အဘိဓမ္မာ မိတ်ဆက် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၅။ အဘိဓမ္မာ မိတ်ဆက်(ကျောင်းသားကိုင်သို့)
348417ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၅။ အဘိဓမ္မာ မိတ်ဆက်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

သင်ခန်းစာခေါင်းစဉ်။ ။ အဘိဓမ္မာ မိတ်ဆက်

ယေဘုယျရည်ရွယ်ချက်။ ။ အဘိဓမ္မာဓဒေသနာတော်၏ အခြေခံသဘောတရားတို့ကို သိရှိနားလည်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ အဘိဓမ္မာဒေသနာတော် ပေါ်ပေါက်လာခြင်းအကြောင်းနှင့် အဘိဓမ္မာ ဒေသနာတော်အကျဉ်းကို ရှင်းပြတတ်ရန်၊

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

လုပ်ငန်း (၁) မေးခွန်းများပေး၍ နိါန်းပျိုးခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

(၁၀ မိနစ်)

֍ အောက်ပါ မေးခွန်းများကို မေးမြန်းပါ။ ကလေးများပြောသော အချက်များကို ဆရာက နားထောင်ပေးပါ။

-မီးထွန်းပွဲတော်ကို ဘယ်နေ့မှာ ကျင်းပသလဲ။ ဘာကြောင့်ကျင်းပတာလဲ။
-မီးထွန်းပွဲတော်ကျင်းပတဲ့ သီတင်းကျွတ်လပြည့်နေ့ကို ဘာနေ့လို့ခေါ်သလဲ။ (အဘိဓမ္မာအခါတော်နေ့)
-ဘာကြောင့် အဘိဓမ္မာအခါတော်နေ့ လို့ခေါ်တာလဲ။

֍ ထို့နောက် ဆရာက “အဘိဓမ္မာဒေသနာတော် ဘယ်လိုပေါ်ပေါက်လာခဲ့တယ်၊ အဘိဓမ္မာဆိုတာ ဘာလဲဆိုတာ လေ့လာကြည့်ရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့လုပ်ငန်းပေးခြင်း။

(၃၅ မိနစ်)

֍ ကလေးများအားလုံး ‘အဘိဓမ္မာမိတ်ဆက်’ကို ဖတ်ကြပါစေ။

အဘိဓမ္မာ မိတ်ဆက်

မြတ်စွာဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်၌ မွေးကျေးဇူးဆပ်သည့်အနေဖြင့် မယ်တော်မိနတ်သားအမှူးရှိသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းသုံးလပတ်လုံး မရပ်မနား ဟောကြားတော်မူခဲ့သည်။

ထိုသို့ ဟောတော်မူနေစဉ်အတွင်း မြတ်စွာဘုရားရှင်သည် နေ့စဉ် ဆွမ်းခံချိန်ရောက်လျှင် မိမိကိုယ်စား အဘိဓမ္မာတရား ဆက်လက်ဟောတော်မူရန် နိမ္မိတရုပ်ပွားတော်တစ်ဆူကို ဖန်ဆင်းထားတော်မူခဲ့၍ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူသည်။ ထို့နောက် အနောတတ်အိုင်အနီး၌ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် နေ့ခင်းအချိန်၌ စန္ဒကူးတောသို့ ကြွရောက်သီတင်းသုံးတော်မူသည်။

ထိုအချိန်တွင် အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်ထံချဉ်းကပ်၍ ဝတ်ကြီးဝတ်ငယ် ပြုတော်မူသည်။ မြတ်စွာဘုရားရှင်သည် နတ်ပြည်၌ ဟောကြားခဲ့သော အဘိဓမ္မာဒေသနာတော်ကို အရှင်သာရိပုတ္တရာ မထေရ်အား အကျဉ်းမျှ ပြန်လည် ဟောကြားတော်မူသည်။ ပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာမထေရ်သည် အဘိဓမ္မာဒေသနာကို အကျယ်သိမြင်တော်မူသည်။

အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်ထံမှ ကြားနာခဲ့ရသော အဘိဓမ္မာဒေသနာတော်ကို မိမိ၏ တပည့်ရဟန်း ၅၀၀တို့အား မကျဉ်းမကျယ် ပြန်လည်ဟောကြားတော်မူသည်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် တပည့်သံဃာတော်များက မြတ်စွာဘုရားရှင် ၄၅ ဝါပတ်လုံး ဟောကြားတော်မူခဲ့သော တရားတော်တို့ကို ဝိနည်းပိဋက၊ သုတ္တန်ပိဋက၊ အဘိဓမ္မာပိဋက ဟူ၍ သုံးမျိုး ခွဲခြားကာ သင်္ဂါယနာတင်ခဲ့ကြသည်။ အဘိဓမ္မာပိဋကတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်နှင့် ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်း ရှိသည်။

ထိုတွင် ကုသိုလ်အစရှိသော တရားတို့ကို ပေါင်းစု၍ အကျဉ်းရေတွက်ပြထားသောကြောင့် ဓမ္မသင်္ဂဏီ ကျမ်းဟု ခေါ်သည်။ ကုသိုလ်အစရှိသော တရားတို့ကို အကျယ်ဝေဖန်၍ ပြထားသောကြောင့် ဝိဘင်းကျမ်းဟု ခေါ်သည်။ ခန္ဓာစသော ဓာတ်သဘာဝတို့ကို ဟောပြထားသောကြောင့် ဓာတုကထာကျမ်းဟု ခေါ်သည်။ ပုဂ္ဂိုလ် အမျိုးအစားတို့ကို ခွဲခြားပြထားသောကြောင့် ပုဂ္ဂလပညတ်ကျမ်းဟု ခေါ်သည်။ မူလထေရဝါဒနှင့် အခြားဗုဒ္ဓဝါဒ ဂိုဏ်းကွဲများ၏ အယူဝါဒတို့ကို ခွဲခြားစီစစ်ပြထားသောကြောင့် ကထာဝတ္ထုကျမ်းဟု ခေါ်သည်။ . ကုသိုလ် အစရှိသော တရားတို့ကို အမေးအဖြေပုံစံဖြင့် အစုံအစုံ ဟောကြားထားသောကြောင့် ယမိုက်ကျမ်းဟု ခေါ်သည်။ ကုသိုလ်အစရှိသော တရားတို့ကို အကြောင်းအကျိုးပြ ဟောကြားထားသောကြောင့် ပဋ္ဌာန်းကျမ်းဟု ခေါ်သည်။

အဘိဓမ္မာသည် အဘိနှင့်ဓမ္မ နှစ်ပုဒ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ အဘိ ́ဟူသည် လွန်ကဲခြင်း၊ ထူးမြတ်ခြင်းဟု အဓိပ္ပာယ်ရပြီး ဓမ္မဟူသည် တရားဟု ဆိုလိုသည်။ ထို့ကြောင့် အဘိဓမ္မာဟူသည် လွန်ကဲ ထူးမြတ်သောတရားဟု အဓိပ္ပာယ်ရသည်။

အဘိဓမ္မာသဘောတရားအရ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူ၍ ပရမတ္ထတရားလေးပါးရှိသည်။ ဤလေးပါးသည် အဘိဓမ္မာ၏ အနှစ်ချုပ်တရားများဖြစ်သည်။ အဘိဓမ္မာပိဋကတစ်ခုလုံးသည် ဤလေးပါးကိုပင် အကျဉ်းနည်း၊ အကျယ်နည်းတို့ဖြင့် အမျိုးမျိုးအဖုံဖုံ ဝေဖန်ဟောကြားထားခြင်းဖြစ်သည်။

ထိုတွင် ...
အာရုံကို သိတတ်သော သဘောတရားကို စိတ်ဟု ခေါ်သည်။
စိတ်၌ မှီတွယ်၍ စိတ်ကိုခြယ်လှယ်သော သဘောတရားကို စေတသိက်ဟု ခေါ်သည်။
ဖောက်ပြန်တတ်သော သဘောတရားကို ရုပ်ဟု ခေါ်သည်။
ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ ချမ်းသာအစစ်အမှန်တရားကို နိဗ္ဗာန်ဟု ခေါ်သည်။

အချုပ်အားဖြင့် အဘိဓမ္မာတရားဟူသည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်နှင့်ပတ်သက်သော အယူအဆများ၊ သဘောတရားများ၊ ဘဝ၏ အမှန်သဘောများကို အသေးစိတ် ရှင်းလင်းဟောကြားထားသော တရားတော်ဖြစ်သည်။ သို့ဖြစ်၍ အဘိဓမ္မာသည် ဗုဒ္ဓ၏တရားတော်တို့ကို အခြေခံကျကျ နားလည်ရန် လေ့လာသင့်သော ဘာသာရပ်တစ်ခုဖြစ်သည်။

မှီငြမ်း။ ။ နိဒါန်း၊ အဘိဓမ္မာမှတ်ဖွယ်၊ အရှင်ဇနကာဘိဝံသ။ မိတ်ဆက်နိဒါန်း၊ အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)၊ အရှင်သီလာနန္ဒာဘိဝံသ(D. Litt)၊ ၁-၁၀၊ တက္ကသိုလ်အဘိဓမ္မာ၊ အတွဲ၊၁၊၂၊၃၊ပေါင်းချုပ်၊ ဒေါက်တာမင်းတင်မွန်၊ ၁၉-၂၂၊ ဘိ၊ဋ္ဌ၊၁၊၃-၁၇။

ခက်ဆစ်အဖွင့်

အနောတတ်အိုင် (အနဝတတ်အိုင်) = ဟိမဝန္တာရှိ အိုင်ကြီးခုနစ်အိုင်တွင် အပါအဝင်ဖြစ်သော၊ နေရောင်မထိုးသဖြင့် အလွန်အေးမြသည့် ရေအိုင်ကြီး။
နိမ္မိတရုပ်ပွား = တူညီအောင်ဖန်ဆင်းထားသောရုပ်ပွား။
ပရမတ္ထ = အဟုတ်အမှန် ဧကန်ရှိသော တရား။ မြတ်သော သဘောတရား။
ဧတဒဂ် = ပညာအရာ၊ တန်ခိုးအရာ စသည်တို့တွင် အထူးချွန်ဆုံးအဖြစ် မြတ်စွာဘုရားက သတ်မှတ်တော်မူသော ဂုဏ်အရည်အချင်း၊

֍ ထို့နောက် ဆရာက ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပြီး အောက်ပါမေးခွန်းများကို အုပ်စုလိုက် စဉ်းစားဆွေးနွေးကြပါစေ။ ဆွေးနွေးပြီးလျှင် “ပေးစာတစ်စောင်ပုံစံ “အဖြစ် ရေးသားစေပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-အဘိဓမ္မာအဓိပ္ပာယ်ကို ဘယ်လိုနားလည်သလဲ။
-မြတ်စွာဘုရားက အဘိဓမ္မာဒေသနာကို ဘာကြောင့် ဟောကြားတာလဲ။ ဘယ်မှာ ဟောခဲ့တာလဲ။
-အရှင်သာရိပုတ္တရာက အဘိဓမ္မာဒေသနာကို ဘယ်လိုနာကြားခဲ့သလဲ။ ဘယ်လို ပြန်ဟောခဲ့သလဲ။
-သင်္ဂါယနာတင်ရာမှာ အဘိဓမ္မာဒေသနာကို ဘယ်လိုထည့်သွင်းခဲ့သလဲ။
-အဘိဓမ္မာခုနစ်ကျမ်းက ဘာတွေလဲ။
-အဘိဓမ္မာခုနစ်ကျမ်းရဲ့ အဓိပ္ပာယ်တွေက ဘာတွေလဲ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၅ မိနစ်)

֍ ကလေးများအားလုံး တင်ပြပြီးသောအခါ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး သင်ခန်းစာကို အနှစ်ချုပ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ အဘိဓမ္မာဒေသနာတော်၏ အခြေခံသဘောတရားတို့ကို လက်တွေ့ဘဝနှင့် ဆက်စပ်၍ ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ ရောင်စုံစာရွက်ပိုင်းများ၊ ကော်/တိတ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း၊

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို ကလေးများနှင့် မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို စတင်ပါ။

-ပရမတ္ထတရားလေးပါးက ဘာတွေလဲ။ အဓိပ္ပာယ်တွေကို ပြောပြပါ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ ဆွေးနွေးတင်ပြခြင်း။

(၃၅ မိနစ်)

֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပါ။ ထို့နောက် အောက်ပါဖြစ်ရပ်ကို အုပ်စုလိုက် ဆွေးနွေး၍ ဖြစ်ရပ်တွင်ပါသော မေးခွန်းများကို ဆွေးနွေးပြီး စာရွက်လွတ်ပေါ်တွင် ရေးသားကာ ကိုယ်စား လှယ်တစ်ဦးစီက ပြန်လည်တင်ပြကြပါစေ။

ဖြစ်ရပ်

ခြောက်တန်းကျောင်းသားလေး မောင်ရှိုင်းသည် မြတ်စွာဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော် ရသည်ကို နှစ်ခြိုက်၏။ တစ်နေ့တွင် မောင်ရှိုင်းသည် ကျောင်းမသွားမီ ဆွမ်း၊ ပန်း၊ ရေချမ်းကပ် စာသားများကို ရွတ်ဆို၍ မြတ်စွာဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူနေ၏။ မောင်ရှိုင်း၏ မျက်နှာသည် ကြည်လင် တောက်ပနေ၏။ ထိုအချိန်မှာ အသံလေးတစ်ခု ကြား၍ မျက်စိဖွင့်ကြည့်လိုက်သောအခါ ကြွက်တစ်ကောင်က ဘုရားဆွမ်းတော်ပွဲ စားနေသည်ကို တွေ့လိုက်ရာ မောင်ရှိုင်းသည် “ဆွမ်းတော်ကပ်လို့တောင် မပြီးသေးဘူး၊ ဒီလောက်တောင် အလိုက်ကန်းဆိုး မသိတဲ့ ကြွက်”ဟု ဆိုကာ ဒေါသတကြီး ကြွက်ကို တုတ်ဖြင့် လိုက်ရိုက်ရာ ကြွက်သေသွားလေသည်။

ညစာကျက်ခါနီးတွင် မနက်က အဖြစ်အပျက်ကို အဘိုးဖြစ်သူအားပြောပြရာ အဘိုးက “လူလေး... ကြွက်ဆိုတာ အသိဉာဏ်မဲ့တဲ့ တိရစ္ဆာန်ပဲ လုပ်သင့်၊ မလုပ်သင့် ဘယ်သိမလဲ၊ အသိဉာဏ်ရှိတဲ့ လူကသာ ကိုယ့် ဒေါသကို ထိန်းသင့်တယ်”ဟု ပြောဆိုဆုံးမလေသည်။ မောင်ရှိုင်းလည်း အရာရာကို ဒေါသရှေ့ထား၍ လုပ်ဆောင်လျှင် အမှားတွေတတ်ကြောင်း သိရှိသွားလေသည်။

-မောင်ရှိုင်းဟာ ဘယ်အချိန်မှာ ကုသိုလ်စိတ် ဖြစ်ပေါ်လာသလဲ။
-ကုသိုလ်စိတ်ကြောင့် မောင်ရှိုင်းရဲ့ အသွင်အပြင်ဟာ ဘယ်လိုဖြစ်လာသလဲ။
-မောင်ရှိုင်းဟာ ဘယ်အချိန်မှာ အကုသိုလ်စိတ် ဖြစ်ပေါ်လာသလဲ။
-အကုသိုလ်စိတ်ကြောင့် မောင်ရှိုင်းရဲ့ အသွင်အပြင်ဟာ ဘယ်လိုဖြစ်လာသလဲ။
-ဒီဖြစ်ရပ်ကနေ ကလေးတို့အတွက် ဘာတွေကို သင်ယူရရှိသွားသလဲ။

ဆရာသိရန်-

ဆွမ်း၊ ပန်း၊ ရေချမ်းကပ်၊ မျက်နှာကြည်လင် = ကုသိုလ်စိတ်၊ ကုသိုလ်စေတသိက်များ
ကြွက်ကို ဒေါသထွက်သွား = အကုသိုလ်စိတ်၊ အကုသိုလ်စေတသိက်များ
ကြည်လင်နေသော မျက်နှာမှ ဒေါသမျက်နှာအဖြစ်သို့ ပြောင်းသွား = ရုပ် (ဖောက်ပြန်ခြင်း)

֍ ကိုယ်စားလှယ်များ... တင်ပြပြီးလျှင် ဆရာက လိုအပ်ချက်များကို မေးခွန်းအဖြစ်ပြောင်းလဲမေးမြန်း၍ အဘိဓမ္မာအခြေခံ သဘောတရားများကိုလည်း ဖြည့်စွက်ဆွေးနွေးပေးပါ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း၊

(၅ မိနစ်)

֍ ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“အဘိဓမ္မာတရားတော်ဟာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်နဲ့ ပတ်သက်တဲ့ သဘောတရားများကို အသေးစိတ် ရှင်းလင်း ဟောကြားထားတဲ့ တရားတော်ဖြစ်တယ်၊ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော်တွေကို အခြေခံကျကျ နားလည်ချင်တယ်ဆိုရင် အဘိဓမ္မာတရားတော်ကို လေ့လာသင့်တယ်၊ ဒါ့ကြောင့် သားတို့သမီးတို့ဟာ အဘိဓမ္မာကို လေ့လာနိုင်အောင် ကြိုးစားကြပါ”