ဘုရားရှိခိုးရကျိုး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၆။ ဘုရားရှိခိုးရကျိုး (ကျောင်းသားကိုင်သို့)
339339ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၆။ ဘုရားရှိခိုးရကျိုး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

ဘုရားရှိခိုးရကျိုး

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားရှိခိုးလျှင် ရရှိမည့်အကျိုးများကိုသိရှိတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကလေးတို့ ဒီနေ့မနက် ကျောင်းမလာခင် ဘုရားရှိခိုးခဲ့တဲ့သူရှိရင် လက်ထောင်ပါ”ဟု ပြောပြီး လက်ထောင်ကြပါစေ။

֍“မနေ့ညက မအိပ်ခင် ဘုရားရှိခိုးခဲ့တဲ့သူရှိရင် လက်ထောင်ပါ”ဟု ပြောပြီး လက်ထောင်ကြပါစေ။

֍“ဘုရားကို ရှိခိုးတဲ့အခါ ဘုရားစာတွေ ရွတ်သလား။ ဘယ်သူရွတ်ပြမလဲ”ဟု ဆိုကာ ရွတ် ပြချင်သူအားလုံးက တစ်ဦးစီရွတ်ပြကြပါစေ။

֍ထို့နောက် “ဒီဘုရားစာတွေကို ဘယ်သူသင်ပေးတာလဲ။ ဒီဘုရားစာတွေ ရွတ်ဆိုပြီး ဘုရား ရှိခိုးရင် ဘာအကျိုးတွေ ရရှိသေးလဲ”ဟု မေးကာ ကလေးများ သိသလောက်ပြောပြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ တစ်ကြိမ်ရှိခိုး အကျိုးများစွာ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဒုတိယတန်း၊ သင်ခန်းစာ (၆) မှာ သင်ခဲ့တဲ့ သရဏဂုံ (၃) ပါးရဲ့ အကျိုးတွေကို မှတ်မိကြ သေးလား”ဟု မေး၍ မှတ်မိသောကလေးများရှိလျှင် ပြန်လည်ပြောပြစေပြီး မမှတ်မိလျှင် ဆရာက ပြန်လည်ပြောပြပါ။ (လူချမ်းသာ၊ နတ်ချမ်းသာ ဘဝကို ရရှိတယ်။ ဉာဏ်ကောင်း တယ်။ ချမ်းသာ ကြွယ်ဝတယ်။ အသားရောင်က ရွှေလို ဝင်းဝါတယ်။ လူတိုင်းကလည်း ကိုယ့်ကို ချစ်ခင်နှစ်သက်တယ်။)

֍“အခု မြတ်စွာဘုရားကို အဝေးကနေလှမ်းပြီး ကြည်ညိုပူဇော်ရုံနဲ့ ကောင်းကျိုးရသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြမယ်၊ သေချာနားထောင်နော်”ဟု ပြော၍ အောက်ပါ တစ်ကြိမ်ရှိခိုး အကျိုးများစွာ ဇာတ်လမ်းကို ပြောပြပါ။

တစ်ကြိမ်ရှိခိုး အကျိုးများစွာ

ဟိုးရှေးရှေးတုန်းက ဝိပဿီမြတ်စွာဘုရားဆိုတာ လောကမှာ ပွင့်တော်မူခဲ့တယ်။ တစ်နေ့မှာ ဝိပဿီမြတ်စွာဘုရားရှင်ဟာ တပည့်သံဃာတော်တွေနဲ့ မြို့ တစ်မြို့ ရဲ့ အစွန်အဖျား ကျောင်းတော်ကြီးမှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီမြို့ထဲမှာ အလွန်ဆင်းရဲတဲ့ မေတ္တာ လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ရှိတယ်။ မေတ္တာလေးဟာ အလွန်ဆင်းရဲတော့ သူများ တွေလို အလှူအတန်းတွေလည်း မလုပ်နိုင်ဘူး။ သူဟာ မြတ်စွာဘုရားကို ကြည်ညိုလေးစား ပေမဲ့ မြို့ထဲမှာ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကြွလာတိုင်း ဆွမ်းလည်း မလောင်းလှူနိုင် ဘူး။ သူဟာ မိုးလင်းတာနဲ့ တောထဲက ယာခင်းတွေမှာ ရောက်နေတော့ မြတ်စွာဘုရား ဆွမ်း ခံချိန်နဲ့ လွဲလွဲနေတယ်။

တစ်နေ့မှာ ဝိပဿီမြတ်စွာဘုရားရှင်ဟာ နောက်လိုက်နောက်ပါ သံဃာတော်တွေနဲ့ တခြားမြို့ တစ်ခုကို ခရီးထွက်တော်မူရာ မြို့ထဲကနေ ဖြတ်သွားတော်မူတယ်။ အဲဒီအချိန်မှာ မေတ္တာလေးက မြို့ထဲကို ကိစ္စတစ်ခုရှိတာနဲ့ ပြန်ရောက်လာခဲ့တယ်။ သူဟာ လမ်းမပေါ်ကနေ ခရီးထွက်ခွာနေတဲ့ ဝိပဿီမြတ်စွာဘုရားကို အဝေးကနေပြီး လှမ်းမြင်လိုက်ရတယ်။ မြတ်စွာ ဘုရားကို မြင်မြင်ချင်း ဝမ်းသာကြည်နူးစိတ်တွေ ဖြစ်ပေါ်လာပြီး ကြည်ညိုစွာနဲ့ လက်အုပ်ချီမိုး ရှိခိုးလိုက်တယ်။

မေတ္တာလေးဟာ အဲဒီလို တစ်ကြိမ်တစ်ခါ လက်အုပ်ချီမိုး ရှိခိုးခဲ့တဲ့အတွက်ကြောင့် အဆင့်အတန်းမြင့်တဲ့ ဘဝပေါင်းများစွာကို ရရှိခဲ့တယ်။ နောက်ဆုံးဘဝ ဂေါတမမြတ်စွာဘုရား ရှင်လက်ထက်မှာ ‘အဉ္ဇလီ' ဆိုတဲ့ အမည်နဲ့ ရဟန်းပြုခွင့်ရပြီး တရားထူးတွေ ရရှိသွားခဲ့ပါ တယ်။ ရဟန်းတော်အဉ္စလီဟာ “မြတ်စွာဘုရားကို တစ်ကြိမ်တစ်ခါ လက်အုပ်ချီမိုး ရှိခိုးတာ လေးနဲ့ အခုလောက် အကျိုးကျေးဇူးတွေရရင် မြတ်စွာဘုရားရှင်ကို နေ့စဉ်နေ့တိုင်း ရှိခိုးသင့် ပါတယ်”လို့ လူအများကို တိုက်တွန်းဟောကြားလေ့ ရှိပါတော့တယ်။

မှီငြမ်း ။ ။ ဧကဉ္ဇလိကတ္ထေရအပဒါန်၊အပါဒါန၊ ဋ္ဌ၊ ၂။ ၄၅။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားရှိခိုးရကျိုး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့၊ သမီးတို့ ရတနာသုံးပါးဆိုတာ သိလား၊ ဘာတွေလဲ။
-သရဏဂုံ (၃) ပါးကိုရော သိလား၊ ဘာတွေလဲ။
-ဘုရားဂုဏ်တော် ဘယ်နှပါးရှိသလဲ။
-ဘုရားဂုဏ်တော်ရွတ်ဖူးလား။ ရွတ်ပြပါ။

֍ကလေးများမသိလျှင် ဆရာက ဖြည့်စွက်ပြောပြပါ။

ဂုဏ်တော်ကိုးပါး - အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ၊

֍အောက်ပါ ဘုရားရှိခိုးရကျိုး ကဗျာကို ကလေးများ ရွတ်ဆိုတတ်အောင် သင်ပေးပါ။

ဘုရားရှိခိုးရကျိုး

ဘုရားရှိခိုးအကျိုးမှာ၊
ဘုရားရိုသေလာ။
ကျိုးနွံကာ သဒ္ဓါပွား၊
သတိ ပညာများ။
ပီတိတဖွားဖွား ဖြစ်ကာရယ်၊
ဒုက္ခခံနိုင်တယ်။
စိတ်ထဲဝယ် ဘုရားအထံပါး၊
နေတယ်လို့ ခံစား။
ဘုရားရှိခိုးတဲ့ ကိုယ်ခန္ဓာ၊
စေတီထိုက်သည်သာ။
အကျိုးများစွာ ရတာမို့၊
ဘုရားရှိခိုးစို့။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ “နမော တဿ”၏ အနက်အဓိပ္ပာယ် ရေးထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ယနေ့ “နမော တဿ” ဘုရားရှိခိုးကို သင်ပေးမည်ဖြစ်ကြောင်းနှင့် ဒီဘုရားရှိခိုးသည် မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ရည်ညွှန်း၍ ရှိခိုးကန်တော့ခြင်းဖြစ်ကြောင်း ပြောပြပါ။

֍ဆရာက အောက်ပါဘုရားရှိခိုးကို အရင်ရွတ်ဆိုပြပါ။

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

֍ကလေးများရွတ်ဆိုတတ်သည်အထိ ဆရာက သင်ပေးပါ။ သို့မဟုတ် ဆိုပြပါ။

֍ထို့နောက် “ဒီဘုရားရှိခိုးရဲ့ အနက်အဓိပ္ပာယ်ကို ပြောပြမယ်”ဟု ဆိုပြီး အောက်ပါ အနက် အဓိပ္ပာယ်ကို သင်ပုန်းတွင်ရေးပြီး သို့မဟုတ် ရေးထားတဲ့စာရွက်ကြီးကို သင်ပုန်းတွင် ကပ်ပြီး ဆရာက ရှင်းပြပါ။

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဘဂဝတော- ဘုန်းတော်ကြီးတော်မူသော၊

အရဟတော - ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊

သမ္မာသမ္ဗုဒ္ဓဿ - ဆရာမရှိ မိမိအလိုလို ကိုယ်တော်တိုင် သိတော်မူသော၊

တဿ- ထိုမြတ်စွာဘုရားအား

နမော - ရှိခိုးပါ၏။

֍ကလေးများ၏ မှတ်စုစာအုပ်တွင် ကူးရေးကြပါစေ။ နှုတ်မှရွတ်တတ်အောင်လည်း ဆရာက ရွတ်ဆိုပြပါ။

֍ထို့နောက် အချိန်ရလျှင် အောက်ပါအကြောင်းအရာကို ပြောပြပါ။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက သိလိုသည်များကို သိကြားမင်းက မေးမြန်းလျှောက်ထားသည့်အတွက် မြတ်စွာဘုရားကလည်း ပြန်လည်ဖြေကြားပေးပါသည်။ ထိုအခါ မြတ်စွာဘုရား၏ ဖြေကြားချက်ကို သိကြားမင်းက လွန်စွာ နှစ်သက်သဘောကျ ကြည် ညိုလှသဖြင့် ဤ “နမော တဿ” ဘုရားရှိခိုးကို သုံးကြိမ်တိုင်တိုင် ရွတ်ဆိုရှိခိုးလေသည်။ သိကြားမင်းကဲ့သို့ပင် ကောသလမင်းကြီးနှင့် အခြားပုဏ္ဏားကြီးတို့သည်လည်း မြတ်စွာဘုရား ကို ထို “နမော တဿ” ဘုရားရှိခိုးဖြင့် သုံးကြိမ်ရွတ်ဆို ရှိခိုးကြလေသည်။ ဤ “နမော တဿ” စသည့် ဘုရားရှိခိုးကို ရွတ်ဖတ်ပူဇော်လျှင် နှောင့်ယှက်ဖျက်ဆီးလာမည့် အန္တရာယ်များကို ကာကွယ်နိုင်ခြင်း၊ လိုအပ်သော အလုပ်ကိစ္စများ အပြီးအဆုံးသို့ရောက်နိုင်ခြင်း အစရှိသော ကောင်းကျိုးချမ်းသာများကို ခံစားရနိုင်ပါသည်။

֍ဒီနေ့ကစပြီး “နမော တဿ” ဘုရားရှိခိုးနဲ့ မြတ်စွာဘုရားကို ရှိခိုးကန်တော့ကြပါစို့”ဟု ပြောကာ “နမော တဿ” ဘုရားရှိခိုးကို ရွတ်ဆိုကန်တော့ပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။