မွေးနေ့ပွဲ (ဆရာ)

339367ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၄။ မွေးနေ့ပွဲ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

မွေးနေ့ပွဲ

သင်ယူမှုဦးတည်ချက် ။ ။ မိမိတို့ မွေးနေ့တွင် ကောင်းမှုကုသိုလ်ရနိုင်သောအလုပ်များကို ရွေးချယ် ပြုလုပ်တတ်ရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မွေးနေ့ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ “မွေးနေ့” ကဗျာကို ကလေးများ ရွတ်ဆိုတတ်သည်အထိ ဦးစွာသင်ပေးပါ။

မွေးနေ့

ကဆုန်လပြည့် နေ့သောကြာ၊
ဗုဒ္ဓဘုရား မွေးနေ့ပါ။
ထိုနေ့မှာပင် တရားတွေ့၊
ဘုရားဖြစ်လို့ ထူးတဲ့နေ့ ။
တို့တစ်တွေလည်း မွေးနေ့မှာ၊
ကောင်းမှုများစွာ ပြုလုပ်ကာ။
အမှတ်ရစရာ ကုသိုလ်များ၊
မွေးနေ့တိုင်းမှာ အမြဲပွား။

֍ကဗျာ၏အဓိပ္ပာယ်ကို ကလေးများနှင့် ဆွေးနွေးပြီးလျှင် ကဗျာနှင့်ပတ်သက်သော မေးခွန်းများကို မေးမြန်းနိုင်ပါသည်။

֍ထို့နောက် အောက်ပါမေးခွန်းများဖြင့် ဆက်၍ ဆွေးနွေးပါ။

-ကလေးတို့ရော ကိုယ့်မွေးနေ့ကို ကိုယ်သိကြသလား။
-ဘယ်နေ့လဲ ပြောပြပါ။ (ကလေး (၄/၅) ဦးခန့်အား မေးပါ။)
-ကလေးတို့ မွေးနေ့ရောက်ရင် ဘာတွေလုပ်ကြသလဲ။ ဘာကြောင့်လုပ်ကြတာလဲ။

֍နောက်ဆုံးတွင် ဆရာက “လူတိုင်းမှာ မွေးနေ့ ဆိုတာ ရှိတယ်။ တချို့လူတွေက တစ်နှစ် မှာ တစ်ခါကြုံတဲ့ မွေးနေ့ကို ရောက်ရင် ကိုယ့်အသက်တစ်နှစ်ကြီးလာပြီဆိုတာ သတိထား မိပြီး ကလေးတို့လိုပဲ အမှတ်တရအနေနဲ့ တစ်ခုခု ပြုလုပ်တတ်ကြတယ်။ လူတစ်ယောက် နဲ့ တစ်ယောက်တော့ မွေးနေ့ပွဲ ပြုလုပ်ပုံခြင်း မတူကြဘူးပေါ့” စသည်ဖြင့် ဖြည့်စွက် ရှင်းပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ အဓိပ္ပာယ်ရှိသော မွေးနေ့ပွဲ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ အဓိပ္ပာယ်ရှိသော မွေးနေ့ပွဲ ဇာတ်လမ်းကို ကလေးများအား ပြောပြပါ။

အဓိပ္ပာယ်ရှိသော မွေးနေ့ပွဲ

ချောစုလေးဟာ မနက်စောစောထပြီး ဘုရားမှာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော် တယ်။ ဘုရားဂုဏ်တော်တွေလည်း ရွတ်ဖတ်ပြီး ငါးပါးသီလ ဆောက်တည်တယ်။ ပြီးတော့ သတ္တဝါအားလုံး ကျန်းမာစေဖို့ မေတ္တာပို့ပြီး အမျှဝေတယ်။ ဒီနေ့က ချောစုလေးရဲ့ (၈) နှစ်ပြည့် မွေးနေ့ဆိုတော့ အစောကြီးထပြီး အခုလို ကောင်းမှုကုသိုလ်တွေ ပြုလုပ်တာဖြစ်တယ်။

ညနေကျတော့ ချောစုလေးဟာ ဘွားဘွားနဲ့အတူ အိမ်နားကဘုရားကို လမ်းလျှောက် ထွက်လာတယ်။ ဘုရားမှာ ဆီမီး၊ အမွှေးတိုင် ကပ်လှူပူဇော်ကာ ဘုရားရှိခိုးတယ်။ ရေချမ်းကို သက်စေ့ကပ်လှူတယ်။ ချောစုလေးရဲ့ အသက်က (၈) နှစ် ဆိုတော့ ရေချမ်း (၈) ခွက် ကပ်လှူတယ်။ စုထားတဲ့ မုန့်ဖိုးတွေကိုလည်း ဘုရားမှာ လှူလိုက်တယ်။ ဘွားဘွား ဘုရားရှိခိုး၊ တရားထိုင်နေတုန်း ချောစုလေးက ဘုရားပေါ်မှာ တံမြက်စည်းလှည်း၊ သန့်ရှင်းရေး ပြုလုပ် တယ်။ ဘွားဘွား တရားထိုင်ပြီးသွားတဲ့အခါ မြေးအဘွားနှစ်ယောက်အတူတူ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို ခေါင်းလောင်းထိုးပြီး အမျှပေးဝေကြတယ်။ ချောစုလေးလည်း သူ့ရဲ့ မွေးနေ့မှာ သူပြုလုပ်ခဲ့ရတဲ့ ကောင်းမှုကုသိုလ်တွေကို အမျှဝေလိုက်ရလို့ ပီတိဖြစ်နေတယ်။

ညအိပ်ခါနီးကျတော့လည်း တစ်နေကုန်အလုပ်လုပ်လို့ ပင်ပန်းနေတဲ့ ဖေဖေနဲ့မေမေ တို့ကို နင်းပေး၊ နှိပ်ပေးတယ်။ သူ့ကို ဒီအရွယ်ထိ ကျွေးမွေးပြုစုခဲ့တဲ့ ဖေဖေနဲ့မေမေကို ရိုရို သေသေ ကန်တော့တယ်။ ဘွားဘွားကိုလည်း ကန်တော့တယ်။ ဖေဖေ၊ မေမေနဲ့ ဘွားဘွားတို့ က လိမ္မာတဲ့သမီးလေးရဲ့ မွေးနေ့အမှတ်တရအဖြစ် ဆုံးမစကားတွေ ပြောကြ၊ ဆုတွေပေးကြ တယ်။ ဒီလိုနဲ့ ချောစုလေးဟာ သူ့ရဲ့ မွေးနေ့ပွဲကို အေးချမ်းပျော်ရွှင်စွာနဲ့ ကျင်းပဖြစ်ခဲ့ပါတယ်။

တစ်ရက်မှာ ချောစုလေးရဲ့ သူငယ်ချင်းရွှေစင်က မနက်ဖြန်မှာ သူ့မွေးနေ့ပွဲ ကျင်းပမှာ မို့လို့ ချောစုလေးကို လာခဲ့ဖို့ ဖိတ်တယ်။ ဒါနဲ့ နောက်နေ့ကျတော့ ချောစုလေးလည်း ရွှေစင်ရဲ့ မွေးနေ့ပွဲကို သွားတယ်။ ရွှေစင်တို့ရဲ့ ခြံကျယ်ကြီးထဲမှာ မွေးနေ့ပွဲကို ကျင်းပတယ်။ မွေးနေ့ပွဲ ကို ပြင်ဆင်ထားတာလည်း အလွန်လှတယ်။ အအေးမျိုးစုံနဲ့ အသားညှပ်ပေါင်မုန့် ကျွေးတယ်။ ဧည့်သည်တွေ၊ သူငယ်ချင်းတွေလည်း အများကြီးလာကြတယ်။ မွေးနေ့လက်ဆောင်တွေ လည်း ပေးကြတယ်။ အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကြတယ်။ နောက်ပြီး ရွှေစင်က သူငယ်ချင်းတွေနဲ့အတူ မွေးနေ့သီချင်း (Happy Birthday) သီဆိုပြီး မွေးနေ့ကိတ် လှီးတယ်။ သူငယ်ချင်းတွေအားလုံးကို အဲဒီကိတ်မုန့်တွေ လိုက်ခွံ့ ကျွေးတယ်။ ကိတ်မုန့်ကလည်း အလွန် စားကောင်းတယ်။ အဲဒါတွေကို ကြည့်ပြီး ချောစုလေး အားကျနေတယ်၊ သူ့မွေးနေ့ကိုလည်း အဲဒီလိုမျိုး ကျင်းပဆင်နွှဲချင်လာတယ်။

ရွှေစင့်မွေးနေ့က ပြန်လာပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ ချောစုလေး မျက်နှာညှိုးငယ် နေပြီး၊ မှိုင်တွေနေတာကို ဘွားဘွားက သတိထားလိုက်မိတယ်။ ဒါနဲ့ ချောစုလေးကို “မြေး လေး၊ မွေးနေ့က ပြန်လာပြီးကတည်းက မျက်နှာလည်း မကောင်းဘူး၊ ဘာဖြစ်လာတာလဲ၊ သူငယ်ချင်းတွေနဲ့ စိတ်ကောက်လာတာလား”လို့ မေးတယ်။ ဒါနဲ့ ချောစုလေးက “ဘွားဘွား ရယ်၊ ရွှေစင်မွေးနေ့ ကျင်းပနေတာ အားကျစရာကြီး၊ ဧည့်သည်တွေလည်း အများကြီး လာကြတယ်၊ မွေးနေ့လက်ဆောင်တွေလည်း ပေးကြတယ်၊ မွေးနေ့ကိတ်လည်း ကျွေးတယ်။ သမီး အားကျလိုက်တာ။ သမီးရဲ့ မွေးနေ့ပွဲကိုလည်း အဲဒီလိုမျိုး ကျင်းပချင်လိုက်တာ”လို့ ပြန်ပြော လိုက်တယ်။

ချောစုလေး သူ့ကိုယ်သူ အားငယ်နေတာကို ဘွားဘွားက သိလိုက်တော့ “မြေးရယ်... ရွှေစင့်မွေးနေ့ကလည်း ပျော်စရာကြီးပေါ့၊ ဒါပေမဲ့ အဲဒီလို ကြီးကြီးကျယ်ကျယ် ကျင်းပမှ မွေးနေ့မြောက်တာ မဟုတ်ပါဘူး။ ငါ့မြေးလေး ဟိုတစ်ရက်က ကျင်းပသွားတဲ့ မွေးနေ့က ပိုလို့ တောင် မွန်မြတ်ပါသေးတယ်။ ပိုပြီးလည်း ဂုဏ်ယူဖို့ကောင်းပါတယ်။ မနက်စောစောထပြီး ဘုရားမှာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်တာ၊ ဘုရားသန့်ရှင်းရေးလုပ်တာ၊ ကိုယ်ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်တွေကို အမျှဝေတာ၊ ကျေးဇူးရှင်မိဘတွေကို ကန်တော့တာ၊ ဘွားဘွားကို ကန်တော့တာ ဒါတွေအားလုံးဟာ ကောင်းတဲ့အရာတွေ၊ အလုပ်တွေပဲပေါ့။ လူကြီးသူမတွေ လည်း ကြိုက်တယ်။ ဖေဖေ၊ မေမေတို့လည်း ကြိုက်တယ်။ ဘွားဘွားလည်း ကြိုက်တယ်။ ပြီးတော့ အဲဒီလို လုပ်ရပ်မျိုးကို ကိုယ့်မွေးနေ့ရောက်ရင် ဘယ်သူမဆို လုပ်နိုင်တယ်။ လုပ်လို့လည်းရတယ်။ ငါ့မြေးလေး ကျင်းပသွားတဲ့ မွေးနေ့ကမှ တကယ့်ကို အကျိုးရှိတဲ့၊ အဓိပ္ပာယ်ရှိတဲ့၊ ကုသိုလ်ရတဲ့၊ ဘုရားကြိုက်တဲ့ မွေးနေ့ပွဲလေးပါပဲ”လို့ ဘွားဘွားက ရှင်းပြပေး လိုက်တော့မှ ချောစုလေးလည်း ကျေနပ်သွားတယ်။ နှစ်တိုင်းလည်း သူလုပ်နိုင်တဲ့အတိုင်း မွေးနေ့ပွဲကို အဓိပ္ပာယ်ရှိရှိ ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

֍အောက်ပါမေးခွန်းများ မေးပါ။

-ဒီဇာတ်လမ်းထဲမှာ မိန်းကလေးနှစ်ဦး ရှိတယ်။ ဘယ်သူတွေလဲ။
-ချောစုလေးရဲ့ မွေးနေ့ကို ဘယ်လို ကျင်းပတာလဲ။
-ချောစုလေးက ဘယ်သူ့ရဲ့ မွေးနေ့ပွဲကို သွားတာလဲ။
-ရွှေစင်ရဲ့ မွေးနေ့ရော ဘယ်လိုကျင်းပလဲ။ ဘာကျွေးလဲ။
-သားတို့၊ သမီးတို့ရဲ့ မွေးနေ့ကိုရော ဘယ်လိုကျင်းပချင်သလဲ။ ဘာကြောင့်လဲ။

֍ကလေးများ၏ အဖြေများထဲမှ အကျိုးရှိသည့် မွေးနေ့ပွဲကို ဆရာက အနှစ်ချုပ်ရှင်းပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စာရေးရန် စာရွက်ကြီးများနှင့် ဆော့ပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့၍ “မွေးနေ့ရောက်ရင် ဘာလုပ်ကြမလဲ”ဟူ သည့် ခေါင်းစဉ်ကို အုပ်စုလိုက် ဆွေးနွေးပြီး စာရွက်ကြီးပေါ်တွင် ချရေးကြပါစေ။

֍ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးက မိမိတို့အုပ်စု ချရေးထားသည်ကို သင်ပုန်း တွင်ကပ်၍ ကျန်အုပ်စုများကို ရှင်းပြပါ။

֍အုပ်စုဝင်အချင်းချင်း သိလိုသည်များကို မေးခွန်းထုတ်၍ မေးမြန်းကြပါစေ။

֍နောက်ဆုံးတွင် ဆရာက မွေးနေ့အကြောင်းကို အနှစ်ချုပ်၍ ရှင်းပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မွေးနေ့ပွဲကျင်းပမည့် မိသားစု ဇာတ်လမ်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ယခု ကစားနည်းတစ်ခု ကစားမည်ဖြစ်ကြောင်း ပြောပြီး ကလေးများအား “အမေ” အုပ်စု၊ “အဖေ” အုပ်စု၊ “သား” အုပ်စု၊ “သမီး” အုပ်စု ဟူ၍ အုပ်စု (၄) စု ဖွဲ့ပါ။

֍ဆရာက ကလေးများအား “မွေးနေ့ပွဲကျင်းပမယ့် မိသားစုဇာတ်လမ်းကို .. ပြောပြမယ်။ ဆရာပြောတဲ့ ဇာတ်လမ်းကို သေသေချာချာ အာရုံစိုက်ပြီး နားထောင်ရမယ်။ ဇာတ်လမ်း ထဲမှာ အမေ ဆိုတဲ့ စကားလုံးကိုကြားတိုင်း “အမေ” အုပ်စုက လူတွေအားလုံး ချက်ချင်း မတ်တတ်ရပ်ရမယ်။ ပြီးရင် ချက်ချင်း ပြန်ထိုင်ရမယ်။ အဖေ ဆိုတဲ့ စကားလုံးကို ကြား တိုင်း “အဖေ” အုပ်စုက လူတွေအားလုံး ချက်ချင်း မတ်တတ်ရပ်ရမယ်။ ပြီးရင် ချက်ချင်း ပြန်ထိုင်ရမယ်။ ဒီလိုပဲ သားနဲ့ သမီး အုပ်စုက လူတွေလည်း ကိုယ့်အုပ်စု နာမည်ကြားတိုင်း ချက်ချင်း မတ်တတ်ရပ်ပြီး ချက်ချင်း ပြန်ထိုင်ရမယ်”ဟု ပြောပါ။

֍ကလေးများ သဘောပေါက်နားလည်မှု ရှိ၊ မရှိကိုသိရန် ဇာတ်လမ်းမှ စာကြောင်း (၂) ကြောင်းခန့်ကို ပြော၍ အစမ်းကစားကြည့်ပါ။

֍ကလေးများ နားလည်ပြီဆိုပါက အောက်ပါဇာတ်လမ်းကို ပြီးဆုံးသည်အထိ ဖြည်းဖြည်းနှင့် မှန်မှန် ပြောပြပါ။ ကလေးများကလည်း သတ်မှတ်ထားသော အုပ်စုများအလိုက် ဆရာ ညွှန်ကြားထားသည့်အတိုင်း လိုက်၍လုပ်ဆောင်ကြပါစေ။

မွေးနေ့ပွဲကျင်းပမည့် မိသားစု

တစ်ခါက မိသားစုတစ်ခု ရှိတယ်။ တစ်နေ့မှာ အဖေ ဖြစ်တဲ့သူက သားကို “သားရေ မင်းမွေးနေ့ ဘယ်နေ့လဲ”လို့ မေးတယ်။ အမေက “နောက်လမှလေ”လို့ ပြောတယ်။ သမီး ဖြစ်သူက “သမီးမွေးနေ့က အရင်ရောက်မှာ”လို့ ပြောတယ်။ သားက “အဖေနဲ့ အမေက ငါ့ကို မွေးနေ့လုပ်ပေးမှာ”လို့ အစ်မဖြစ်သူကို ပြန်ပြောတယ်။ အစ်မက “အဖေနဲ့ အမေက သားရော သမီးပါ မွေးထားတာ၊ ငါ့ကိုလည်း လုပ်ပေးမှာပါ”လို့ ပြောတယ်။ “သားရော သမီးပါ အကုန်လုံး ကို မွေးနေ့လုပ်ပေးချင်တယ်”လို့ အမေက ပြောတယ်။ အဲဒီအခါ အဖေဖြစ်သူက “အမေ ပြောတာ ဟုတ်တယ်။ သားနဲ့သမီးက မွေးနေ့ကျရင် ဘာလုပ်ချင်လဲ စဉ်းစားထားရမယ်” လို့ ပြောတယ်။ သားနဲ့ သမီးကလည်း “အဖေနဲ့ အမေကို အရင်ကန်တော့မယ်”လို့ ပြောလိုက်ကြတယ်။

֍ကစားပွဲပြီးပါက ကလေးများနှင့် အောက်ပါမေးခွန်းများကို ဆွေးနွေးပါ။

-ကစားလိုက်ရတဲ့အတွက် စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။
-ကစားနည်းထဲမှာ သားနဲ့သမီးဟာ မွေးနေ့မှာ အရင်ဆုံး ဘာလုပ်မယ်လို့ ပြောသလဲ။
-ကလေးတို့ရော ကိုယ့်မွေးနေ့ရောက်ရင် အရင်ဆုံး ဘာလုပ်မလဲ။ (ကလေး (၃/၄) ဦးခန့် မေးပါ။)
-နောက်ရော ကလေးတို့ ဘာတွေလုပ်ချင်သေးလဲ။ ဘာကြောင့် ဒီလို လုပ်ချင်တာလဲ။ (ကလေး (၄/၅) ဦးခန့်အား မေးပါ။)

֍ဆရာက အောက်ပါအတိုင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

“တစ်နှစ်တစ်ခါ မွေးနေ့ရောက်တိုင်း ကိုယ် အသက်တစ်နှစ်ကြီးသွားပြီ ဆိုတာကို သတိ ထားရမယ်။ တစ်နှစ်လုံး အခြားအချိန်တွေမှာ ကုသိုလ်ကောင်းမှု မပြုဖြစ်ရင်တောင်မှ မွေးနေ့ရောက်တဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးဖြစ်မယ့် ကုသိုလ်ရမယ့်အလုပ်မျိုးကိုပဲ ရွေးချယ်ပြီး လုပ်သင့်တယ်’