အများအကျိုးဆောင်သူ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၄။ အများအကျိုးဆောင်သူ(ကျောင်းသားကိုင်သို့)
348416ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၄။ အများအကျိုးဆောင်သူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

သင်ခန်းစာခေါင်းစဉ်။ ။ အများအကျိုးဆောင်သူ

ယေဘုယျရည်ရွယ်ချက်။ ။ အများအကျိုး သယ်ပိုးဆောင်ရွက်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ အင်ကြင်းပင်စောင့်နတ်၏ အများအကျိုးအတွက် ဆောင်ရွက်ချက်များကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့သမီးတို့ အိမ်ပတ်ဝန်းကျင်မှာ ဘယ်သူတွေ နေသလဲ။
-သူတို့ရဲ့ ကောင်းကျိုးအတွက် ဘာတွေ လုပ်ပေးဖူးသလဲ။
(အချိန်ပေါ်မူတည်၍ ကလေးတစ်ဦးစီ၏ အတွေ့အကြုံကို ပြောပါ။)

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊

(၄၀ မိနစ်)

֍ “သားတို့သမီးတို့ဟာ ဆွေမျိုးတွေနဲ့ အများအကျိုးအတွက် လုပ်ဆောင်ကြသလို အင်ကြင်းပင်စောင့်နတ် တစ်ပါးဟာလည်း သူ့ဆွေမျိုးတွေနဲ့ အများအကျိုးအတွက် ဘယ်လို လုပ်ဆောင်တယ်ဆိုတာကို လေ့လာ ကြည့်ရအောင် ဟု ပြော၍ ဇာတ်လမ်းကို ဖတ်ကြစေ။

အများအကျိုးဆောင်သူ

တစ်ခါက ဗြဟ္မဒတ်မင်းကြီးသည် တိုင်တစ်လုံးတည်းဖြင့်ဆောက်သော နန်းပြာသာဒ်တွင် စံနေတော်မူ လိုသည့်ဆန္ဒ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မင်းချင်းတို့ကို တောထဲသို့သွား၍ တိုင်ရှာရန် အမိန့်ရှိတော်မူသည်။ မင်းချင်းတို့သည် နန်းပြာသာဒ်ဆောက်လုပ်ရန် အဆင်ပြေနိုင်မည့် သစ်ပင်ကို တွေ့သော်လည်း အလွန်ဝေး နေသည့်အတွက် နန်းတော်ထဲအထိ သယ်ယူရန် အခက်တွေ့နေသည်။ သို့ဖြစ်၍ မှူးမတ်တို့က ထိုအကြောင်းကို မင်းကြီးအား လျှောက်တင်ကြရာ မင်းကြီးက ဖြစ်သည့်နည်းဖြင့် အရောက်သယ်ခဲ့ရန်. အမိန့်ရှိတော်မူသည်။ သို့သော် မှူးမတ်တို့က မဖြစ်နိုင်ကြောင်း လျှောက်ထားကြသည်။

ထိုအခါ မင်းကြီးက မင်းဥယျာဉ်တွင်ရှိသော သစ်ပင်များထဲမှ အသုံးပြု၍ ရနိုင်သော သစ်ပင်ကို ခုတ်လှဲရန် အမိန့်ချမှတ်လိုက်ပြန်သည်။ မင်းချင်းတို့လည်း ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုရာ တိုင်တစ်လုံးတည်းဖြင့် နန်းပြာသာဒ်ဆောက်လုပ်ရန် အင်္ဂါရပ်များနှင့်ပြည့်စုံသော အင်းကြင်းပင်ကြီးတစ်ပင်ကို တွေ့လေသည်။ သို့သော် ထိုအင်ကြင်းပင်သည် မင်းနှင့်တကွ လူအားလုံးတို့က အမွှေးနံ့သာတို့ဖြင့် ပူဇော်ကာ အလေး အမြတ်ထားကြသော အပင်ဖြစ်နေသည်။ မင်းချင်းတို့လည်း ထိုအကြောင်းကို မင်းကြီးအား ထပ်မံလျှောက်ထား ကြပြန်သည်။

မင်းကြီးသည် တိုင်တစ်လုံးတည်းဖြင့်ဆောက်လုပ်သော နန်းပြာသာဒ်တွင် စံတော်မူရန် ဆန္ဒအလွန် ပြင်းပြနေသည့်အတွက် သစ်ပင်ကို ခုတ်လှဲရန် အမိန့်ပေးလိုက်သည်။ မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းတွင် မည်သည့် မင်းမျှ အသုံးမပြုနိုင်သော တိုင်တစ်လုံးတည်းဖြင့် ဆောက်လုပ်သည့် နန်းပြာသာဒ်ဖြင့် စံမြန်းရမည့်အရေးကို တွေးကာ ဂုဏ်ယူဝင့်ကြွားလျက် ရှိနေသည်။

မင်းချင်းတို့လည်း မင်္ဂလာအင်ကြင်းပင်သို့သွား၍ ဆီမီးများထွန်းညှိပူဇော်ကြပြီး အင်ကြင်းပင် ပတ်ပတ် လည်တွင် မင်္ဂလာချည်များဖြင့် ဝန်းရံကြသည်။ပြီးလျှင် အင်ကြင်းပင်စောင့်နတ်မင်းအား “အသင်နတ်မင်း အသင်ရဲ့ သစ်ပင်ကို မင်းကြီးက ခုတ်လှဲဖို့ အမိန့်ချမှတ်ပြီးဖြစ်တယ်၊ ခုနစ်ရက်ပြည့်ပါက အသင့်ရဲ့ သစ်ပင်ကို ခုတ်လှဲရတော့မှာဖြစ်တဲ့အတွက် အသင်နတ်မင်းအနေနဲ့ အခြားနေရာသို့ ထွက်သွားပါး ခုတ်လှဲတဲ့အခါ ထိခိုက်မိပါက ကျွန်ုပ်တို့မှာ အပြစ်မရှိပါ”ဟု ပြောဆိုကြလေသည်။

ထိုစကားကို ကြားသောအခါ အင်ကြင်းပင်စောင့်နတ်သည် “လက်သမားတို့က ငါ့သစ်ပင်ကို ခုတ်လှဲကြ တော့မယ်၊ ခုတ်လှဲလိုက်ရင် ငါ့ရဲ့ ဗိမာန် ပျက်စီးတော့မယ်၊ ငါပျက်စီးသလို ငါ့ပတ်ဝန်းကျင်မှာ ဝန်းရံနေကြတဲ့ သစ်ပင်တွေမှာရှိတဲ့ ငါ့ရဲ့ ဆွေမျိုး သစ်ပင်စောင့်နတ် အပေါင်းတို့လည်း ပျက်စီးကြရတော့မယ်၊ ဆွေမျိုးတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းကို ရှာမှဖြစ်တော့မယ်”ဟု စဉ်းစားမိသည်။

ဤသို့ဖြင့် အင်ကြင်းပင်စောင့်နတ်သည် ညဉ့်သန်းခေါင်ယံအချိန်တွင် နတ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီး မင်းကြီးစက်တော်ခေါ်ရာ အခန်းသို့ ဝင်ကာ ကိုယ်ရောင်ကိုယ်ဝါ ပြိုးပြိုးပျက်ပျက် လက်စေလျက် မင်းကြီး၏ ခေါင်းရင်းနေရာတွင် ငိုကြွေးနေသည်။ မင်းကြီးလည်း အိပ်နေရာမှ နိုးလာပြီး “ဘယ်သူလဲ၊ ဘာ့ကြောင့် ငိုကြွေးနေတာလဲ”ဟု မေးတော်မူသည်။

နတ်မင်းက “ကျွန်ုပ်ဟာ အင်ကြင်းပင်စောင့်နတ်မင်း ဖြစ်ပါတယ်၊ ကျွန်ုပ်ရဲ့ သစ်ပင်ကို သင်မင်းကြီးက ခုတ်လှဲတော့မှာ ဖြစ်တဲ့အတွက် ငိုနေရခြင်းဖြစ်ပါတယ်၊ ကျွန်ုပ်ရဲ့ သစ်ပင်ကို သင်မင်းကြီး... ခုတ်လှဲမယ်ဆိုရင် အကိုင်း၊ အခက်တို့ကို ဦးစွာ ခုတ်ချပါ၊ပြီးမှ အလယ်ပိုင်းကို ဖြတ်ပါ၊ နောက်ဆုံးမှ အမြစ်ကို တူးယူပါ”ဟု နတ်မင်း က ပြန်ပြောလိုက်သည်။

ထိုအခါ မင်းကြီးက “ဘာကြောင့် သစ်ပင်ခုတ်ပုံထုတ်နည်းကို သင်နတ်မင်းက အကြံပေးရတာလဲ”ဟု မေးရာ နတ်မင်းက “ကျွန်ုပ်ရဲ့ ပတ်ဝန်းကျင်မှာ အပင်ငယ်လေးတွေ အများကြီးရှိပါတယ်၊ တကယ်လို့ ကျွန်ုပ်ရဲ့ သစ်ပင်ကြီးကို အမြစ်ကနေတူးပြီး တစ်ခါတည်း ခုတ်လှဲလိုက်မယ်ဆိုရင် အနီးအနားမှာရှိတဲ့ သစ်ပင်လေးတွေ သေကုန်ပါလိမ့်မယ်၊ အဲဒီသစ်ပင်လေးတွေမှာရှိတဲ့ ကျွန်ုပ်ရဲ့ ဆွေမျိုး အပင်စောင့်နတ်တွေလည်း ပျက်စီးကုန်ကြ လိမ့်မယ်”ဟု ပြောဆိုလေသည်။

မင်းကြီးသည် နတ်မင်း၏စကားကို ကြားသောအခါ “အသင်နတ်မင်း ... အသင်ဟာ တရားစောင့်သူ၊ ဆွေမျိုးတွေ ပျက်စီးတာကို အလိုမရှိသူဖြစ်တယ်၊ မိမိကိုယ်တိုင်တော့ ပျက်စီးချင် ပျက်စီးပါစေ၊ ဆွေမျိုးတွေ ပျက်စီးတာကိုတော့ အလိုမရှိသူဖြစ်တဲ့အတွက်ကြောင့် အသင်နတ်မင်းကို အကျွန်ုပ် အလွန်ကြည်ညိုလေးစား မိပါတယ်၊ ဒါကြောင့် အသင်နတ်မင်းပိုင်ဆိုင်တဲ့ အင်ကြင်းပင် ခုတ်လှဲမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ့ မယ်”ဟု ပြန်လည်ပြောဆိုလိုက်လေသည်။

အင်းကြင်းပင်စောင့်နတ်သည် အများအကျိုးကို ဆောင်ရွက်ခဲ့သောကြောင့် မိမိအကျိုးလည်းအောင်၊ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချမ်းသာကိုလည်း ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

မှီငြမ်း။ ။ ဘဒ္ဒသာလဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ စတုတ္ထတွဲ၊ ၁၆-၂၂၊ ဇာ၊ဋ္ဌ၊၄၊၁၄၇၊

֍ ဇာတ်လမ်းဖတ်ပြီးနောက် ကလေးများကို ၆-ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပါ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို အုပ်စုလိုက်ဆွေးနွေး၍ ဆွေးနွေးမှုရလဒ်များကို စာရွက်ပေါ်တွင် ရေးပြီး အုပ်စုကိုယ်စားလှယ် တစ်ဦးစီက အလှည့်ကျ ပြန်လည်တင်ပြပါစေ။

-အင်ကြင်းပင်စောင့်နတ်က အများအကျိုးအတွက် ဘယ်လို လုပ်ဆောင်ပေးခဲ့သလဲ။
-အင်ကြင်းပင်စောင့်နတ် နောက်ဆုံး ဘာဖြစ်သွားသလဲ၊ ဘာကြောင့်လို့ ထင်သလဲ။
-နတ်မင်းကြီးနဲ့ ဘုရင်ကြီး ဘယ်သူရဲ့ လုပ်ဆောင်ချက်ကို သဘောကျလဲ၊ ဘာကြောင့်လဲ။
-သားတို့သမီးတို့သာ နတ်မင်းကြီးနေရာမှာဆိုရင် ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်က နတ်တွေကို ကယ်တင်ဖို့ အခြား ဘယ်လို နည်းလမ်းတွေနဲ့ စဉ်းစားဖြေရှင်းနိုင်မလဲ။

֍ ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်များအပေါ် အခြားကလေးများက မေးမြန်းဆွေးနွေးနိုင်ရန် ဆရာက ပံ့ပိုးပေးပါ။

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ထို့နောက်ဆရာက အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေး၍ ကလေးများပြောသော အချက်များကို နားထောင်ကာ ရည်ရွယ်ချက်နှင့် ချိတ်ဆက်ပြီး အနှစ်ချုပ်ပါ။

-ဇာတ်လမ်းထဲက ဘယ်လို သင်ခန်းစာ ရရှိလိုက်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ အများအကျိုးအတွက် ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို ကလေးများနှင့် မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို စတင်ပါ။

-ဘုရင်ကြီးက အင်ကြင်းပင်စောင့်နတ်ကို ဘာကြောင့် ကြည်ညိုလေးစားသွားရတာလဲ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၄၅ မိနစ်)

-အများအကျိုးအတွက် ကလေးတို့ကိုယ်တိုင် ဘာတွေလုပ်ပေးချင်သလဲ။

֍ အထက်ပါမေးခွန်းကို ကလေးတစ်ယောက်ချင်းစီက စဉ်းစားပြီး စာရွက်လွတ်ပေါ်တွင် ရေးပါစေ။ (စဉ်းစားချိန်ကို ဆရာက သင့်လျော်သလို သတ်မှတ်ပေးပါ။)

֍ ပြီးလျှင် ကလေးများကို နှစ်ယောက်တစ်တွဲ တွဲစေပြီး အထက်ပါမေးခွန်းကို ဆက်လက်ဆွေးနွေးစေကာ မတူသော အချက်များကို စာရွက်လွတ်တွင် ရေးကြပါစေ။ (အချိန်ကို ဆရာက သတ်မှတ်ပေးပါ။)

֍ ထို့နောက် ကလေးများကို လေးယောက် တစ်တွဲ တွဲစေပြီး ထိုမေးခွန်းကို ဆက်လက်ဆွေးနွေးစေကာ မတူသောအချက်များကို စာရွက်လွတ်တွင် ရေးကြပါစေ။ နောက်ဆုံးအနေဖြင့် ကလေးများကို ရှစ်ယောက်တွဲ တစ်တွဲ တွဲစေပြီး၊ အထက်ပါမေးခွန်းကိုပင် ဆက်လက်ဆွေးနွေးစေကာ မတူသောအချက်များကို စာရွက် လွတ်ပေါ်တွင် ရေးပါ။ (ဆွေးနွေးရေးသားချိန်ကို ဆရာက သတ်မှတ်ပေးပါ။)

֍ ရှစ်ယောက် တွဲ၍ ဆွေးနွေးပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ကလေးများအားလုံး တင်ပြပြီးသောအခါ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး၍ ရည်ရွယ်ချက်နှင့် ချိတ်ဆက်ပြီး သင်ခန်းစာကို အနှစ်ချုပ်ပါ။