အာနန္ဒတ္ထေရပဉှဝတ္ထု -၂

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗုဒ္ဓဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၇။ အာနန္ဒတ္ထေရပဉှဝတ္ထု
325043ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗုဒ္ဓဝဂ် — ၇။ အာနန္ဒတ္ထေရပဉှဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၇။ အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု

ဒုလ္လဘောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ပြဿနာ မေးလျှောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ယောက်ျားအာဇာနည် ဖြစ်ရာအရပ်

ရှင်အာနန္ဒာမထေရ်သည် တစ်နေ့သ၌ နေ့သန့်ရာအရပ်၌ နေလျက် “ဆင်အာဇာနည်သည် ဆဒ္ဒန်ဆင်မျိုး၌လည်းကောင်း၊ ဥပေါသထ ဆင်မျိုး၌လည်းကောင်း ဖြစ်၏၊ မြင်းအာဇာနည်သည် သိန္ဓောမြင်းအမျိုး၌လည်းကောင်း၊ ဝလာဟကမြင်းမင်းအမျိုး၌လည်းကောင်း ဖြစ်၏၊ နွားလားဥသဘ အာဇာနည်သည် ဒက္ခိဏပထအရပ်၌ ဖြစ်၏၊ ဤသို့ အစရှိသည်တို့ကို ဟောကြားတော်မူသော မြတ်စွာဘုရားသည် ဆင်အာဇာနည် အစရှိသည်တို့၏ ဖြစ်ရာအရပ် စသည်တို့ကို ဟောကြားတော်မူအပ်ကုန်၏၊ ယောက်ျားအာဇာနည်သည်ကား အဘယ်အရပ်၌ ဖြစ်ဘိသနည်း”ဟု ကြံစည်မိလေ၏။ ထိုရှင်အာနန္ဒာမထေရ်သည် ဘုရားရှင်သို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် ဤသို့ ကြံစည်မိသောအကြောင်းကို မေးလျှောက်လေ၏။ မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ယောက်ျားအာဇာနည်သည်ကား အလုံစုံသော အရပ်၌မဖြစ်၊ အဖြောင့်အားဖြင့်ကား ယူဇနာသုံးရာ အလျားရှည်သော အပြန့်အားဖြင့် ယူဇနာနှစ်ရာ့ငါးဆယ်ရှိသော၊ အဝန်းအားဖြင့် ယူဇနာကိုးရာ အတိုင်းအရှည်ရှိသော မဇ္ဈိမဒေသအရပ်၌ ဖြစ်၏၊ ဖြစ်သော်လည်း သာမန်အမျိုး၌ ဖြစ်သည်မဟုတ်၊ များသော ဥစ္စာနှစ်ရှိသော ခတ္တိယမဟာသာလမင်းမျိုး၊ များသော ဥစ္စာနှစ်ရှိသော ဗြာဟ္မဏမဟာသာလ ပုဏ္ဏားမျိုးတို့တွင် တစ်ပါးပါးသော အမျိုး၌သာလျှင် ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၉၃] ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။

ပုရိသာဇညော၊ ယောက်ျား အာဇာနည်ကို။ ဒုလ္လဘော၊ ခဲယဉ်းသဖြင့် ရအပ်၏။ ဝါ၊ ရခဲ၏။ သော၊ ထိုယောက်ျားအာဇာနည်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်, အလုံးစုံသောအမျိုး၌။ န ဇာယတိ၊ မဖြစ်။ ဓီရော၊ မတုန်မလှုပ် ပညာရှိသော။ သော၊ ထိုယောက်ျားအာဇာနည်သည်။ ယတ္ထ၊ အကြင်အမျိုး၌။ ဇာယတိ၊ ဖြစ်၏။ တံကုလံ၊ ထိုအမျိုးသည်။ သုခံ၊ ချမ်းသာခြင်းရှိသည် ဖြစ်၍။ ဧဓတိ၊ ကြီးပွား၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု ပြီး၏။