အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၄) အသိဉာဏ်ပညာ ကြိုးစားရှာ (ကျောင်းသားကိုင်သို့)
339316ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၄) အသိဉာဏ်ပညာ ကြိုးစားရှာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

အသိဉာဏ်ပညာကြိုးစားရှာ

သင်ယူမှု ဦးတည်ချက် ။ ။ ကိစ္စရပ်တိုင်းတွင် အသိဉာဏ်ပညာသုံး၍လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမဦးစွာ ဉာဏ်ကောင်း၊ မကောင်းကို ပြနိုင်သော သို့မဟုတ် အသိဉာဏ်ရှိသည်ကို ပြနိုင်သော “ကြောင်နဲ့ ကြွက် ကစားနည်းကို ကစားကြပါစေ။

[သတိပြုရန် 1]

ကစားနည်း

֍ကလေးများကို စက်ဝိုင်းပုံစံ ဝိုင်းခိုင်းပြီး လက်ချင်းတွဲဆက်ထားကြပါစေ။

֍အဝိုင်း၏အလယ်တွင် ကလေးတစ်ယောက်က ကြွက်အဖြစ် နေရမည်ဖြစ်ပြီး အဝိုင်း၏ အပြင်ဘက်တွင် ကလေးတစ်ယောက်က ကြောင်အဖြစ် နေရမည်။

֍ထို့နောက် ကြောင်က အဝိုင်းအတွင်းရှိ ကြွက်ကို ဝင်၍ ဖမ်းနိုင်အောင်ကြိုးစားရမည်။

֍ထိုအချိန်တွင် လက်ချင်းတွဲဆက်ထားသော ကလေးများက ကြွက်ကလေးကို ဖမ်းမမိ အောင် ကာကွယ်ပေးရမည်။

֍အုပ်စုတစ်စု၏ ကစားချိန်ကို (၁၀) မိနစ်ခန့် သတ်မှတ်ပေးပါ။

֍ကစားပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-ကြွက်ကလေးကို မိသွားလား/မမိဘူးလား။
-ဘာ့ကြောင့် မိသွားတာလဲ။
-ဘာ့ကြောင့် မ မိတာလဲ။

֍ထိုကစားနည်းနှင့် ဆက်စပ်၍ ဉာဏ်ကောင်းခြင်းအကြောင်းကို ရှင်းပြပါ။

-ဉာဏ်ကောင်းတဲ့ ကြွက်က ရန်သူကြောင်ရဲ့လက်က လွတ်နိုင်တယ်။
-ဉာဏ်မကောင်းတဲ့ ကြွက်ကိုတော့ ကြောင်က ဖမ်းမိနိုင်တယ်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မျောက်ကလေးဖိုးဉာဏ်ကောင်း ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

မျောက်ကလေး ဖိုးဉာဏ်ကောင်း

ဟိုးရှေးရှေးတုန်းကဖိုးဉာဏ်ကောင်းဆိုတဲ့မျောက်ကလေးတစ်ကောင်ရှိတယ်ဖိုးဉာဏ် ကောင်လေးဟာ နာမည်နဲ့လိုက်အောင် အလွန်ဉာဏ်ကောင်းတဲ့ မျောက်ကလေး တစ် ကောင် ဖြစ်ပါတယ်။ ဖိုးဉာဏ်ကောင်းလေးဟာ မြစ်ကမ်းနားတစ်ခုမှာ နေတယ်။ အဲဒီမြစ် ကြီးရဲ့အလယ်မှာ သရက်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး စတဲ့ အသီးမျိုးစုံနဲ့ပြည့်စုံတဲ့ ကျွန်းငယ်တစ်ခု ရှိတယ်။

ကျွန်းငယ်နဲ့ မြစ်ကြီးရဲ့အလယ်မှာ ကျောက်ဖျာကြီးတစ်ခု ရှိတယ်။ ဖိုးဉာဏ် ကောင်းဟာ ကျွန်းငယ်ပေါ်မှာ အစာရှာဖို့အတွက် ပထမဦးစွာ ကျောက်ဖျာပေါ်ကို ခုန်ရ တယ်။ ကျွန်းပေါ်ကို ရောက်တော့မှ အသီးအနှံတွေကို စိတ်တိုင်းကျ စားသုံးတယ်။ နေ့တိုင်းနေ့တိုင်း ကျွန်းပေါ်ကိုသွားပြီး အစာရှာစားတဲ့ ဖိုးဉာဏ်ကောင်းကို မြင်နေရတဲ့ မိကျောင်းမတစ်ကောင်ဟာ ဖိုးဉာဏ်ကောင်းရဲ့ နှလုံးသားကို စားချင်နေတယ်။ ဒါနဲ့ပဲ သူ့ယောက်ျားမိကျောင်းဖိုကို ပူဆာတော့တယ်။ မိကျောင်းဖိုကြီးကလည်း မျောက်ကလေး ကို ဖမ်းဖို့အတွက် ကျောက်ဖျာကြီးရဲ့ အပေါ်မှာ ဝပ်နေလိုက်တယ်။

ဖိုးဉာဏ်ကောင်းလေး ကျွန်းကိုသွားဖို့ ကျောက်ဖျာပေါ် ခုန်တက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာတော့ ကျောက်ဖျာကြီး မြင့်တက်နေတာကို သတိထားလိုက်မိတယ်။ ရေများ တက်နေသလားလို့ စစ်ဆေးကြည့်လိုက်ပြန်တော့လည်း ရေက တက်မနေဘူး။ “ဒါဖြင့် စုံစမ်းကြည့်ဦးမှပဲ”လို့ တွေးမိပြီး ကျောက်ဖျာကို “အို ကျောက်ဖျာ၊ အို ကျောက်ဖျာ၊ အို ကျောက်ဖျာ”ဆိုပြီး သုံးကြိမ် ခေါ်လိုက်တယ်။ အဲဒီနောက် မျောက်ကလေးက “အို ကျောက်ဖျာ အရင်နေ့တွေတုန်းက ပြန်ထူးပြီး ဒီနေ့ ဘာ့ကြောင့် မထူးတာလဲ”လို့ မေး တော့ မိကျောင်းက စဉ်းစားမိသွားတယ်။

“အင်း အရင်နေ့တွေတုန်းက ကျောက်ဖျာက ပြန်ထူးတယ် ထင်တယ်။ ငါလည်း ပြန်ထူးမှပဲ”လို့ တွေးပြီး “အုံ မျောက် ဘာလဲ”လို့ ပြန်ထူးလိုက်တယ်။ ဒါ့ကြောင့် မျောက် ကလေးက “သင် ဘယ်သူလဲ၊ ဘာ့ကြောင့် ကျောက်ဖျာပေါ်မှာ ဝပ်နေရတာလဲ”လို့ မေး လိုက်တယ်။ မိကျောင်းကြီးကလည်း “ငါက မိကျောင်းပါ။ ငါ့ရဲ့ မိန်းမက သင့်ရဲ့ နှလုံးသား ကို စားချင်တဲ့အတွက် သင့်ကိုဖမ်းဖို့ ဒီမှာ ဝပ်နေတာပါ”လို့ ပြန်ဖြေလိုက်တယ်။ ဒီလောက် တုံးတဲ့ မိကျောင်းကို ကောင်းကောင်း ပညာပြလိုက်ဦးမယ်”ဆိုပြီး မျောက်ကလေးက “အို မိကျောင်း သင့်ရဲ့ပါးစပ်ကို ဟ ထား။ ငါကိုယ်တိုင် သင်ရဲ့ပါးစပ်ထဲကို ဝင်လာခဲ့ပါ့မယ်”လို့ ပြောလိုက်ပါတယ်။

မိကျောင်းကြီးကလည်း ဝမ်းသာအားရ ပါးစပ်ကို ဟ လိုက်ပါတယ်။ မိကျောင်းကြီး ပါးစပ်ဟလိုက်တယ်ဆိုရင်ပဲ .. သူ့မျက်လုံးတွေက မှိတ်သွားတယ်။ အဲဒီအခါကျတော့မှ ဖိုးဉာဏ်ကောင်းက မိကျောင်းရဲ့ခေါင်းပေါ်ကို အမြန်ခုန်တက်လိုက်တယ်။ ပြီးတော့မှ ကျွန်းပေါ်ကို ခုန်တက်လိုက်ပါတယ်။ ကျွန်းပေါ်ကိုရောက်တော့မှ သစ်သီးတွေကို အားပါး တရ စားသောက်တော့တယ်။ မိကျောင်းကြီးကလည်း ပါးစပ်အဟောင်းသားနဲ့ပဲ မျောက်ကလေးကို ငေးကြည့်နေတော့တယ်။ ဒီလိုနဲ့ပဲ အသိဉာဏ်ပညာရှိတဲ့အတွက်ကြောင့် ဖိုးဉာဏ်ကောင်းဟာ ရန်သူမိကျောင်းကြီးရဲ့လက်က လွတ်မြောက်သွားခဲ့ပါတယ်။

မှီငြမ်း ။ ။ ဝါနရိန္ဒဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၂၄၁။ ဇာ၊ ဋ္ဌ၊ ၁၊ ၂၉၆။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-ကျောက်ဖျာပေါ်မှာ မိကျောင်းရှိနေတာကို မျောက်က ဘယ်လိုသိသွားလဲ။
- အဲဒီအခါမှာ မျောက်က ဘာလုပ်သလဲ။
- မျောက်က မိကျောင်းကို ဘာလုပ်ခိုင်းသလဲ။
-မိကျောင်းတွေဟာ ပါးစပ်ဟနေရင် မျက်လုံးက ဘယ်လို ဖြစ်တတ်သလဲ။
-မိကျောင်း ပါးစပ်ာနေချိန်မှာ မျောက်ကလေး ဘာလုပ်လိုက်သလဲ။
-မျောက်ကလေးဟာ ဘာကြောင့် မိချောင်းအစားမခံရတာလဲ။ (အသိဉာဏ်ပညာ ရှိလို့)။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မိကျောင်းကြီးနှင့် မျောက်ကလေး အပြန်အလှန်စကားပြောနေပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍မိကျောင်းကြီးနှင့် မျောက်ကလေး အပြန်အလှန် စကားပြောနေပုံကို ဆေးရောင်ခြယ်ကြပါစေ။

֍ထို့နောက် အချိန်ရပါက ရုပ်ပုံကိုကြည့်စေပြီး “မိကျောင်းကြီးက ဘာလုပ်နေတာလဲ၊ မျောက်ကလေးက ဘာလုပ်နေတာလဲ၊ သူတို့ ဘာပြောနေကြတာလဲ၊ ဘာဖြစ်သွားကြ သလဲ” စသည်ဖြင့် မေးမြန်းပြီး အသိဉာဏ်ရှိသူက အောင်မြင်နိုင်ကြောင်း ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောပြပြီး မျောက်ကလေးဖိုးဉာဏ်ကောင်းသည် ဖြတ်ထိုးဉာဏ်ကောင်းပြီး အလုပ်လုပ်သည့်အခါ သေချာစွာ စဉ်းစားဆင်ခြင်တတ်သော ကြောင့် ရန်သူလက်က လွတ်မြောက်သွားရကြောင်းကို ကလေးများ နားလည်အောင် ပြောပြပါ။

֍ပြီးလျှင် ကလေးများအား သင့်လျော်သလို အုပ်စုများဖွဲ့ပါ။

֍အုပ်စုတစ်ခုစီကို ရုပ်ပုံတစ်ခုစီ ဝေပါ။

֍ထို့နောက် “အကယ်၍ ... သားတို့၊ သမီးတို့သာ မျောက်ကလေးဖိုးဉာဏ်ကောင်းလို အန္တရာယ်မျိုးနဲ့ ကြုံတွေ့လာခဲ့ရင် ဘယ်လိုလုပ်မလဲ”ဟု ဆိုပြီး အောက်ပါပုံများကို အုပ်စု လိုက်စဉ်းစားကြည့်စေပါ။

-လမ်းမှာ သစ်ကိုင်းကျိုးကျနေတာကို တွေ့ ရင် ဘယ်လိုလုပ်မလဲ။
-ဓာတ်ကြိုး ပြုတ်ကျနေတာ တွေ့ ရင် ဘာလုပ်မလဲ။
-ခွေးရူးတစ်ကောင် ဆိုးသွမ်းနေတာတွေ့ ရင် ဘာလုပ်မလဲ။
-ဈေးသွားရင်း အမေနှင့် ကွဲသွားရင် ဘာလုပ်မလဲ ... စသည်ဖြင့် အုပ်စုလိုက် စဉ်းစားစေပါ။

֍အားလုံး စဉ်းစားပြီးပါက တစ်ဖွဲ့လျှင် တစ်ယောက် အတန်းရှေ့ထွက်၍ ပြောပါစေ။

֍ဆွေးနွေးပြီးပါက ကလေးများအတွက် မှန်ကန်သင့်လျော်သော အဖြေများကို ဆရာက အနှစ်ချုပ်၍ ပြောကြားပေးပါ။

  1. အုပ်စု (၂) စု ဖွဲ့၍ ကစားပါစေ။