ဣန္ဒြေရှင် ကိုရင်လေး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၂။ ဣန္ဒြေရှင် ကိုရင်လေး(ကျောင်းသားကိုင်သို့)
348310ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၂။ ဣန္ဒြေရှင် ကိုရင်လေး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

သင်ခန်းစာခေါင်းစဉ်။ ။ ဣန္ဒြေရှင် ကိုရင်လေး

သင်ယူမှုဦးတည်ချက်။ ။ ကိုရင်လေးများကို လေးစားတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀

မိနစ်သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့က အခုဆိုရင် စတုတ္ထတန်းကို ရောက်လာပြီ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကိုရင်၊ ရှင်သာမဏေတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေလည်း အများကြီး လေ့လာခဲ့ရပြီးပြီ။ ဒီတော့ သားတို့သမီးတို့ ဘယ်လောက်မှတ်မိ လဲဆိုတာကို မေးကြည့်မယ်။ ကိုရင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဘယ်နှခုလေ့လာပြီးပြီလဲ။ ကိုရင်လေး တွေရဲ့ နာမည်နဲ့ သင်ခန်းစာခေါင်းစဉ်တွေကို အရင်ပြောပြရမယ်” စသည်ဖြင့် မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။ ထို့နောက် ဆရာက စာရွက်ကြီးတစ်ရွက်တွင် ကိုရင်လေးများ၏ အမည်များကို ရေးထားပါ။ (အောက်ဖော်ပြပါ ဇယားနှင့်စာသားကို စာရွက်ကြီးတွင်ဖြစ်စေ သင်ပုန်းပေါ်တွင်ဖြစ်စေ ခပ်ကျဲကျဲရေးထားပါ။)

ရာဟုလာ သုမန
ဘုန်းကံကြီးလှ ကိုရင်တိဿ ကိုရင်ငယ် လေးပါး

֍ ဇာတ်လမ်းများကို မှတ်မိသလို ပြန်လည်ပြောပြနိုင်သူ ကလေးများက လက်ထောင်ပြကြပါစေ။ ထိုကလေးများထဲမှ ကလေးလေးဦးကို အတန်းရှေ့သို့ ခေါ်ထုတ်၍ မျက်စိမှိတ်စေပြီး စက္ကူလုံး (စက္ကူစလေးများကို လုံးထားသောအလုံး)ဖြင့် သင်ပုန်းကို တစ်ဦးစီ အလှည့်ကျ ပစ်ကြပါစေ။ (အကယ်၍ ကိုရင်လေး တစ်ပါး/နှစ်ပါး (သို့) နှစ်ပါး/သုံးပါးအကြောင်းကိုသာ သိသော ကလေးများ လက်ထောင်ပါကလည်း ဆရာက သင့်လျော်သလို စီစဉ်ပေးပါ။)

(ရေးသားထားသော အမည်များမှ စက္ကူလုံးဖြင့်ထိမိသော ကိုရင်လေးအကြောင်း ဇာတ်လမ်းကို ကလေးများ ပြောတတ်သလို ပြောပြရမည်။ တစ်ဦးက ပြောပြီးလျှင် ပြောပြီးသော ကိုရင်၏အမည်ကို ဖျက်ပစ်ရမည်။)

֍ ကလေးများပြောပြီးသောအခါ ဆရာက အောက်ပါအချက်များ ပါဝင်အောင် ဖြည့်စွက်ပြောပြပေးပါ။

“ကိုရင်လေး ရာဟုလာက ဆိုဆုံးမစကားများကို သဲတွေလို များများရပါစေလို့ အမြဲဆုတောင်းပြီး ဆုံးမစကား တွေကိုလည်း နာခံတတ်တဲ့အတွက် လေးစားထိုက်တာ ဖြစ်တယ်။

ဘုန်းကံကြီးမားတဲ့ ကိုရင်တိဿကတော့ အခြားရဟန်းသံဃာတွေအပေါ်မှာ စာနာတတ်ပြီး အဝတ်သင်္ကန်း တွေ အလှူခံပေးတယ်။ သူအလှူခံတိုင်းလည်း ရတယ်။ ဘုန်းကံလည်း ကြီးမားတယ်။ ကိုရင်လေးရဲ့ စာနာစိတ်၊ ကိုယ်ချင်းစာစိတ်က တကယ့်ကို လေးစားအတုယူထိုက်တယ်။

နောက်ထပ်... ကိုရင်ငယ်လေးပါးကတော့ တန်ခိုးအရာမှာ လေးစားဖွယ်ကောင်းလှတယ်။ ကိုရင်လေးသုမန ကတော့ ဆရာ့အပေါ်မှာ အလွန်သိတတ်တယ်။ ဆရာ ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ဖို့အတွက် အန္တရာယ် တွေကို ဂရုမစိုက်ဘဲ နဂါးမင်းဆီကဆေးကို ရအောင် ယူပေးခဲ့တာဖြစ်တယ်”

ထို့နောက် “အခုပြောသွားတဲ့ ကိုရင်လေးတွေအားလုံးဟာ သူ့ဂုဏ်ရည်နဲ့သူ လေးစားထိုက် အတုယူထိုက်တာ ချည်းပဲ။ နောက်စာသင်ချိန်မှာ တည်ကြည်၊ တည်ငြိမ်ပြီး ဣန္ဒြေကြီးတဲ့ ကိုရင်လေးတစ်ပါးအကြောင်းကို ထပ်လေ့ လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကမ္ဘာ့မြေပုံ၊ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းဖြင့် စတင်ဆွေးနွေးပါ။

“ဣန္ဒြေဆိုတဲ့စကားကို ကြားဖူးလား။ ဣန္ဒြေဆိုတာကို ဘယ်လိုနားလည်ပါသလဲ”

֍ ကလေးများ ပြောပြသွားသော အချက်များကို သင်ပုန်းပေါ်တွင် မှတ်သားထားပြီး ဆရာက “ဣန္ဒြေဆိုတာ တည်တည်ငြိမ်ငြိမ် သွားလာနေထိုင် ပြုမူခြင်း ဖြစ်တယ်”ဟု ရှင်းပြပေးပါ။

֍ “အခု ဆရာ/ဆရာမတို့ ဣန္ဒြေအလွန်ကြီးပြီး ကြည်ညိုစရာကောင်းတဲ့ နိဂြောဓသာမဏေလေးအကြောင်း လေ့ လာကြမယ်”ဟု ဆိုကာ နိဂြောဓသာမဏေ ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။ (ကမ္ဘာ့မြေပုံကို ပြ၍ အိန္ဒိယနိုင်ငံ တည်ရှိရာကို ပြောပြပါ။ ကလေးများ နားမလည်နိုင်သော စကားလုံးများ ပါရှိပါက ရှင်းပြပေးပါ။

ဥပမာ။ ။ ရာဇပလ္လင် = ရှင်ဘုရင်ထိုင်သောပလ္လင်
တက္ကတွန်းဘုန်းကြီး = အဝတ်မဝတ်သော သာသနာပရဟန်း

နိဂြောဓ သာမဏေ

ရှေးအခါက အိန္ဒိယနိုင်ငံမှာ “အသောက”အမည်ရတဲ့ ဘုရင်ကြီးတစ်ပါး ရှိခဲ့တယ်။ သူဟာ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ ဘုရင်ကြီးတစ်ပါး ဖြစ်တယ်။ ဘုရင်မဖြစ်ခင်မှာ ညီနောင်မင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အိန္ဒိယထီးနန်းကို သိမ်းပိုက်ကာ ဘုရင်အဖြစ်ကြေညာခဲ့တယ်။ ဘုရင်ဖြစ်ပြီးစအခါမှာလည်း အိမ်နီးချင်း တိုင်းပြည်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြန်တယ်။ သူဟာ စစ်ပွဲတွေမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်တစ်ပါး လို့ နာမည်ကြီးပါတယ်။ သူ့ကြောင့် အိန္ဒိယနိုင်ငံကြီးဟာလည်း တဖြည်းဖြည်း ကျယ်ဝန်းလာခဲ့တယ်။

အသောက ဘုရင်မဖြစ်မီက ညီအစ်ကိုမင်းသားတွေကို သတ်တဲ့အတွက်ကြောင့် ညီအစ်ကို မင်းသားတွေရဲ့ ကြင်ရာတော်တွေဟာလည်း ခြေဦးတည့်ရာ ထွက်ပြေးကြရတယ်။ အဲဒီလို ထွက်ပြေးတဲ့ မိဖုရားတွေထဲမှာ သုမနာလို့ ခေါ်တဲ့ မိဖုရားတစ်ပါးလည်းပါတယ်။ သုမနာဒေဝီဟာ အသောကကို ကြောက်တဲ့အတွက် ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေး ရင်း သူတောင်းစားတွေနေတဲ့ ရွာတစ်ရွာကို ရောက်သွားခဲ့တယ်။ အဲဒီရွာက ညောင်ပင်ကြီးအောက်မှာ သားတော် လေးတစ်ပါးကို မွေးဖွားတယ်။ သားတော်လေး ခုနစ်နှစ်အရွယ် ရောက်တော့ ကိုရင်ဝတ်ပေးလိုက်တယ်။ ကိုရင်လေးကို “နိဂြောဓ”လို့ ဘွဲ့အမည်ပေးတယ်။ ကိုရင်လေးက ပါရမီဉာဏ်ကောင်းတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ တရားအသိ အမြင်တွေ ရရှိသွားခဲ့တယ်။

အဲဒီအချိန်မှာ အသောကဘုရင်ကြီးကလည်း ဘုန်းတန်ခိုး အလွန်ကြီးမားနေတယ်။ နောက်ပြီး ဘုရင်ကြီးဟာ အဝတ်မဝတ်တဲ့ တက္ကတွန်းဘုန်းကြီးတွေကို ကိုးကွယ်ဆည်းကပ်နေသူလည်း ဖြစ်တယ်။ နေ့တိုင်းနေ့တိုင်း တက္က တွန်းဘုန်းကြီးတွေဟာ နန်းတော်ထဲမှာ ဆွမ်းလာစားကြတယ်။

တစ်နေ့မှာ ဘုရင်ကြီးက ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတယ်။ အဲဒီအချိန်မှာ ကိုရင်လေး နိဂြောဓဟာ မျက်လွှာလေးကို ချ၊ သင်္ကန်းကို သပ်သပ်ရပ်ရပ် ရုံ၊ ခြေလှမ်းကိုလည်း မစိတ်မကျဲ လှမ်း၊ သပိတ် ကလေးကို ပိုက်ပြီး ဆွမ်းခံကြွလာတယ်။ စိတ်မြန် ကိုယ်မြန်ပြီး အလွန်ကြမ်းတမ်းရက်စက်တဲ့ ဘုရင်ကြီးဟာ အလွန် တရာ နူးညံ့သိမ်မွေ့ပြီး ကြည်ညိုဖွယ်ကောင်းတဲ့ ကိုရင်လေးကို တွေ့မြင်တော့ အလွန်စိတ်ဝင်စားသွားတယ်။ ကိုရင်လေးကိုလည်း ချက်ချင်း တွေ့ချင်စိတ်တွေ ဖြစ်သွားခဲ့တယ်။

ဒါနဲ့ ဘုရင်ကြီးဟာ အနီးနားမှာ ခစားနေတဲ့ အမတ်တစ်ယောက်ကို “ကိုရင်ကို သွားပင့်ချေ” ဆိုပြီး လွှတ်လိုက်တယ်။ တွေ့ချင်စိတ်အားကြီးနေတာနဲ့ အမတ်ပြန်အလာကို မစောင့်နိုင်ဘူး။ ကြာလွန်းတယ်ဆိုပြီးနောက် တစ်ယောက်ကို စေလွှတ်ပြန်တယ်။ ဒီလိုနဲ့ အမတ်တွေ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်လိုက်တာ ကိုရင်လေး နန်းတော်ထဲကို ကြွလာတဲ့အချိန်ရောက်တော့ ကိုရင်လေးနောက်မှာ အမတ်တွေ အများကြီး ခြံရံနေခဲ့တယ်။

နန်းတော်ထဲ ရောက်တော့ ရက်စက်ကြမ်းကြုတ်လှတဲ့ အသောကဘုရင်ကြီးဟာ ကိုရင်လေးကို သေသေ ချာချာ အကဲခတ်တယ်. ကိုရင်လေးကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကြည်ညိုစရာပုံစံ ပြောင်းမသွားဘူး။ ဘုရင် ကိုးကွယ်တဲ့ တက္ကတွန်းဘုန်းကြီးတွေတောင် ဘုရင်ကြီးကိုတွေ့ရင် မျက်နှာချိုသွေးပြီး စကားပြောချင်ကြတယ်။ ပြီးရင် ဘုရင်ကြီးထိုင်တဲ့ ထိုင်ခုံထက် မြင့်တဲ့နေရာတွေမှာ မထိုင်ရဲကြဘူး။ အခု ကိုရင်လေး ရောက်လာတော့ ကိုရင်လေး က ဘုရင်ကြီးကို တည်ငြိမ်တဲ့ဣန္ဒြေနဲ့သာ ကြည့်ရှုလိုက်တယ်။

အဲဒီအခါ ဘုရင်ကြီးက “ကိုရင်လေး ... သင့်တော်တဲ့နေရာမှာ ထိုင်ပါ”လို့ ပြောလိုက်တယ်။ ကိုရင်လေးလည်း အခန်းထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ ထေရ်ကြီးဝါကြီး ရဟန်းတော်များ၊ ကိုရင်များ ရှိမရှိ ကြည့်လိုက်တယ်။ မရှိကြောင်း သိတဲ့အခါ အသောကဘုရင်ကြီးထိုင်တဲ့ ရာဇပလ္လင်ကြီးပေါ်ကို တက်သွားပြီး ဣန္ဒြေအပြည့်နဲ့ ထိုင်နေပါ တော့တယ်။

ဘုရင်ကလွဲပြီး ဘယ်သူ့ကိုမှ ထိုင်ခွင့်မပေးတဲ့ ရာဇပလ္လင်ပေါ်ကို ကိုရင်လေးက တက်ထိုင်လိုက်တော့ မြင်ရသူအားလုံး အံ့ဩသွားခဲ့ကြတယ်။ ဘုရင်ကြီးက စိတ်ဆိုးပြီး ကိုရင်လေးကို သတ်ပစ်တော့မလားလို့လည်း စိုးရိမ်နေခဲ့ ကြတယ်။ ဒါပေမဲ့ ဘုရင်ကြီးက စိတ်မဆိုးတဲ့အပြင် လေးစားကြည်ညိုသွားခဲ့တယ်။ ကိုရင်လေးဆီက မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို နာကြားလိုက်ရတဲ့အတွက် အဲဒီနေ့ကစပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်ကြီးကနေ နူးညံ့သိမ်မွေ့ပြီး တိုင်းသူပြည်သား အားလုံးအပေါ်မှာ တရားမျှတစွာနဲ့ အုပ်ချုပ်တဲ့ သူတော်ကောင်း ဘုရင်ကြီးတစ်ပါး ဖြစ်သွားခဲ့ပါတယ်။

မှီငြမ်း။ ။ဝိ၊ဋ္ဌ၊၁၊၃၄-၃၆။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရင်ကြီးနာမည်က ဘယ်သူလဲ။ ဘယ်နိုင်ငံကို အုပ်ချုပ်သလဲ။
-ဘုရင်ကြီးဟာ အိန္ဒိယထီးနန်းကို ဘယ်လို ရယူခဲ့တာလဲ။
-ကိုရင်လေးရဲ့ ဘွဲ့အမည်က ဘယ်လိုခေါ်သလဲ။
-ဘုရင်ကြီးဟာ နိဂြောဓ သာမဏေနဲ့ မတွေ့ခင်က ဘယ်သူတွေကို ကိုးကွယ်ခဲ့သလဲ။
-ဘုရင်ကြီးမြင်တွေ့သွားတဲ့ ကိုရင်လေးက ဘယ်လို ပုံစံမျိုးလဲ။
-ဘုရင်ကြီးက ကိုရင်လေးကို ဘာကြောင့် ကြည်ညိုသွားတာလဲ။
-ကိုရင်လေးနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘုရင်ကြီးရဲ့ စိတ်တွေ၊ လုပ်ရပ်တွေက ဘယ်လို ပြောင်းလဲသွားသလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ရဟန်းသာမဏေ တို့ရိုသေ ကဗျာနှင့် နိဂြောဓသာမဏေ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “အသက်ငယ်ပေမဲ့ ဣန္ဒြေကြီးပြီး တည်ငြိမ်မှုရှိတဲ့ ကိုရင်လေးနိဂြောဓက ကြည်ညိုလေးစားဖို့ ကောင်းတယ်နော်။ ဒါ့ကြောင့် ဆရာတို့က “ရဟန်းသာမဏေ တို့ရိုသေ” ဆိုတဲ့ ကဗျာလေးနဲ့ ကိုရင်လေးကို ကန်တော့လိုက်ကြ ရအောင်” စသည်ဖြင့် ပြောကြားပြီး အောက်ပါကဗျာကို ရွတ်ဆိုကြပါစေ။

ရဟန်းသာမဏေ တို့ရိုသေ

ဘုရားသားတော် ရဟန်းသံဃာ၊
ရိုသေလေးစားမှာ။
လက်အုပ်ချီကာ ဦးနှိမ်ချ၊
အမြဲရှိခိုးကြ။
ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊
ထူးတဲ့ သာမဏေ။
တို့တစ်တွေ ရှိခိုးလို့၊
ကုသိုလ်ယူကြစို့။ ။

֍ ကလေးများ ကဗျာကို ရွတ်ဆိုပြီးသောအခါ ကဗျာ၏ အဓိပ္ပာယ်ကို နားလည်သလို ပြောပြကြပါစေ။

֍ ထို့နောက် အောက်ပါကဗျာကို ကလေးများမှတ်မိသည်အထိ ရွတ်ဆိုကြပါစေ။

နိဂြောဓသာမဏေ

နိဂြောဓခေါ် သာမဏေ၊
ဣန္ဒြေ ကြီးမားပေ။
ပါရမီတွေ လွန်ပြည့်ဝ၊
တရားသိမြင်ရ။
အသောကမင်း ပင့်ဖိတ်ရာ၊
ပလ္လင်ပေါ် တက်ကာ။
တည်ငြိမ်စွာပင် တရားဟော၊
မြင်သူတိုင်းအံ့ဩ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ နိဂြောဓသာမဏေ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက နိဂြောဓသာမဏေ ဇာတ်လမ်း၏ အဓိကအချက်များကို ကလေးများနှင့် ပြန်လည်မေးမြန်းဆွေးနွေးပါ။ ကလေးများအားလုံး ပါဝင်ကြပါစေ။

֍ ထို့နောက် ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ “တည်ငြိမ်တဲ့သူ၊ ဣန္ဒြေရှိတဲ့သူ ဖြစ်အောင် ဘယ်လိုနေထိုင် ပြုမူရမလဲ”ဟူသော မေးခွန်းကို အုပ်စုတိုင်းက ဆွေးနွေးကြပါစေ။

֍ ထို့နောက် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက မိမိတို့အုပ်စု ဆွေးနွေးထားသည်များကို အတန်းရှေ့သို့ထွက်၍ ပြောပြကြပါစေ။ ကလေးများ တင်ပြဆွေးနွေးထားသော အချက်များပေါ်မူတည်ပြီး ဆရာက အနှစ်ချုပ် ပြောပြ ပေးပါ။ ထို့နောက် “နိဂြောဓသာမဏေ” ကဗျာကို အမူအရာဖြင့် ပျော်ပျော်ရွှင်ရွှင် ပြန်လည်ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။