မိုက်မဲသောသား (ဆရာ)

339370ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၇။ မိုက်မဲသောသား (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

မိုက်မဲသော သား

သင်ယူမှုဦးတည်ချက် ။ ။ ပညာမတတ်လျှင် စဉ်းစားတွေးခေါ်မှုအားနည်းပြီးအမှားများစွာပြုလုပ်မိတတ် ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပြီး အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေး ဖြေဆိုကြပါစေ။

-ဖြတ်ကူးနေကျ ပေါင်လယ်လောက်မြုပ်တဲ့ ချောင်းတစ်ခုကို ဖြတ်ကူးကာနီး ပုံမှန် ထက် ရေစီးသန်နေတာတွေ့ ရင် ဘာလုပ်ကြမလဲ။

֍ကလေးများ ဖြေဆိုရာတွင် အောက်ပါအဖြေများ မပါလျှင် ဆရာက “ဘာဖြစ်လို့ ခါတိုင်း လို ရေထဲဖြတ်မကူးရတာလဲ” စသည်ဖြင့် ဖြည့်စွက်မေးပေးရမည်။

(၁) ခါတိုင်းလိုပဲ ရေထဲဖြတ်ကူးမယ်
(၂) ခဏစောင့်နေမယ်
(၃) လှေနဲ့ ကူးမယ်
(၄) သင်္ဘောနဲ့ ကူးမယ်

֍ထို့နောက် ဆက်လက်၍ အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးဖြေဆိုကြပါစေ။

-အိမ်မှာမွေးထားတဲ့ ကြောင်ကလေးကို ချစ်လို့စချင်တယ်။ ဘယ်လို စကြမလဲ။

֍ကလေးများ ဖြေဆိုရာတွင် အောက်ပါအဖြေများ မပါလျှင် ဆရာက “ဘာဖြစ်လို့ လက်နဲ့ ရိုက်ပြီး မစတာလဲ” စသည်ဖြင့် ဖြည့်စွက်မေးပေးရမည်။

(၁) လက်နဲ့ ရိုက်မယ်
(၂) တုတ်နဲ့ ရိုက်မယ်
(၃) တူနဲ့ ထုမယ်
(၄) ခြေနဲ့ ကန်မယ်

֍ဆက်လက်၍ အောက်ပါနောက်ဆုံးမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးဖြေဆိုကြပါစေ။

-ကြည့်မှန်ပေါ်မှာ အိမ်မြှောင်တစ်ကောင် ကပ်နေတာကိုတွေ့ရင် ဘယ်လိုဖယ်ရှားမလဲ။

֍ကလေးများ ဖြေဆိုရာတွင် အောက်ပါအဖြေများ မပါလျှင် ဆရာက “ဘာလို့ လက်နဲ့ ကိုင်ပြီး မဖယ်တာလဲ စသည်ဖြင့် ဖြည့်စွက်မေးပေးရမည်။

(၁) လက်နဲ့ကိုင်ပြီး ဖယ်ပစ်မယ်
(၂) လောက်စလုံးနဲ့ ပစ်လိုက်မယ်
(၃) လက်ခုပ်တီးပြီး ခြောက်လှန့်မယ်
(၄) ခဲနဲ့ပေါက်လိုက်မယ်

֍ကလေးများနှင့် အပြန်အလှန်ဆွေးနွေးပြီးနောက် အရာရာကို စဉ်းစားပြီးမှ အမှားအမှန် ရွေးချယ်ဆုံးဖြတ်ဆောင်ရွက်ခြင်းသည် အမှားနည်းကြောင်း၊ ထိုသို့ မှန်မှန်ကန်ကန် စဉ်းစားနိုင်ရန်အတွက် ပညာတတ်ရန်လိုကြောင်း၊ ပညာမရှိလျှင် စဉ်းစားဆင်ခြင်နိုင်စွမ်း နည်းပြီး အမှားများနှင့်သာ ကြုံတွေ့ ရတတ်ကြောင်း စသည်ဖြင့် ရှင်းပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မိုက်မဲသော သား ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မိုက်မဲသော သား ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

မိုက်မဲသော သား

တစ်ခါက ရွာတစ်ရွာမှာ လက်သမားသားအဖနှစ်ယောက် ရှိတယ်။ သားဖြစ်တဲ့သူဟာ စာသင်လို့မရအောင် ဉာဏ်ရည်ချို့တဲ့နေတဲ့အတွက် ဖခင်လက်သမားကြီးလည်း စိတ်မကောင်း ဖြစ်နေရတယ်။

တစ်နေ့မှာ ဖခင်လက်သမားကြီးဟာ တံခါးလုပ်ဖို့အတွက် သစ်သားချောင်းတွေ ဖြတ် နေတုန်း သူ့နဖူးကို ခြင်ကိုက်နေတယ်။ လက်မအားတဲ့ဖခင်ကြီးက သားဖြစ်သူကို “သားရေ .. အဖေ့နဖူးမှာ ခြင်ကိုက်နေလို့ လာမောင်းပေးစမ်းပါ”လို့ ပြောလိုက်တယ်။

֍ဇာတ်လမ်းပြောခြင်းကို ခေတ္တရပ်၍ “ကဲ ... သားတို့၊ သမီးတို့သာဆိုရင် ဘယ်လိုလုပ်ပေး မလဲ”ဟု မေးပါ။

[သတိပြုရန် 1]

֍ပြီးလျှင် “လက်သမားကြီးရဲ့ သားကရော ဘာလုပ်မယ်ထင်သလဲ”ဟု မေးပြီးနောက် ဇာတ်လမ်းကို ဆက်ပြောပါ။

အဲဒီလိုပြောလိုက်တော့ သားဖြစ်တဲ့သူက “အဖေ .. ခဏနော်”လို့ ပြောပြီး ခြင်မောင်း ဖို့ တစ်ခုခု လိုက်ရှာတယ်။ ဘေးနားမှာ ပုဆိန်တစ်လက်ကို တွေ့ လိုက်တဲ့အခါ ပုဆိန်ကိုယူပြီး ဖခင်အနားကိုသွားတယ်။ ဖခင်လက်သမားကြီးက အလုပ်ကို အာရုံစိုက်နေတော့ သူ့သား ဘာလုပ်နေတယ်ဆိုတာ သတိမထားမိလိုက်ဘူး။

֍ဇာတ်လမ်းပြောခြင်းကို ခေတ္တရပ်၍ “လက်သမားကြီးရဲ့ သား ဘာလုပ်မယ်လို့ ထင်သလဲ” ဟု မေးပြီး ဇာတ်လမ်းကို ဆက်ပြောပါ။

သားဖြစ်သူဟာ “ကဲဟာ” ဆိုပြီး ခြင်ကို ပုဆိန်နဲ့ အားကုန်လွှဲရိုက်လိုက်တယ်။ ဖခင် ဖြစ်သူလည်း သားရဲ့ ပုဆိန်ရိုက်ချက်ကြောင့် နေရာမှာတင် တစ်ခါတည်း သေဆုံးသွားတယ်။ အဲဒီတော့မှ သားဖြစ်သူက ပုဆိန်ကို လွှင့်ပစ်ပြီးတော့ ဖခင်ကြီးကို ဖက်ကာ ဝမ်းနည်း စွာ ငိုကြွေးတော့တယ်။ ဖခင်ကို သေစေချင်လို့လုပ်တာ မဟုတ်ပေမဲ့ သူ့ကြောင့် အခုလို ဖြစ်သွားရတဲ့အတွက် အလွန်ကို စိတ်ထိခိုက်သွားတော့တယ်။

မှီငြမ်း ။ ။ မကသဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၁၉၇၊ ဇာ၊ ဋ္ဌ၊ ၁၊ ၂၆၄။

֍အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

-သားတို့၊ သမီးတို့သာဆိုရင် ဖခင်ဖြစ်သူရဲ့ နဖူးပေါ်ကခြင်ကို ပုဆိန်နဲ့ရိုက်ပြီး မောင်း မှာလား။ ဘာဖြစ်လို့လဲ။
-ဇာတ်လမ်းထဲက လက်သမားကြီးရဲ့ သားက ဘာဖြစ်လို့ ဒီလိုလုပ်တာလို့ ထင်သလဲ။
-သားတို့၊ သမီးတို့က ဘာဖြစ်လို့ စဉ်းစားဆင်ခြင်တတ်တာလဲ။
-လက်သမားကြီးရဲ့ သားက ဘာဖြစ်လို့ စဉ်းစားဆင်ခြင်ဉာဏ် မရှိတာလဲ။
-ဒါဆို အရာရာကို စဉ်းစားဆင်ခြင်တတ်ဖို့ ဘာလိုသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ အုပ်စုဖွဲ့ ရန် လိုအပ်သောပစ္စည်းများ၊ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက မိမိဖွဲ့မည့်အုပ်စု အရေအတွက်အတိုင်း ပစ္စည်းများကို စုဆောင်းပါ။

[သတိပြုရန် 2]

ဥပမာ - အုပ်စု (၅) စုဖွဲ့မည်ဆိုပါက သံပုရာသီး၊ ခဲဖျက်၊ သကြားလုံး စသည်ဖြင့် ပစ္စည်း (၅) မျိုးဖြစ်ရမည်။

֍အုပ်စုဝင်အရေအတွက်အတိုင်း ပစ္စည်းတူများကို အိတ်တစ်ခုထဲ ထည့်ထားပါ။

ဥပမာ - (၁) အုပ်စုလျှင် (၅) ဦး ဖြစ်ပါက (၅) ခုဖြစ်မည့် သကြားလုံး (၅) လုံး၊ ခဲဖျက် (၅) ခု စသည်ဖြင့် ပစ္စည်းများရော၍ ထည့်ထားသောအိတ်ထဲသို့ တစ်ဦးစီအလှည့် ကျ လက်နှိုက်ကာ ပစ္စည်းတစ်ခုစီ ယူပါစေ။

֍ပစ္စည်းတူရာကိုရသော ကလေးများအား တစ်စုစီ စုစည်းထိုင်ပါစေ။

֍အောက်ပါဇာတ်လမ်းကို စာရွက်ပိုင်းတစ်ခုလျှင် ဝါကျတစ်ကြောင်းစီ ရေးပြီး အုပ်စုအရေ အတွက်အရ (၅/၆) စုံ စသည်ဖြင့် ပြုလုပ်ပါ။ အုပ်စု (၁) စုလျှင် တစ်စုံစီ ဝေပါ။

-ရှေးအခါက ရွာတစ်ရွာတွင် လက်သမားဆရာ သားအဖနှစ်ယောက်ရှိလေသည်။
-သားဖြစ်သူမှာ ဉာဏ်ရည်အလွန်ချို့တဲ့သဖြင့် စာသင်၍ မရပေ။
-တစ်နေ့တွင် အလုပ်များနေသော ဖခင်ဖြစ်သူ၏ နဖူးတွင် ခြင်တစ်ကောင် ကိုက်နေ သောကြောင့် ဖခင်က သားဖြစ်သူကို ခြင်မောင်းရန် ပြောလေသည်။
-သားဖြစ်သူက အနီးတွင်ရှိသော ပုဆိန်ဖြင့် ဖခင်နဖူးပေါ်ရှိ ခြင်ကို ရိုက်လိုက်သည်။
-ဖခင်ဖြစ်သူမှာ ပညာမတတ်၍ စဉ်းစားဆင်ခြင်ဉာဏ်မရှိသော သားဖြစ်သူ၏ လုပ်ရပ်ကြောင့် သေဆုံးရလေသည်။

֍မိမိတို့ရရှိထားသော စာရွက်ပိုင်းများကို ဖတ်၍ ဇာတ်လမ်းတစ်ပုဒ်အဖြစ် စီစဉ်တကျဆက် ရန် ညွှန်ကြားပါ။

֍အားလုံးပြီးပါက အုပ်စုလိုက် အလှည့်ကျ ဖတ်ပါစေ။ မိမိတို့ဆက်ထားသောအချက်များ နှင့် တူ၊ မတူ မေးပါ

֍အုပ်စုတစ်စု ဖတ်ပြီးတိုင်း လက်ခုပ်တီး၍ အားပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်ကြီးများနှင့် ဆော့ပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး “ပညာမတတ်ခြင်းကြောင့် ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားကြရအောင်ဟု ပြောပါ။

֍အုပ်စုလိုက် ဆွေးနွေးထားသည်များကို ချရေးထားကြပါစေ။

֍ကလေးများ မဆွေးနွေးခင် ဆရာက အောက်ပါအချက်များကို နမူနာပြောပြပါ။

-မှန်မှန်ကန်ကန် မစဉ်းစားတတ်ဘူး၊
-မျက်နှာငယ်ရတယ်၊
-အောင်မြင်သူတစ်ယောက် မဖြစ်နိုင်ဘူး၊
-သူများအောက်ကျတတ်တယ် ... စသည်ဖြင့်။

֍နမူနာပြောပြီးလျှင် “အချက်အများဆုံး စဉ်းစားနိုင်တဲ့အုပ်စုကို အနိုင်ပေးမယ်ဟု ပြောပါ။

֍ကလေးများဆွေးနွေးပြီး ချရေးထားသောအချက်များကို ကျန်အုပ်စုများသို့ ပြန်လည်ပြော ပြကြပြီး အချက်အများဆုံး စဉ်းစားနိုင်သောအုပ်စုကို အနိုင်ပေးပါ။

֍အနိုင်ရသော အုပ်စုအား အားလုံးက လက်ခုပ်တီးကာ ချီးကျူးအားပေးပါ။

  1. ကလေးများ ထင်သလို ဖြေကြပါစေ။
  2. ပစ္စည်းများကို ရှာဖွေ အသုံးပြုရန် ခက်ခဲမည် ဆိုပါက သင့်လျော်သလို အုပ်စုဖွဲ့နိုင်ပါသည်။