းတော် တည်းဟူသော တိုက်ခန်းမှ လက်ယာလက်တော်ကို ဆန့်တန်းတော်မူ၍ “ဧထ ဘိက္ခဝေါ သမ္မာစရထ ဗြဟ္မစရိယံ” ဘိက္ခဝေါ၊ ရဟန်းတို့။ ဧထ၊ ရိုသေတုပ်ကွ လာကြကုန်လော။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ သမ္မာစရထ၊ ကောင်းစွာ ကျင့်ကြကုန်လော။ ဤသို့ အစရှိသောစကားကို မိန့်မြွက်တော်မူ၏။ ထိုရသေ့တို့အား ထိုခဏချင်း၌သာလျှင် ရှစ်ပါးသော ပရိက္ခရာတို့ကို ဆောင်ကုန်လျက် ဝါခြောက်ဆယ်ရပြီးသော မထေရ်ကြီးတို့ကဲ့သို့ ဖြစ်ကြလေကုန်၏။

အဂ္ဂိဒတ္တမထေရ် တန်ခိုးပြခြင်း

၎င်းနေ့သည်လည်း အလုံးစုံကုန်သော အင်္ဂတိုင်း, မဂဓတိုင်း, ကုရုတိုင်း၌ နေကုန်သောသူတို့၏ ပူဇော်သက္ကာရကိုယူ၍ လာသောနေ့ ဖြစ်လေ၏။ ထိုသူတို့သည် ပူဇော်သက္ကာရကိုယူ၍ လာကြကုန်သည်ရှိသော် အလုံးစုံလည်းဖြစ်ကုန်သော ထိုရသေ့ဖြစ်ဖူးသော ရဟန်းတို့ကိုလည်းကောင်း၊ ဗုဒ္ဓသာဝကဖြစ်သော ရဟန်းတို့ကိုလည်းကောင်း မြင်ကြရလျှင် “အသို့နည်း၊ ငါတို့၏ အဂ္ဂိဒတ္တပုဏ္ဏားသည် မြတ်လေသလော၊ ထိုသို့မဟုတ် ရဟန်းကြီးဂေါတမသည် မြတ်လေသလော”ဟု ကြံ၍ “ရဟန်းဂေါတမ၏ လာရောက်ရခြင်းကြောင့် အဂ္ဂိဒတ္တပုဏ္ဏားသာလျှင်မြတ်၏”ဟု အောက်မေ့မှတ်ထင်ကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုတိုင်းသူတိုင်းသားတို့၏ အလိုကို ကြည့်ရှုတော်မူ၍ “အဂ္ဂိဒတ္တ- ပရိသတ်၏ ယုံမှားတွေးတောခြင်းကို ဖြတ်လော့”ဟု မိန့်တော်မူလေ၏။ အဂ္ဂိဒတ္တသည် “ငါသည်လည်း ဤယုံမှားဖြတ်ခြင်းမျှလောက်ကိုသာလျှင် တောင့်တရပေလတ္တံ့”ဟု နှလုံးပြုသဖြင့် တန်ခိုးအာနုဘော် အစွမ်းအားဖြင့် ခုနစ်ကြိမ် ကောင်းကင်သို့ပျံတက်၍ အဖန်တလဲလဲ သက်ဆင်းပြီးလျှင် ဘုရားရှင်ကိုရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် တပည့်တော်၏ ဆရာဖြစ်ပါသည်ဘုရား၊ တပည့်တော်သည် တပည့်သာဝက ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားသဖြင့် သာဝကအဖြစ်ကို ထင်ရှားစွာ ပြလေ၏။

အဂ္ဂိဒတ္တပုဏ္ဏားဝတ္ထု ပြီး၏။