အားလုံးကို ချစ်မယ် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၈။ အားလုံးကို ချစ်မယ် (ကျောင်းသားကိုင်သို့)
339371ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၈။ အားလုံးကို ချစ်မယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၈)

အားလုံးကို ချစ်မယ်

သင်ယူမှုဦးတည်ချက် ။ ။ ကျေးဇူးတရားကိုသိရှိနားလည်ပြီးချစ်ခင်ကြင်နာစိတ်ထားတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ရောင်စုံစာရွက်ပိုင်းများနှင့် ကျေးဇူးရှင် ဆရာ၊ ဆရာမ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို ရောင်စုံစာရွက်ပိုင်းလေးများ ဝေပေးပြီး အောက်ပါအတိုင်း မေးပါ။

[သတိပြုရန် 1][သတိပြုရန် 2]

-မေမေနဲ့ ဖေဖေက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။
-ကိုကိုနဲ့ မမက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။
-ဆရာ၊ ဆရာမတွေက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။
-ဘုန်းဘုန်း၊ ဆရာလေးက သားတို့၊ သမီးတို့ကို ဘာတွေ လုပ်ပေးသလဲ။

֍ကလေးတိုင်းကို စဉ်းစားစေပြီး စာရွက်ပိုင်းလေးပေါ်တွင် ချရေးကြပါစေ။

֍ထို့နောက် ကလေးတစ်ဦးချင်း အတန်းရှေ့သို့ ထွက်၍ ရွတ်ပြ/ပြောပြပါစေ။

֍ဆက်လက်၍ ဆရာက “မေမေနဲ့ ဖေဖေကို ဘာကြောင့်ချစ်ရတာလဲ” ဟု မေးပါ။

֍ကလေးများ ဖြေတတ်သလို ဖြေကြပြီးလျှင် “သားတို့၊ သမီးတို့အတွက် အလုပ်တွေ အချိန်ပေါ်မူတည်၍ အများကြီးလုပ်ပေးတော့ မေမေနဲ့ ဖေဖေကို ချစ်ရမယ်၊ ကျေးဇူးတင်ရမယ်နော်” စသည်ဖြင့် ပြောပါ။

֍ထို့နောက် ဒုတိယတန်း၊ သင်ခန်းစာ (၂၃) တွင် သင်ယူခဲ့ဖူးသော “ကျေးဇူးရှင် ဆရာ၊ ဆရာမ” ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

ကျေးဇူးရှင် ဆရာ၊ ဆရာမ

ဘုရားတရား မြတ်သံဃာ၊
ဦးထိပ်ပန်ဆင်ကာ။
မိဘဆရာ ဆိုစကား၊
အမြဲတို့လေးစား။
သမီးသားတို့ တာဝန်ပေ၊
ကြိုးစားကြဖို့လေ။
ဆရာ (ဆရာမ) တွေက သွန်သင်ပြ၊
ကျေးဇူးကြီးပေစွ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဒီမနက် ဘာစားခဲ့သလဲ”ဟု ကလေးတစ်ဦးချင်းကို မေးပါ။

[သတိပြုရန် 3][သတိပြုရန် 4]

ဥပမာ - “ထမင်းစားခဲ့သည်”ဟု ဖြေလျှင်
-အဲဒီထမင်းကို ဘယ်သူချက်တာလဲ။
- ဆန်ကို ဘယ်က ရတာလဲ။
-ဈေးသည်ကရော ဆန်ကို ဘယ်သူ့ဆီက ရသလဲ စသည်ဖြင့် နောက်ကြောင်း ပြန်မေးပါ။
ဥပမာ - (၁) “မေမေ ချက်ပေးသည်”ဟု ဖြေမည်ဆိုပါက မေမေ့ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ပြောပါ။
(၂) “ဈေးသည်ဆီကဟု ဖြေပါက ဈေးသည်ကိုလည်း ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ပြောပါ။
(၃) “လယ်သမားဆီကဟု ဖြေပါက ဆန်စပါးစိုက်ပျိုးပေးသော လယ်သမားကိုလည်း ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ပြောပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းထိုင်စေပါ။ ဆရာလည်း ဝိုင်းထဲတွင် ဝင်ထိုင်ပါ။

֍ဆရာက စတင်၍ “ဖေဖေနဲ့ မေမေကို ချစ်တယ်”ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ်ပတ် ၍ ကလေးတစ်ဦးချင်းက ပြောပါစေ။

֍နောက်တစ်ပတ်တွင် ဆရာက နှာခေါင်းကို ပိတ်၍ “ကိုကိုနဲ့ မမကို ချစ်တယ်”ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦးချင်းက ပြောပါစေ။

֍နောက်တစ်ပတ်တွင် ဆရာက လက်ဖြင့် ပါးစပ်ကို ကာပြီး “ဆရာနဲ့ ဆရာမကို ချစ်တယ် ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦးချင်းက ပြောပါစေ။

֍နောက်တစ်ပတ်တွင် ဆရာက ပါးစပ်၌ လက်ကို အော်လံလို လုပ်ပြီး “ဘုန်းဘုန်းကို/ ဆရာလေးကို ချစ်တယ်”ဟု ပြောပြီး စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦးချင်းက ပြောပါစေ။

֍နောက်ဆုံးတစ်ပတ်တွင် ဆရာက ပါးစပ်တွင် လက်မ၊ လက်ညှိုးတို့ဖြင့် ဒေါင်လိုက် ညှစ်ပြီး “အားလုံးကို ချစ်တယ်”ဟု ပြောပြီး၊ စက်ဝိုင်း လက်ယာရစ် ပတ်၍ ကလေးတစ်ဦး ချင်းက ပြောပါစေ။

[သတိပြုရန် 5]

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ အားလုံးကို ချစ်မယ် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “တစ်ခါတလေမှာ သားတို့၊ သမီးတို့ရဲ့ သူငယ်ချင်းတွေက သားတို့၊ သမီးတို့ကို တစ်ခုခု ကူညီပေးတာမျိုး ရှိသလား”ဟု မေးပါ။ ကလေးတစ်ဦးချင်း မတ်တတ်ရပ်၍ ပြောပြကြပါစေ။

֍“သူငယ်ချင်းတွေဟာ သားတို့၊ သမီးတို့ကို အများကြီး ကူညီပေးတော့ သူငယ်ချင်းတွေကို ချစ်ရမယ်၊ ကျေးဇူးတင်ရမယ်နော်”ဟု ဆရာက ပြောပါ။

֍ထို့နောက် “ကဲ ... အခု ‘အားလုံးကို ချစ်မယ်’ သီချင်းကဗျာကို ဆိုကြမယ်”ဟု ပြော၍ အောက်ပါ သီချင်းကဗျာကို အမူအရာနှင့်တကွ သင်ပေးပါ။

အားလုံးကို ချစ်မယ်

ပိန်ပိန်လေးကို ချစ် ... ဝဝကြီးလည်း ချစ်၊
ပိန်ပိန်လေးရော ဝဝကြီးရော ပိန်ပိန်လေးရော ချစ်။
ရှည်ရှည်ကြီးကို ချစ် ... ပုပုလေးလည်း ချစ်၊
ရှည်ရှည်ကြီးရော ပုပုလေးရော ရှည်ရှည်ကြီးရော ချစ်။
ဖြူဖြူလေးကို ချစ် ... မည်းမည်းလေးလည်း ချစ်၊
ဖြူဖြူလေးရော မည်းမည်းလေးရော ဖြူဖြူလေးရော ချစ်။
လူအားလုံးကို ချစ် ... လူတွေအားလုံး ချစ်၊
ပိန်ပိန် ဝဝ ရှည်ရှည် ပုပု ဖြူဖြူ မည်းမည်း ချစ်။
မေမေကြီးကို ချစ် ... ဖေဖေကြီးလည်း ချစ်၊
မေမေကြီးရော ဖေဖေကြီးရော မေမေကြီးရော ချစ်။
ကိုကိုကြီးကို ချစ် ... မမကြီးလည်း ချစ်၊
ကိုကိုကြီးရော မမကြီးရော ကိုကိုကြီးရော ချစ်။
ဆရာမကြီးကို ချစ် ... ဆရာမလေးလည်း ချစ်၊
ဆရာမကြီးရော ဆရာမလေးရော ဆရာမကြီးရော ချစ်။
လူအားလုံးကို ချစ် ... လူတွေအားလုံး ချစ်၊
မေမေ ဖေဖေ ကိုကို မမ ဆရာအားလုံးကို ချစ်။ ။

֍နောက်ဆုံးတွင် (၂) မိနစ်ခန့် ငြိမ်သက်စွာ ထိုင်စေပြီးနောက် ဆရာက “သားတို့၊ သမီးတို့ ကို ဆုမွန်ကောင်း တောင်းပေးမယ်။ အားလုံး မျက်စိမှိတ်ထားကြရအောင်”ဟု ပြောပြီး အောက်ပါအတိုင်း ဆုတောင်းပေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

“သားတို့၊ သမီးတို့အားလုံးဟာ လူသားအားလုံးကို အယုတ်၊ အလတ်၊ အမြတ်မရွေး ချစ်ခင်တတ်တဲ့၊ ကျေးဇူးသိတတ်တဲ့၊ မေတ္တာထားတတ်တဲ့၊ ဗုဒ္ဓဘုရားရှင်ချစ်တဲ့၊ လိမ္မာ ယဉ်ကျေးသော ကလေးများ ဖြစ်ကြပါစေ။

  1. မေမေ၊ ဖေဖေ၊ ကိုကို၊ မမ မရှိသော ကလေးများအတွက် ၎င်းတို့ အုပ်ထိန်းသူများက ဘာလုပ်ပေးသလဲ ဟု ဆရာက လိမ္မာပါးနပ်စွာ မေးပါ။
  2. အချိန်ပေါ်မူတည်၍ သင့်သလိုမေးနိုင်သည်။
  3. ကလေးအားလုံးအား ပြောပြခွင့်ပေးရမည်။
  4. လွတ်လပ်စွာ ပြောခွင့်ပေးပါ။
  5. မေမေ၊ ဖေဖေ၊ ကိုကို၊ မမ မရှိသော ကလေးများအတွက် ၎င်းတို့ အုပ်ထိန်းသူများ/၎င်းတို့ ပြောလိုသူများကို “ချစ်တယ်” ဟု ပြောနိုင်ကြောင်း ဆရာက လိမ္မာပါးနပ်စွာ ပြောပြပေးပါ။