အမြတ်ဆုံးသီလ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၇။ အမြတ်ဆုံးသီလ (ကျောင်းသားကိုင်သို့)
339340ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၇။ အမြတ်ဆုံးသီလ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

အမြတ်ဆုံးသီလ

သင်ယူမှုဦးတည်ချက် ။ ။ သီလစောင့်ထိန်းခြင်းသည်အမြတ်ဆုံးဖြစ်ကြောင်းသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ တပည့်ကျင့်ဝတ်နှင့် သားသမီးကျင့်ဝတ် ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအားလုံးက အောက်ပါ တပည့်ကျင့်ဝတ်နှင့် သားသမီးကျင့်ဝတ်တို့ကို ရွတ်ဆိုကြပါစေ။

တပည့်ကျင့်ဝတ်

ညီညာထကြွ၊
ဆုံးမနာယူ၊ လာမူကြိုဆီး၊
ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊
တပည့်ဝတ်၊ မချွတ်ငါးခုသာ။

သားသမီးကျင့်ဝတ်

ကျွေးမွေးမပျက်၊
ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊
လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

֍“အခု သားတို့၊ သမီးတို့ ရွတ်ဆိုသွားတာတွေက သားသမီးတစ်ယောက်အနေနဲ့ တပည့် တစ်ယောက်အနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေ ဖြစ်တယ်။ အဲဒီလိုပဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ နေ့စဉ် လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိတယ်။ အဲဒီကျင့်ဝတ်တွေကို သီလလို့လည်း ခေါ်တယ်။ ဒါဖြင့် ဆရာတို့၊ သားတို့၊ သမီးတို့အနေနဲ့ နေ့စဉ် လိုက်နာရမယ့် ကျင့်ဝတ်သီလက ဘာတွေဖြစ်မယ်လို့ ထင်လဲ”ဟု ဦးစွာမေးပါ။

[သတိပြုရန် 1]

֍ကလေးများဖြေဆိုထားသော အဖြေများကို မှတ်သားထားပြီး လိုအပ်သလို အနှစ်ချုပ်ပေး ကာ သီလ၏ အဓိပ္ပာယ်ကို ကလေးများ နားလည်အောင် ထပ်မံရှင်းပြပေးပြီး စာသင်ချိန် ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သီလရှိသော အမတ်ကြီး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု ဆရာက သီလနဲ့ဆိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြမယ်”ဟု အစပျိုးပြီး အောက်ပါ သီလရှိသော အမတ်ကြီး ဇာတ်လမ်းကို ပြောပြပါ။

သီလရှိသော အမတ်ကြီး

ရှေးအခါက မှန်ကန်ဖြောင့်မတ်ပြီး အကျင့်သီလကို တန်ဖိုးထားတဲ့ နန္ဒ ဆိုတဲ့ အမတ် ကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူဟာ ပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းဆုံးဖြတ်ပေးတဲ့ အတွက် ဘုရင်နဲ့တကွ တိုင်းသူပြည်သားတွေက အလွန်လေးစားတန်ဖိုးထား ချစ်မြတ်နိုးကြ တယ်။ အမတ်ကြီးဟာ အဲဒီခေတ်အခါအရ မျိုးရိုးအဆင့်အတန်း မြင့်မားတဲ့အပြင် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့တယ်။ ဗေဒင်နက္ခတ်ပညာ၊ တိုင်းပြည်အုပ်ချုပ် ရေး ပညာတွေကိုလည်း ကျွမ်းကျင်တယ်။ သူ့မိဘတွေ အဆက်ဆက်ကတည်းက ငွေကြေး ချမ်းသာပြီး အကျင့်စာရိတ္တလည်း ကောင်းမွန်ကြတယ်။ သူဟာ ရိုးသားဖြောင့်မတ်ပြီး ပြည်သူ ပြည်သားတွေကို ဆင်းရဲချမ်းသာမရွေး အကူအညီတွေ ပေးလေ့ရှိတော့ ပြည်သူတွေကလည်း လေးစားတန်ဖိုးထားကြပါတယ်.. တိုင်းပြည်မှာ ပြဿနာကြီးငယ်တွေ ဖြစ်ပေါ်လာတဲ့အခါ ဘုရင်ကိုယ်တိုင် အမတ်ကြီးကို အလွန်အားကိုးလေ့ရှိတယ်။

ဒီလိုနဲ့ အမတ်ကြီးဟာ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်ရင်း တပည့်ပရိသတ်တွေ များလာတယ်။ အထင်ကြီးလေးစားခံရမှုတွေ အများကြီး တိုးပွားလာခဲ့ပါတယ်။ အဲဒီလို သူ့ကို ချစ်ခင်မြတ်နိုးသူတွေ၊ တပည့်ပရိသတ်တွေ များလာတဲ့အခါ အမတ်ကြီးက စဉ်းစားမိတယ်။ “လူတွေဟာ ငွေကြေးဥစ္စာချမ်းသာရင်လည်း အထင်ကြီးကြ၊ လေးစားကြတယ်။ ရိုးသားဖြောင့် မတ်ပြီး တိုင်းသူပြည်သားတွေကို အကူအညီပေးရင်လည်း လေးစားကြတယ်။ ဗေဒင်နက္ခတ် ပညာ၊ တိုင်းပြည်အုပ်ချုပ်မှုဆိုင်ရာ ပညာရပ်တွေကို ကျွမ်းကျင်ရင်လည်း လေးစားတတ်ကြ တယ်။ ဘုရင်မင်းမြတ်နဲ့တကွ တိုင်းသူပြည်သားတွေဟာ ငါ့ကို ဘာကြောင့် လေးစားနေကြ တာပါလိမ့်။ ငါ့ကို လေးစားနေရတဲ့အကြောင်း တိတိကျကျ သိရအောင် စမ်းသပ်စုံစမ်းကြည့်ဦး မှပဲ”လို့ တွေးနေမိတယ်။

ဒီလိုနဲ့ အမတ်ကြီးဟာ နောက်တစ်နေ့ နန်းတော်ကနေ အိမ်အပြန်မှာ တိုင်းပြည် ဘဏ္ဍာငွေတွေထဲက ငွေအနည်းငယ်ကို လူမသိအောင် ယူခဲ့လိုက်တယ်။ ငွေတွေကို စောင့် ကြပ်တဲ့ ငွေထိန်းပုဂ္ဂိုလ်က တွေ့ သွားတယ်။ ဒါပေမဲ့ “ဪ အမတ်ကြီးဟာ သီလရှိတဲ့သူပဲ၊ ခိုးတာ မဟုတ်လောက်ပါဘူး” ဆိုပြီး ဘာမှမပြောဘဲ နေခဲ့တယ်။ အမတ်ကြီးဟာ နောက်နေ့ တွေမှာလည်း အဲဒီလို ယူ ယူလာတော့ ငွေထိန်းဖြစ်သူက “မပြောလို့ မဖြစ်တော့ဘူး” ဆိုပြီး ပြောပြကာ အမတ်ကြီးကို ဝိုင်းဝန်းဖမ်းဆီးပြီး ဘုရင့်ရှေ့ကို ဆွဲခေါ်ခဲ့ကြတယ်။

ဘုရင့်ရှေ့ကိုရောက်လို့ ဘုရင်က စစ်ဆေးမေးမြန်းတဲ့အခါ တိုင်းပြည်ဘဏ္ဍာငွေထဲမှ ငွေတွေကို နည်းနည်းစီ နည်းနည်းစီ ယူခဲ့ကြောင်း၊ ဒါပေမဲ့ ငွေတွေကို ခိုးချင်လို့ ယူတာ မဟုတ်ဘဲ ... ဘုရင်နဲ့တကွ .. တိုင်းသူပြည်သားတွေက သူ့ကို လေးစားတန်ဖိုးထားရခြင်း အကြောင်းကို သိချင်တဲ့အတွက် အခုလို စမ်းသပ်ကြည့်ခြင်းဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။ အဲဒီလို ရှင်းပြလိုက်တော့ ဘုရင်ကြီးနဲ့ တိုင်းသူပြည်သားတွေလည်း သဘောပေါက်သွားကာ အမတ်ကြီးကို အရင်ကထက်ပိုပြီး လေးစားသွားကြတယ်။

အဲဒီလို စမ်းသပ်ပြီးတဲ့အခါ အမတ်ကြီးဟာ “လူတွေ အထင်ကြီးလေးစားကြတယ် ဆိုတာ ငွေကြောင့်လည်း မဟုတ်၊ ပညာကြောင့်လည်း မဟုတ်၊ အကျင့်သီလကြောင့်ပါလား” လို့ အသေအချာ သိမြင်သဘောပေါက်သွားခဲ့ပါတော့တယ်။ အမတ်ကြီးအဖြစ်ကို နမူနာယူပြီး တိုင်းသူပြည်သားတွေလည်း အကျင့်သီလဟာ ငွေကြေးဥစ္စာနဲ့ အခြားအရာအားလုံးထက် ပိုမို တန်ဖိုးရှိကြောင်း နားလည်ပြီး အကျင့်သီလကောင်းသူများဖြစ်အောင် ကြိုးစားနေထိုင်သွားခဲ့ ကြပါတယ်။

မှီငြမ်း ။ ။ သီလဝီမံသကဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၃၆၆။ ဇာ၊ ဋ္ဌ၊ ၁၊ ၃၉၁။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-အမတ်ကြီးနန္ဒကို တိုင်းသူပြည်သားတွေက ဘာကြောင့် လေးစားတန်ဖိုးထား ချစ်ကြတာလဲ။
-တစ်နေ့မှာ အမတ်ကြီးက ဘယ်လိုတွေးမိသလဲ။
-အဲဒီလိုတွေးမိပြီး အမတ်ကြီး ဘာလုပ်သလဲ။
-ဘုရင်ကြီး စစ်ဆေးမေးမြန်းတဲ့အခါ အမတ်ကြီးက ဘယ်လိုပြန်လည်လျှောက်ထားသလဲ။
-နောက်ဆုံးမှာ အမတ်ကြီး၊ ဘုရင်ကြီးနဲ့တကွ တိုင်းသူပြည်သားအားလုံးဟာ ဘယ်လို နားလည်သဘောပေါက်သွားကြလဲ။
-လောကမှာ ဘယ်အရာက အမြတ်ဆုံးလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သီလ၊ ပိုက်ဆံ၊ ပစ္စည်းဥစ္စာ၊ အိမ်၊ ခြံ၊ မြေ၊ ချစ်ခြင်းမေတ္တာ၊ ရွှေ၊ ရာထူး၊ ပညာ၊ ကိုယ်ချင်းစာတရား၊ မျိုးရိုးအဆင့်အတန်း၊ အာဏာ စသော အမည်မတူညီသည့် ကတ်ပြား (၂ဝ) ခု။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုတိုင်းအား ကတ်ပြားများ ဝေပေးပါ။

[သတိပြုရန် 2]

֍ကတ်ပြား (၂ဝ) ခုထဲမှ “လောကတွင်အရေးကြီးဆုံး”ဟု ယူဆသော ကတ်ပြား (၁၀) ခုကို ရွေးချယ်ကြပါစေ။

֍အုပ်စုကိုယ်စားလှယ်များက ရွေးချယ်ထားသော ကတ်ပြားများကို ပြောပြ၍ အဘယ် ကြောင့် ရွေးချယ်ရကြောင်း ရှင်းပြကြပါစေ။

֍ထို့နောက် ဆက်လက်၍ ကလေးများရွေးချယ်ထားသော ကတ်ပြား (၁၀) ခုမှ နောက်ထပ် (၅) ခုကိုသာ ရွေးချယ်ကြပါစေ။

֍အုပ်စုကိုယ်စားလှယ်များက ရွေးချယ်ထားသော ကတ်ပြား (၅) ခုကို ပြောပြ၍ အဘယ် ကြောင့် ရွေးချယ်ရကြောင်းကို ရှင်းပြကြပါစေ။

֍ထို့နောက် ဆက်လက်၍ ရွေးချယ်ထားသော ကတ်ပြား (၅) ခုထဲမှ နောက်ဆုံး ကတ်ပြား (၃) ခုကိုသာ ရွေးချယ်ကြပါစေ။

֍အထက်ပါနည်းအတိုင်း အဘယ်ကြောင့် ရွေးချယ်ရကြောင်း ရှင်းပြကြပါစေ။

֍အုပ်စုတိုင်းက နောက်ဆုံးရွေးချယ်ထားသော ကတ်ပြားများကို မှတ်သားထားပြီး လူ တစ်ယောက်အတွက် အရေးအကြီးဆုံးက ကိုယ်ကျင့်သီလသာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ငါးပါးသီလကို ရေးထားသော ကတ်ပြား။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “သားတို့၊ သမီးတို့ကို သီလစောင့်ထိန်းရမယ့်အကြောင်းနဲ့ လောကမှာ သီလသာ အမြတ်ဆုံး၊ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို ပြောပြပြီးသွားပြီ။ “ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနဲ့ လိုက်နာစောင့်ထိန်းရမယ့် သီလငါးပါး ရှိတယ်” စသည်ဖြင့် ဆိုကာ အောက်ပါ ငါးပါးသီလကို ရေးထားသော ကတ်ပြားကို သင်ပုန်းတွင် ချိတ်ဆွဲကာ ပြောပြပေးပါ။

ငါးပါးသီလ

၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ သူ့သားမယား ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ခြင်း။
၄။ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၅။ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။

֍ရှင်းပြပြီးနောက် ဆရာက ငါးပါးသီလအကြောင်းကို ကလေးများနှင့် မေးဖြေပြုလုပ်ပါ။

֍နောက်ဆုံးတွင် ကလေးများအား (၂) မိနစ်ခန့် ငြိမ်သက်စွာ ထိုင်စေပြီးနောက် “သားတို့၊ သမီးတို့ကို ဆုမွန်ကောင်းတောင်းပေးမယ်။ အားလုံး မျက်လုံးမှိတ်ထားရအောင်ဟု ပြော၍ အောက်ပါအတိုင်း ဆုမွန်ကောင်းတောင်းပေးပါ။

“သားတို့၊ သမီးတို့အားလုံးဟာ သီလရှိတဲ့၊ မိမိကိုယ်ကို စောင့်ထိန်းတတ်တဲ့၊ မေတ္တာ ထားတတ်တဲ့၊ ဗုဒ္ဓဘုရားရှင်ချစ်တဲ့၊ လိမ္မာယဉ်ကျေးသော ကလေးများ ဖြစ်ကြပါစေ”။

  1. ကလေးများ ဖြေတတ် သလို ဖြေဆိုကြပါစေ။
  2. အချိန်ပေါ်မူတည်၍ ရွေးချယ်စေနိုင်ပါသည်။