အလှူဒါနပြုကြမယ် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၃) အလှူဒါနပြုကြမယ် (ကျောင်းသားကိုင်သို့)
339325ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၃) အလှူဒါနပြုကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

အလှူဒါန ပြုကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ မိမိတတ်နိုင်သရွေ့ ပေးကမ်းလှူဒါန်းခြင်းဖြင့်ကောင်းကျိုးများရရှိကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို အောက်ပါမေးခွန်းများ မေး၍ ဆွေးနွေးပါ။ ကလေးများသိသလောက်သာ ဖြေပါစေ။

-“ကလေးတို့တွေ အလှူလုပ်တာ၊ အလှူပေးတာ တွေ့ ဖူးလား။ ကိုယ်တိုင်ရော အလှူကို သွားဖူးသလား။
-“ဘာကြောင့် အလှူလုပ်တာ၊ အလှူပေးတာလို့ထင်သလဲ။”
-“ကလေးတို့ရော အလှူပေးဖူးသလား။”
-“ဘယ်သူတွေကို ပေးလှူဖူးသလဲ”
-ဘယ်နေရာတွေမှာ ပေးလှူဖူးသလဲ” (ကလေးတို့ပေးလှူဖူးသောလူ၊ နေရာ တစ်ခု ချင်းပေါ်မူတည်၍ မေးခွန်းဆက်မေးပါ။)
-“ကလေးတို့က ဘာဖြစ်လို့လှူရတာလဲ” (ကလေးတို့ကိုယ်တိုင် ဘာဖြစ်ချင်တာလဲ၊ အလှူခံသူကိုရော ဘာဖြစ်စေချင်တာလဲ)

֍ကလေးများဖြေပြီးပါက အလှူပေးခြင်းအကြောင်းကို အောက်ပါအတိုင်း ရှင်းပြပေးပါ။ အလှူပေးတယ်ဆိုတာ အမှန်တကယ်လိုအပ်နေတဲ့သူတွေ၊ လိုအပ်နေတဲ့ နေရာတွေ မှာ အသုံးပြုနိုင်ဖို့အတွက် မိမိတတ်နိုင်သရွေ့ ပေးကမ်းလှူဒါန်းခြင်း၊ ကူညီပေးခြင်း ဖြစ်တယ်။ ဒီလို ပေးကမ်းလှူဒါန်းလိုက်တဲ့အတွက် လောလောဆယ်မှာလှူတဲ့ လူကိုယ် တိုင်ရဲ့ စိတ်ထဲမှာ ကျေနပ်ဝမ်းသာတယ်၊ ပီတိဖြစ်တယ်၊ တကယ်လိုအပ်နေတဲ့သူတွေ၊ လိုအပ်တဲ့နေရာတွေအတွက်လည်း အထောက်အပံ့ အကူအညီတွေရစေနိုင်တယ်။ စိတ်ချမ်းသာမှုတွေလည်း ဖြစ်စေတယ်။”

֍ထို့နောက် “အလှူဒါနပြုခြင်းဟာ အခု လောလောဆယ်မှာလည်း ကောင်းကျိုးတွေရှိ သလို . နောင်ဘဝတွေမှာလည်း .. ကောင်းကျိုးတွေပေးနိုင်တယ်ဆိုတဲ့ အကြောင်းကို နောက်စာသင်ချိန်မှာ ဆက်ပြောပြမယ်နော်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မိန်းမချောလေးမာလာ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“အလှူ ဘာဖြစ်လို့ လုပ်ကြလဲ၊ အလှူလုပ်ရင် ဘာအကျိုးရတတ်သလဲဆိုတာကို ဇာတ် လမ်းလေးနဲ့ ပြောပြမယ်နော်”ဟု အစပျိုးပြီး အောက်ပါ မိန်းမချောလေးမာလာ ဇာတ်လမ်း ကို အသံနေအသံထားဖြင့် ပြောပြပါ။

မိန်းမချောလေးမာလာ

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ အလွန်ဆင်းရဲတဲ့ သူဆင်းရဲမလေးတစ် ယောက်ရှိတယ်။ ဘယ်လောက်တောင် ဆင်းရဲသလဲဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရ၊ သောက်ရတဲ့အထိ ဆင်းရဲတယ်။ တစ်နေ့မှာ တစ်တိုင်းပြည်လုံး ပျော်ပွဲရွှင်ပွဲကျင်းပတော့ အကောင်းစားအဝတ်အစားနဲ့ ရတနာတွေဝတ်ပြီး ပွဲသွားကြတဲ့သူတွေကို သူဆင်းရဲမလေးက မြင်နေရတယ်။ အဲဒါကြောင့် အဝတ်အစားသစ်ဝယ်ပေးဖို့ ဖေဖေ၊ မေမေတို့ကို ပူဆာတယ်။ သူဆင်းရဲမလေးရဲ့ မေမေက “သမီးလေး... မေမေတို့မိသားစု ဆင်းရဲတာ သမီးသိပါတယ်၊ သမီးလေးကို လှလှပပ ဝတ်စေချင်တာပေါ့၊ ဒါပေမဲ့ မေမေတို့ဆီမှာ ပိုက်ဆံမှ မရှိတာကွယ်” လို့ စိတ်မကောင်းစွာနဲ့ ပြောရှာတယ်။

စိတ်ထက်သန်နေသော သူဆင်းရဲမလေးက “သမီးကိုယ်တိုင် သူဌေးအိမ်မှာ အလုပ် လုပ်ပြီးဝယ်ပါရစေ၊ မေမေတို့ခွင့်ပြုပေးပါ”လို့ ခွင့်တောင်းတယ်။ မိဘခွင့်ပြုချက် ရပြီးတဲ့နောက် သူဌေးကြီးတစ်ဦးဆီသွားပြီး “အကောင်းဆုံး အဖိုးတန်ဆုံး ဝတ်စုံတစ်စုံ လိုချင်ပါတယ်ရှင်၊ ဒီအိမ်မှာ ကျွန်မလုပ်နိုင်တဲ့အလုပ်ရှိရင် အလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ လက်ခံပေးပါ”လို့ ပြောလိုက်တော့ သူဌေးကြီးက “သုံးနှစ် အလုပ်လုပ်နိုင်ရင် လိုချင်တာကိုပေးမယ်”လို့ ကတိ ပေးလိုက်တယ်။

သူဌေးကြီးက ရိုးရိုးသားသား၊ ကြိုးကြိုးစားစား မခိုမကပ်လုပ်တဲ့ သူဆင်းရဲမလေးကို သုံးနှစ်မပြည့်ခင်မှာပဲ အကောင်းဆုံး အဝတ်တစ်စုံကိုသာမက တခြားအဝတ်များကိုပါ ပေး လိုက်တယ်။ သူဆင်းရဲမလေးဟာ ပျော်ရွှင်စွာနဲ့ သူဌေးကြီးပေးတဲ့ အကောင်းစားဝတ်စုံကို ယူပြီး သူငယ်ချင်းတွေနဲ့အတူ မြစ်ဆိပ်ကိုရေချိုးထွက်ခဲ့တယ်။

သူဆင်းရဲမလေးတို့ ရေချိုးနေတဲ့အချိန်မှာပဲ သူခိုးတွေက သင်္ကန်းကို လုယူသွားလို့ ခန္ဓာကိုယ်ကို သစ်ခက်သစ်ရွက်တို့နဲ့ ဖုံးအုပ်ထားရတဲ့ ရဟန်းတစ်ပါး ရေချိုးဆိပ်ကို ရောက်လာ ခဲ့တယ်။ အဲဒီရဟန်းကို မြင်လိုက်တဲ့ သူဆင်းရဲမလေးက ဒီရဟန်းရဲ့ သင်္ကန်းတွေကို သူခိုး တွေ လုယူသွားတာထင်တယ်၊ ငါဟာ အရင်ဘဝတွေက မလှူခဲ့ဖူးလို့ ဒီဘဝမှာ အကောင်းစား အဝတ်ကို လွယ်လွယ်ကူကူနဲ့ မရခဲ့ဘူး၊ ဒါကြောင့် ရလာတဲ့ အကောင်းစားအဝတ်ကို နှစ်ပိုင်း ဖြတ်ပြီး တစ်ပိုင်းကို ရဟန်းတော်ကို လှူလိုက်မယ်”ဆိုတဲ့ အတွေး ဖြစ်ပေါ်လာခဲ့တယ်။

အဲဒီလို တွေးပြီးတာနဲ့ ရေထဲက တက်၊ အဝတ်ကို အမြန်ဝတ်ပြီး အကောင်းဆုံး အဝတ်စကို အလယ်က ဖြတ်ပြီး တစ်ပိုင်းကိုလှူလိုက်တယ်။ ရဟန်းတော်က ချုံကွယ်ရှိရာကို သွားပြီး သူဆင်းရဲမလေးလှူတဲ့ အဝတ်ကိုဝတ်ရုံလိုက်တယ်။ အဝတ်အသစ်ကို ဝတ်ရုံလိုက်တဲ့ ရဟန်းတော်ရဲ့ ရုပ်အဆင်းက နေရောင်လိုပဲ ကြည်လင်တောက်ပသွားတယ်။

သူဆင်းရဲမလေးက ကြည်ညိုဖွယ်ကောင်းတဲ့ ရဟန်းကို မြင်ရတဲ့အခါ “ရဟန်းတော် ဟာ အဝတ်သင်္ကန်း မဝတ်ထားတုန်းက ကြည့်လို့မကောင်းဘူး၊ အခု အဝတ်သင်္ကန်းကို ဝတ်ရုံလိုက်တော့ ကြည်ညိုဖွယ်ကောင်းတယ်၊ ကျန်တဲ့ တစ်ပိုင်းကို ထပ်ရုံလိုက်ရရင် ပိုပြီး ကြည် ညိုဖွယ် ကောင်းမှာပဲ”လို့ တွေးပြီး ကျန်တဲ့အဝတ်စကိုပါ ဝမ်းမြောက်ဝမ်းသာနဲ့ ထပ်လှူလိုက်တယ်။

လှူပြီးတော့ “အရှင်ဘုရား ဒီအကောင်းဆုံး အဝတ်စကို သင်္ကန်းအဖြစ် လှူရတဲ့ ကောင်းမှုကြောင့် တပည့်တော်သည် ဘဝဆက်တိုင်း ချမ်းသာကြွယ်ဝသူ ဖြစ်ရပါလို၏။ ဉာဏ် ပညာ ထက်မြက်သူဖြစ်ရပါလို၏။ အလွန်ချောမောလှပသူ ဖြစ်ရပါလို၏။ တရားထူး တရား မြတ်ကို ရသောသူဖြစ်ရပါလို၏” လို့ ဆုတောင်းတယ်။

သူဆင်းရဲမလေးဟာ ရဟန်းတော်ကို အဝတ်သင်္ကန်း လှူခဲ့ရတဲ့ကောင်းမှုကြောင့် နတ် သား၊ နတ်သမီးဘဝ အကြိမ်များစွာ ဖြစ်ခဲ့တယ်။ လူဖြစ်တဲ့အခါမှာလည်း သူဌေးအမျိုးမှာ ဖြစ်ရတဲ့အပြင် ဆုတောင်းခဲ့တဲ့အတိုင်း အလွန်ချောမောလှပတဲ့ မိန်းမချောလေးမာလာ ဖြစ် လာခဲ့တယ်။

မှီငြမ်း ။ ။ ဥမ္မာဒန္တီဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပဉ္စမတွဲ။ ၁၉၆။ ဇာ၊ ဋ္ဌ၊ ၅။ ၂၂ဝ။

֍ဇာတ်လမ်းပြောပြီးသောအခါ ... ဇာတ်လမ်းပါအကြောင်းအရာများကို မေးခွန်းများမေး၍ ပြန်လည်သုံးသပ်ပြပါ။ ကလေးများ နားမလည်သောအချက်များကို ရှင်းပြပါ။

- ဇာတ်လမ်းအစမှာ သူဆင်းရဲမလေးက ဘာဖြစ်ချင်တာလဲ။ 
-သူဖြစ်ချင်တာကိုရအောင် ဘယ်လို ကြိုးစားခဲ့သလဲ။
-သူဆင်းရဲမလေးက သူအလွန်လိုချင်ခဲ့တဲ့ ဝတ်စုံကို ဘယ်သူ့ကို လှူဒါန်းလိုက်သလဲ။ 
-ဘာကြောင့် လှူဒါန်းလိုက်တယ်လို့ ထင်သလဲ။
-လှူဒါန်းပြီးတဲ့အခါမှာ သူဆင်းရဲမလေးရဲ့စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ။ နောင်ဘဝ မှာရော ဘယ်လို အကျိုးကျေးဇူးတွေ ခံစားခဲ့ရသလဲ။
-သားတို့၊ သမီးတို့သာ သူဆင်းရဲမလေးရဲ့ နေရာမှာဆိုရင် ဘာလုပ်မလဲ၊ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မိန်းမချောလေးမာလာဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးအရေအတွက်အပေါ် မူတည်၍ သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍မိန်းမချောလေးမာလာဇာတ်လမ်း သရုပ်ဖော်ပုံများကို သင်ပုန်း သို့မဟုတ် ဝှိုက်ဘုတ်ပေါ် တွင် အစဉ်အတိုင်း ကပ်ထားပါ။

֍ဇာတ်လမ်းကို အုပ်စုလိုက် သရုပ်ဆောင်ရင်း ပြန်လည်ပြောပြရမည်ဖြစ်ကြောင်း ပြောကြားထားပါ။

֍အချိန်အနည်းငယ်ပေးပြီးနောက် တစ်အုပ်စုချင်း သရုပ်ဆောင်ရင်း ပြောပြကြပါစေ။

֍အားလုံးသရုပ်ဆောင်ပြီးသောအခါ လှူဒါန်းခြင်းနှင့်သက်ဆိုင်သော အနှစ်ချုပ်စကားများ ပြောကြားပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ အလှူဒါန ပြုကြမယ်ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါကဗျာကို ဟန်အမူအရာဖြင့် ရွတ်ဆိုတတ်အောင် သင်ပေးပြီး စုပေါင်းညီညာစွာ ရွတ်ဆိုကြပါစေ။ ထို့နောက် အုပ်စုများဖွဲ့၍ အလှည့်ကျ ဟန်အမူအရာဖြင့် ရွတ်ဆိုပါစေ။

အလှူဒါန ပြုကြမယ်

ပေးကမ်း စွန့်ကြဲ လှူဒါန်းတာ၊
မြတ်သောဒါနပါ။
စေတနာ ကောင်းစွာထား၊
ကုသိုလ်အလွန်များ။
သူတစ်ပါးလည်း စိတ်ချမ်းသာ၊
ကိုယ်လည်း စိတ်ချမ်းသာ။
အကျိုးမှာ ဘယ်မနှေး၊
ဧကန်မုချပေး။ ။

֍ကဗျာရွတ်ဆိုပြီးပါက အောက်ပါမေးခွန်းများ မေး၍ ဆွေးနွေးပါ။

-အလှူပေးတယ်ဆိုတာကို ဘယ်လို နားလည်သလဲ။
-ဘယ်လို လူမျိုးတွေကို အလှူပေးသင့်သလဲ။
-ဘယ်နေရာတွေမှာ အလှူပေးသင့် သလဲ။

֍လူပုဂ္ဂိုလ်၊ နေရာဒေသတစ်ခုချင်းအပေါ်မူတည်၍ “ဘာကြောင့်လဲ”ဟူသော မေးခွန်းကို ဆက်မေးပါ။

֍အလှူပေးရမည့်သူများထဲတွင် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော သူများပါ ပါဝင်အောင်မေးပေးပါ။

֍ဆရာက သင်ခန်းစာပါ အကြောင်းအရာများအားလုံးကို ခြုံငုံသုံးသပ်၍ မိမိတို့တတ်နိုင် သရွေ့ လုပ်အား၊ ငွေအား၊ ဝတ္ထုပစ္စည်း စသဖြင့် ပါဝင်လှူဒါန်းကြရန် တိုက်တွန်းနှိုးဆော်ပေးပါ။