အစွဲအလန်းကြီးလွန်းသူ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၅။ အစွဲအလန်းကြီးလွန်းသူ (ကျောင်းသားကိုင်သို့)
339368ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၅။ အစွဲအလန်းကြီးလွန်းသူ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

အစွဲအလန်း ကြီးလွန်းသူ

သင်ယူမှုဦးတည်ချက် ။ ။ အစွဲအလန်း ကြီးလွန်းလျှင် ဘေးဒုက္ခရောက်တတ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို စက်ဝိုင်းပုံသဏ္ဌာန် ထိုင်စေပြီးနောက် မျက်လုံးမှိတ်၍ အောက်ပါအတိုင်း စဉ်းစားပါစေ။

“သားတို့၊ သမီးတို့ ဒီအရွယ်ရောက်တဲ့အထိ ကိုယ်အရမ်းကြိုက်တဲ့၊ အရမ်းနှစ်သက်တဲ့ ပစ္စည်းတစ်ခုကို စဉ်းစားကြည့်ပါ။”

֍စဉ်းစားပြီးသောအခါ မျက်လုံးများ ပြန်ဖွင့်စေပြီး ၎င်းတို့စဉ်းစားထားသော ပစ္စည်းတစ်ခု အမည်ကို တစ်ဦးစီ ပြောပြပါစေ။ ကြိုက်နှစ်သက်ရသည့် အကြောင်းကိုပါ ပြောပြပါစေ။

֍ကလေးအားလုံး ပြောပြပြီးသောအခါ အောက်ပါမေးခွန်းများကို တစ်ခုပြီးတစ်ခု မေးပါ။ ကလေးများ၏ ထင်မြင်ချက်၊ ခံစားချက်များကို အသိအမှတ်ပြုပြီး ဆရာက ကလေးများနှင့် အပြန်အလှန် ဆွေးနွေးပေးပါ။

-သားတို့၊ သမီးတို့ အရမ်းကြိုက်နှစ်သက်တဲ့ပစ္စည်းလေး ပျက်စီးသွားရင် ဒါမှမဟုတ် ပျောက်သွားရင် ဘယ်လိုခံစားရမလဲ။
-အဲဒီအခါ သားတို့၊ သမီးတို့ ဘာလုပ်ကြမလဲ။
-ဘယ်လောက်ထိအချိန်ကြာအောင် လုပ်မှာလဲ။
-ဒီလိုလုပ်တာ ကြာလာရင် ဘာတွေ ဆက်ဖြစ်လာနိုင်မယ် ထင်သလဲ။
-ငါ့ပစ္စည်း၊ ငါ့ဟာ စသည်ဖြင့် ဘယ်အရာကိုမဆို အစွဲအလန်းကြီးလွန်းတာ ကောင်းလား။
-ဒါဆိုရင် အစွဲအလန်းကြီးလွန်းတဲ့သူ မဖြစ်အောင်၊ ကိုယ့်စိတ်ထဲမှာ ခံစားမှု သက်သာ သွားအောင် ဘာလုပ်ကြမလဲ။

[သတိပြုရန် 1][သတိပြုရန် 2]

֍ထို့နောက် ဆရာက လူတိုင်းဟာ ပစ္စည်းကိုပဲဖြစ်ဖြစ်၊ နေရာကိုပဲဖြစ်ဖြစ်၊ လူကိုပဲဖြစ်ဖြစ် စွဲလန်းတတ်ကြတယ်။ ဒါပေမဲ့ အလွန်အကျွံ အစွဲအလန်းကြီးတာမျိုးဖြစ်ခဲ့ရင် ကိုယ့်ရဲ့စိတ် ကို ထိခိုက်စေနိုင်တယ်။ စိတ်ထိခိုက်မှုတွေများလာရင် ကိုယ်ခန္ဓာ ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်တယ်။ တစ်ခါတလေမှာ အစွဲအလန်းကြီးလွန်းလို့ ကိုယ့်ရဲ့အသက် အန္တရာယ်ကိုတောင် ထိခိုက်တာမျိုးတွေ ကြုံနိုင်တယ်။ ဒါ့ကြောင့် အစွဲအလန်းကြီးလွန်းတဲ့ သူ မဖြစ်ဖို့လိုတယ်” စသည်ဖြင့် ရှင်းပြပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ အစွဲအလန်းကြီးလွန်းသောလိပ် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အစွဲအလန်းကြီးလွန်းလို့ ဒုက္ခရောက်သွားရတဲ့ လိပ်တစ်ကောင်အကြောင်းကို ပြောပြ မယ်”ဟု အစပျိုး၍ အောက်ပါဇာတ်လမ်းကို ရုပ်ပုံများနှင့်တကွ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

အစွဲအလန်းကြီးလွန်းသောလိပ်

ဟိုးရှေးရှေးတုန်းက မြစ်တစ်ခုအနားက ရေကန်ကြီးတစ်ကန်မှာ လိပ်ကြီးတစ်ကောင် ရှိပါတယ်။ မိုးများတဲ့နှစ်တွေမှာ မြစ်နဲ့ရေကန်ကြီးဟာ တစ်ဆက်တည်း ဖြစ်သွားပေမဲ့ မိုးနည်း တဲ့နှစ်တွေမှာ မြစ်နဲ့ရေကန်ကြီးဟာ တခြားစီ ဖြစ်သွားလေ့ရှိတယ်။ ငါးနဲ့လိပ်တွေဟာ တခြား သတ္တဝါတွေလို မိုးများမယ့်နှစ်၊ မိုးနည်းမယ့်နှစ်တွေကို သဘာဝအရ အလိုလို သိကြတယ်။

မိုးခေါင်ပြီး ခြောက်သွေ့ မယ့်နှစ်ကို ကြိုတင်သိရှိနေကြတဲ့ ရေကန်ကြီးထဲက ငါးနဲ့ လိပ်တွေဟာ ရေကန်ကြီးမှာ ရေခန်းသွားရင် အသက်သေကြမှာကို သိကြတဲ့အတွက် ကန်ကြီး ထဲကနေ မြစ်ထဲကို ကူးပြောင်းသွားကြတယ်။ ဒါပေမဲ့ နေရာဒေသကို အစွဲအလန်းကြီးလွန်းတဲ့ လိပ်ကြီးကတော့ “ငါ့ကို ဒီကန်ကြီးထဲမှာ မွေးတယ်။ ငါ့ကိုမွေးတဲ့ မိဘတွေကလည်း ဒီကန်ကြီး ထဲမှာပဲ နေသွားခဲ့ကြတယ်။ ဒီကန်ကြီးဟာ ငါ့နေရာဖြစ်တယ်။ ဒီနေရာကနေ ဘယ်ကိုမှ မသွား နိုင်ဘူး၊ ဒီကန်ကြီးထဲမှာပဲနေမယ်” ဆိုပြီး ရေကန်ကြီးထဲကနေ ဘယ်မှမသွားခဲ့ဘူး။ တခြားငါးနဲ့ လိပ်တွေကတော့ အန္တရာယ်ကင်းတဲ့ မြစ်အတွင်းကို ထွက်ခွာသွားခဲ့ကြတယ်။

နွေဥတုရောက်တဲ့အခါ ရေကန်ကြီးကလည်း တဖြည်းဖြည်း ခန်းခြောက်လာခဲ့တယ်။ လိပ်ကြီးဟာ စိုးရိမ်မှုမရှိဘဲ သူ့ခန္ဓာကိုယ်ကြီးကို ရွှံ့ညွန်ထဲ နှစ်ထားလိုက်တယ်။ အဲဒီနွေရာသီ အတွင်းမှာ အိုးလုပ်သားတွေဟာ ရွှံညွန်တူးဖို့ ရေကန်ကြီးကို ရောက်လာခဲ့တယ်။ သူတို့ဟာ ပေါက်တူးနဲ့ ရွှံ့ညွန်တွေကို တူးပြီး ယူတယ်။ တချို့ နေရာမှာ ရွှံ့တွေက အတော်လေး မာနေ တာ တွေ့ ရတော့ ပေါက်တူးကို အားနဲ့လွှဲပြီး ပေါက်ကြတယ်။ သူတို့ ပေါက်လိုက်တဲ့ နေရာက လိပ်ကြီးဝပ်နေတဲ့နေရာ ဖြစ်နေတော့ လိပ်ကြီးကိုယ်ကို ပေါက်တူးနဲ့ ပေါက်လိုက်မိသွားတယ်။

အိုးလုပ်သမားတွေက ပေါက်တူးကို ကော်လိုက်တော့ တဆတ်ဆတ်ခါပြီး အပြင်း အထန် နာကျင်နေတဲ့လိပ်ကို အံ့ဩစွာနဲ့ တွေ့ လိုက်ကြရတယ်။ လိပ်ကြီးဟာ “အန္တရာယ်ဖြစ် မှာကို သိရက်နဲ့ မစွဲလန်းသင့်တဲ့ နေရာဒေသကို စွဲလန်းမိတဲ့အတွက် အသက် ဆုံးရှုံးရတော့ မှာပါလား”လို့ ညည်းတွားရင်းနဲ့ သေဆုံးသွားခဲ့ပါတော့တယ်။

မှီငြမ်း ။ ။ ကစ္ဆပဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ဒုတိယတွဲ။ ၂၇၇၊ ဇာ၊ ဋ္ဌ၊ ၂၊ ၇၂။

֍အောက်ပါမေးခွန်းများ မေးပါ။

-ငါး၊ လိပ်တို့ဟာ ရာသီဥတု အပြောင်းအလဲကို သိကြသလား။ ဘယ်လိုသိကြသလဲ။
-မိုးခေါင်မယ်မှန်းကို သိကြတဲ့ လိပ်တွေ၊ ငါးတွေက ဘာလုပ်ကြသလဲ။
-ရေကန်ထဲမှာ ဘယ်သူ ကျန်နေခဲ့လဲ။
-အဲဒီလိပ်က ဘာကြောင့် ရေကန်ထဲမှာ ကျန်နေခဲ့ရတာလဲ။
-လိပ်ကြီးဟာ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ အစွဲအလန်းကြီးလွန်းသောလိပ် ဇာတ်လမ်းပါ သရုပ်ဖော်ပုံများ၊ စာရွက်၊ ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေး (၃) ဦးခန့်က ရုပ်ပုံများကို အသုံးပြု၍ ဇာတ်လမ်းကို မှတ်မိသလို ပြောပြပါစေ။

֍ကလေးတစ်ဦး ပြောပြီးတိုင်း လက်ခုပ်တီး၍ အားပေးပါ။

֍ထို့နောက် ကလေးများအား မိမိတွင်ရှိသော၊ မိမိအလွန်ကြိုက်နှစ်သက်သော ပစ္စည်းတစ်ခု သို့မဟုတ် မိမိအလွန်ချစ်သော တိရစ္ဆာန်လေးတစ်ကောင်၏ပုံကိုဆွဲ၍ ဆေးရောင်ခြယ်ကြ ပါစေ။ ထိုပစ္စည်း သို့မဟုတ် ထိုတိရစ္ဆာန်အား အဘယ်ကြောင့် အလွန်ကြိုက်နှစ်သက်ရ သည်ကို စဉ်းစားပါစေ။

֍ကလေးတစ်ဦးစီက အလှည့်ကျ ပြောပြပါစေ။

֍မိမိအလွန်နှစ်သက်သော ပစ္စည်း သို့မဟုတ် တိရစ္ဆာန်လေး ပျောက်ဆုံးပျက်စီးသွားပါက မည်သို့ဖြစ်မည်၊ မည်သို့ပြုလုပ်မည်ကို ဆက်၍ စဉ်းစားကြပါစေ။

֍ကလေးတစ်ဦးစီက အလှည့်ကျ ပြောပြပါစေ။

֍နောက်ဆုံးတွင် ဆရာက “အစွဲအလန်းကြီးလွန်းခြင်းဟာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲ စေတယ်။ ဒါ့ကြောင့် ဘယ်သူမဆို မိမိ၏ အစွဲအလန်းကြီးမှုကြောင့် ဆက်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်များကို ကြိုတင်စဉ်းစားရမယ်။ အလွန်အကျွံ မစွဲလန်းမိအောင်လည်း မိမိစိတ် ကို ထိန်းရမယ်” စသည်ဖြင့် ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ စကားလုံးကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ နမူနာပြပေးထားသော စကားလုံးစီ ကစားနည်းကို ကစားကြပါစေ။

[သတိပြုရန် 3]

ဥပမာ (၁) အစွဲ အလန်း ကြီးလွန်းလျှင် ဘေးဒုက္ခ ရောက်တတ်သည်
ဥပမာ (၂) အစွဲအလန်း ကြီးလွန်းလျှင် စိတ်ရောကိုယ်ပါ ပင်ပန်း ဆင်းရဲစေသည်
ဥပမာ (၃) အခြေအနေပေါ် မူတည်၍ မိမိစိတ်ကို ပြောင်းလဲ ပြုမူတတ်ရမည်
ဥပမာ (၄) မိမိ၏ ပိုင်ဆိုင်မှုများကို အလွန်အကျွံ စွဲလန်းမှ မဖြစ်စေရ
ဥပမာ (၅) အစွဲအလန်း ကြီးလွန်းသော စိတ်ကို ထိန်းချုပ်ရမည်

֍ကလေးများအား အုပ်စုဖွဲ့ပါ။ အုပ်စုတစ်စုလျှင် (၅) ဦး ထားပေးပါ။

֍ပထမဦးစွာ စကားလုံးကတ်ပြားများကို သင်ပုန်းပေါ်တွင် ကလေးများ မြင်သာအောင် ကပ် ဖတ်ရ ပေးထားရမည်။ ကလေးများ ကတ်ပြားပါ စာတန်းများကို အော်ဖတ်ကြပါစေ။ ပြီးနောက် ကတ်ပြားများကို ပြန်ခွာပါ။

[သတိပြုရန် 4]

֍အုပ်စုအားလုံး တပြိုင်နက် ဆော့ကစားကြပါစေ။

֍ပထမဦးစွာ အုပ်စုဝင်များအားလုံး ရှေ့နောက်တန်း၍ မတ်တတ်ရပ်နေကြပါစေ။

စကားလုံးကတ်ပြားများကို အစဉ်လိုက်မဟုတ်ဘဲ အုပ်စုတိုင်း၏ရှေ့တွင် ချထားရပါမည်။

֍ရှေ့ဆုံးမှကလေးတစ်ယောက်က ကတ်ပြားတစ်ခုကို ယူ၍ သတ်မှတ်ထားသောနေရာသို့ ပြေးကာ သွားကပ်ရပါမည်။

֍ထို့နောက် ဒုတိယနေရာရှိကလေးက နောက်ကတ်ပြားတစ်ခုကို ယူ၍ ကပ်ရပါမည်။ ဤသို့ဖြင့် တတိယကလေး၊ စတုတ္ထကလေး စသည်ဖြင့် ကပ်ရပါမည်။

֍ထို့နောက် ဆရာက စကားလုံးစီထားမှ မှန်၊ မမှန် စစ်ရပါမည်။

֍စကားလုံးစီတွင် မှန်ကန်ပြီး အရင်ပြီးသောအုပ်စုကို အနိုင်ပေးရမည်။

֍ကစားပြီးလျှင် သင်ခန်းစာပါ အကြောင်းအရာများကို ပြန်လည် အနှစ်ချုပ်ပြောပြပြီး အောက်ပါမေးခွန်းများကို မေးပါ။

-အစွဲအလန်းကြီးလွန်းတာ ကောင်းသလား။ ဘာကြောင့်လဲ။
-အစွဲအလန်းကြီးလွန်းသူ မဖြစ်အောင် ဘာလုပ်ရမလဲ။
-အစွဲအလန်းကြီးလွန်းတဲ့စိတ်ကို ဘယ်လို ကျော်လွှားဖြေဖျောက်မလဲ။

  1. ဘယ်လိုမှ မခံစားရဟု ဖြေသူများရှိရင်လည်း အဘယ်ကြောင့်မခံစား ရကြောင်းကို မေးပါ။
  2. စကားပြောနည်းသော ကလေးများ ပြောလာစေရန် ဆရာက တိုက်တွန်းအားပေးပါ။
  3. သင့်လျော်သလို ဆရာက ထပ်မံ ဖြည့်စွက်နိုင်ပါသည်။
  4. တစ်ခေါက်သာ ဖတ်ရမည်။