ဥတ္တမာထေရီ (ဆရာ)

348311ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၃။ ဥတ္တမာထေရီ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

သင်ခန်းစာခေါင်းစဉ်။ ။ ဥတ္တမာထေရီ

သင်ယူမှုဦးတည်ချက်။ ။ မိမိတတ်နိုင်သည့် ကုသိုလ်ကောင်းမှုအလုပ်များကို ပြုလုပ်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-ကုသိုလ် ဆိုတာ ဘာကိုပြောတာလဲ။ ကုသိုလ်ရဲ့ အဓိပ္ပာယ်က ဘာလဲ။

֍ ထို့နောက် “အပြစ်ကင်းသော၊ မိမိနှင့် သူတစ်ပါး ကောင်းကျိုးဖြစ်စေတတ်သော၊ ကောင်းသောအပြုအမူ၊ အပြော အဆို၊ အတွေးအကြံများကို ကုသိုလ်”ဟု ခေါ်ဆိုကြောင်း ကလေးများနားလည်အောင် ရှင်းပြပေးပါ။ (“အပြစ်ကင်း တယ်” ဟူသော စကားလုံးကိုလည်း နားလည်အောင် ရှင်းပြပေးရန် လိုသည်။)

֍ ပြီးလျှင် ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ “ကုသိုလ်ရမယ့် အလုပ်တွေက ဘာတွေလဲ”ဟု မေးကာ အုပ်စုတိုင်းကို စဉ်းစားချိန်ပေးပါ။

֍ စဉ်းစားပြီးသောအခါ အုပ်စုကိုယ်စားလှယ် တစ်ဦးစီက၎င်းတို့ စဉ်းစားထားသည်များကို အတန်းရှေ့သို့ထွက်၍ ပြောပြကြပါစေ။

֍ ကလေးများ၏ အဖြေများကို မှတ်သားထားပြီး “ကုသိုလ်ရမယ့် အလုပ်တွေက ရှင်ပြုတာ၊ အလှူပေးတာ၊ ပေးကမ်းလှူဒါန်းတာ၊ အလှူမှာ ဝိုင်းဝန်းကူညီပေးတာ၊ သီလစောင့်ထိန်းတာ၊ ဘုရားရှိခိုးတာ၊ မေတ္တာပို့တာ၊ အမျှဝေတာ၊ သာဓုခေါ်တာ စတာတွေက ကုသိုလ်ရမယ့်အလုပ်တွေ ဖြစ်တယ်”ဟု ဆရာက ပြောပြပါ။

֍ ထို့နောက် “ပစ္စည်းဥစ္စာမရှိဘဲနဲ့ ဘယ်လို ကုသိုလ်ကောင်းမှုပြုမလဲ၊ အဲဒီလိုပြုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ”ဟူသော မေးခွန်းကို မေးမြန်း၍ ကလေးများ၏ အဖြေကို လက်ခံနားထောင်ပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ပစ္စည်းဥစ္စာမရှိဘဲနဲ့ ကုသိုလ်ကောင်းမှုပြုရင် ဘာဖြစ်နိုင်သလဲဆိုတာသိဖို့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်ကြည့် ကြရအောင်”ဟု ဆိုကာ ကျောင်းသားကိုင်စာအုပ်ပါ ဥတ္တမာထေရီ ဇာတ်လမ်းကို ဖတ်ကြပါစေ။

֍ ကလေးများ ဖတ်ပြီးပါက နားမလည်နိုင်သော စကားလုံးများကို ရှင်းလင်းပြောပြပေးပါ။

ဥတ္တမာထေရီ

တစ်ခါက သူတစ်ပါးအိမ်မှာ အစေခံလုပ်ရရှာတဲ့ သူဆင်းရဲမလေး တစ်ယောက်ရှိတယ်။ သူဆင်းရဲမလေးက ဥစ္စာဆင်းရဲပေမဲ့ အသိဉာဏ်ပညာ ချမ်းသာတယ်။ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်သူ ဖြစ်တယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ငါးပါးသီလကိုလည်း အမြဲစောင့်ထိန်းတယ်။ ဆင်းရဲ လွန်းလို့ အလှူဒါနမပြုနိုင်ပေမဲ့ သူလုပ်နိုင်တဲ့ဘက်ကနေ ကုသိုလ်တွေရအောင် ပြုလုပ်လေ့ရှိပါတယ်။

သူဆင်းရဲမလေးဟာ ညစဉ်ဘုရားရှိခိုး၊ ဘုရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများပြီး သတ္တဝါတွေကို မေတ္တာပို့ အမျှဝေတယ်။ တရားဘာဝနာ ပွားများအားထုတ်တယ်။ အလှူဒါန ပြုလိုစိတ် ထက်သန်ပေမဲ့ ပစ္စည်းဥစ္စာ ဆင်းရဲပြီး သူတစ်ပါးအိမ်မှာ အလုပ်အကျွေး ပြုနေရတဲ့အတွက် မလှူနိုင်ရှာဘူး။ ဒါပေမဲ့ သူဆင်းရဲမလေးက ဉာဏ်ပညာ ချမ်းသာတဲ့သူဖြစ်တော့ တခြားလူတွေရဲ့ အလှူဒါနပြုမှုကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါပြီး ကုသိုလ်ယူလေ့ရှိတယ်။

တစ်နေ့မှာ သူဆင်းရဲမလေးက “ငါက ငွေကြေးဥစ္စာမချမ်းသာလို့ သူတစ်ပါးအိမ်မှာ အိမ်စေ ဖြစ်နေရတယ်။ အလှူဒါနပြုချင်ပေမဲ့လည်း မလှူနိုင်ဘူး။ ဒီတော့ ငါလုပ်နိုင်တာက သီလကို မကျိုးပေါက်အောင် စောင့်ထိန်းခြင်းပဲ။ ငါးပါးသီလကို စောင့်ထိန်းရုံသာမက ဥပုသ်နေ့မှာလည်း ရှစ်ပါးသီလစောင့်ထိန်းနိုင်ဖို့ သူဌေးဆီမှာ ခွင့်တောင်းရမယ်” လို့ ကြံစည်မိတယ်။ ဒါနဲ့ပဲ သူဌေးဆီမှာ ခွင့်တောင်းလိုက်တယ်။ သူဌေးကလည်း ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူ ပီပီ သူဆင်းရဲမလေးကို ဥပုသ်စောင့်ခွင့် ပြုလိုက်တယ်။

ဥပုသ်နေ့တစ်နေ့မှာ သူဆင်းရဲမလေးဟာ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သီလခံယူဆောက်တည်ပြီး ဘုရားရှင် ဟောကြားတဲ့ တရားတော်များကို နာယူတယ်။ သီလကိုလည်း မကျိုးပေါက်အောင် အမြဲတမ်း ဆင်ခြင်အောက်မေ့ပြီး စောင့်ထိန်းတဲ့အတွက် ပီတိဖြစ်နေတယ်။ သူဆင်းရဲမလေး သေသွားတဲ့အခါ တာဝတိံသာနတ်ပြည်မှာ နတ်စည်းစိမ် တွေကို ခံစားရရှိရုံသာမက ဘဝများစွာ အပါယ်လေးပါးသို့ မကျရောက်ရဘဲ ကောင်းတဲ့ဘဝ၊ မြင့်မြတ်တဲ့ ဘဝတွေကိုသာ ရရှိခဲ့တယ်။

ဒီလိုနဲ့ ဗုဒ္ဓဘုရားရှင်လက်ထက်မှာ အဲဒီသူဆင်းရဲမလေးက သူဌေးကြီးတစ်ယောက်ရဲ့ သမီးဖြစ်လာတယ်။ သူဌေးသမီးလေးကို မိဘတွေက “ဥတ္တမာ”လို့ အမည်ပေးတယ်။ ငယ်စဉ်ကတည်းက “ဥတ္တမာဟာ ဘာသာတရားကို ကိုင်းရှိုင်းတယ်။ အသက် ခုနစ်နှစ်အရွယ်မှာ သာမဏေမ (အမျိုးသမီး သာမဏေ) အဖြစ်ခံယူပြီး တရားဘာဝနာ ပွားများအားထုတ် ခဲ့တယ်။ “ဥတ္တမာ”ဟာ သူဆင်းရဲမလေး ဘဝတုန်းက ပြုလုပ်ခဲ့တဲ့ ကောင်းမှုအကျိုးတွေကြောင့် “ဥတ္တမာထေရီ”ဆိုတဲ့ ဘွဲ့အမည်ကို ခံယူပြီး တရားထူးကို အလျင်အမြန်ရရှိကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတယ်။

မှီငြမ်း။ ။ ဥတ္တမာထေရီ အပဒါန်၊ ထေရီအပဒန်ဝတ္ထုတော်ကြီး၊ ၄၈၀။ အပ၊ဋ္ဌ၊၄၈။ အပ၊၂၊၁၂၁။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သူဆင်းရဲမလေးဟာ ဘယ်လိုအကျင့်စာရိတ္တရှိသူလဲ။
-သူဆင်းရဲမလေးဟာ ပစ္စည်းဥစ္စာမလှူနိုင်တော့ ဘယ်လို ကောင်းမှုကုသိုလ်တွေ ပြုလုပ်သလဲ။
-သူဆင်းရဲမလေးဟာ သီလစောင့်ထိန်းပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူး တွေကို ရရှိသလဲ။
-ဒီဇာတ်လမ်းကနေ ဘာသင်ခန်းစာ ရလိုက်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါအမည်များဖြင့် ကလေးအရေအတွက်အတိုင်း စာရွက်ပိုင်းများကို စီစဉ်ထားပြီး ကလေးတစ်ဦးလျှင် စာရွက်ပိုင်းတစ်ခုစီ ဝေပေးပါ။ (အခြားကုသိုလ်ကောင်းမှ အမည်များကိုလည်း ဆရာက ဉာဏ်ရှိသလို စီစဉ်နိုင်သည်။)

-ပေးကမ်းစွန့်ကြဲခြင်း၊ အလှူကြီးပြုလုပ်ခြင်း၊ ဘုန်းကြီး၊ သီလရှင်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ အခြားသူများ အလှူပြုလုပ်သည်ကို ပီတိဖြစ်ပြီး သာဓုခေါ်ခြင်း၊ သီလခံယူဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်း၊ မိဘများကို ရှိခိုးကန်တော့ခြင်း။

֍ မိမိရရှိထားသော စာရွက်ပိုင်းကို ဖတ်ပြီးပါက အောက်ပါခေါင်းစဉ် နှစ်ခုအနက်မှ မိမိစာရွက်ပိုင်းနှင့် ဆီလျော်သော ခေါင်းစဉ်အောက်တွင် သွား၍ရပ်နေကြပါစေ။

-ကိုယ့်မှာ ငွေကြေးဥစ္စာမရှိဘဲ/ ငွေကြေးဥစ္စာမလိုဘဲ ကုသိုလ်ကောင်းမှု ပြုလုပ်လို့ရတဲ့အဖွဲ့
-ငွေကြေးဥစ္စာရှိမှ ကုသိုလ်ကောင်းမှု ပြုလုပ်လို့ရနိုင်တဲ့အဖွဲ့

֍ အဖွဲ့နှစ်ဖွဲ့တွင်ပါဝင်သော ကလေးတစ်ဦးစီက စာရွက်ပါအကြောင်းအရာများကို အတန်းသို့ ပြောပြပြီးနောက် စာရွက်များကို မိမိစာရွက်ပိုင်းနှင့် ဆီလျော်သော ခေါင်းစဉ်အောက်တွင် ကပ်ထားခဲ့ကြပါစေ။

֍ ထို့နောက် ဘာကြောင့် ငွေကြေးမလိုဘဲ ပြုနိုင်သည်၊ ဘာကြောင့် ငွေကြေးရှိမှ ပြုနိုင်သည်ဟူသော အကြောင်း ပြချက်များနှင့် စိတ်ကူးအယူအဆများကို ဆရာက ဆွေးနွေးမေးမြန်းပြီး အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ကောင်းမှုတစ်ခု နေ့စဉ်ပြု ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဥတ္တမာထေရီဇာတ်လမ်းထဲမှာ သူဆင်းရဲမလေးက သူလုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်သွားတာကိုလည်း သိသွားကြပြီနော်။ တကယ်တော့ ဆင်းရဲတာ ချမ်းသာတာ အဓိကမဟုတ်ဘဲ ကိုယ်တတ်နိုင်တဲ့ဘက်က နေ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ဖို့ကသာ အဓိကဖြစ်တယ်”ဟု ပြောကြားပြီးနောက် အောက်ပါ ကဗျာကို ဟန်ပန်အမူအရာနှင့် ရွတ်ဆိုကြပါစေ။

ကောင်းမှုတစ်ခု နေ့စဉ်ပြု

ပေးကမ်းစွန့်ကြဲ လှူဒါန်းတာ၊
အဲဒါ ဒါနပါ။
စည်းစိမ်ဥစ္စာ ချမ်းသာဖို့၊
ဒါနပြုကြစို့။
ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းတာ၊
အဲဒါ သီလပါ။
ကောင်းရာဘဝ ရရှိဖို့
သီလစောင့်ကြစို့။
ကမ္မဋ္ဌာန်းတရား အားထုတ်တာ၊
အဲဒါ ဘာဝနာ။
ဒုက္ခကင်းကွာ ချုပ်ငြိမ်းဖို့၊
ဘာဝနာတရား ပွားများစို့။
ဒါန သီလ ဘာဝနာ၊
အဲဒါ အားကိုးရာ။
နေ့စဉ်တိုင်းသာ တိုးပွားဖို့၊
အမြဲ ကြိုးစားစို့။

֍ ကဗျာကို ရွတ်ဆိုကြပြီးနောက် “သားတို့သမီးတို့ နေ့စဉ်ပြုလုပ်ကြမယ့် ကောင်းမှုတစ်ခုစီကို ပြောကြရအောင်”ဟု ဆိုကာ ကလေးများအား စဉ်းစားစေပြီး အလှည့်ကျပြောကြပါစေ။ ကလေးများ၏ အဖြေကို နားထောင်ပေးပြီး ထိုအလုပ်များကို နေ့စဉ်နေ့တိုင်း ပြုလုပ်ကြရန် တိုက်တွန်းအားပေး၍ သင်ခန်းစာကို အဆုံးသတ်ပါ။