ကြည်ညိုဖွယ်ရာ မြတ်သံဃာ -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁ဝ) ကြည်ညိုဖွယ်ရာ မြတ်သံဃာ (ကျောင်းသားကိုင်သို့)
339261ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁ဝ) ကြည်ညိုဖွယ်ရာ မြတ်သံဃာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁ဝ)

ကြည်ညိုဖွယ်ရာ မြတ်သံဃာ

သင်ယူမှုဦးတည်ချက် ။ ။ သံဃာတော်များသည် ရှိခိုးထိုက်သူများဖြစ်ကြောင်းသိရှိစေရန်နှင့် သံဃာတော်များနှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းဘုန်းတို့နား နေထိုင်ပုံ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ကလေးများအား

-သားတို့၊ သမီးတို့ ဘုန်းကြီးကျောင်း ရောက်ဖူးသလား။
-ဘယ်သူတွေ ရောက်ဖူးသလဲ။
-ဘုန်းကြီးကျောင်းမှာ ဘယ်သူတွေ တွေ့ သလဲ။
-ဘုန်းကြီးတွေနဲ့ စကားပြောရင် ဘယ်လိုပြောရမလဲ။
-ဘုန်းကြီးတွေ၊ ကိုရင်တွေကို နောက်တစ်မျိုး ဘယ်လို ခေါ်နိုင်သေးသလဲ။
စသည့် မေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1][သတိပြုရန် 2]

֍ပြီးလျှင် ဆရာက “ဘုန်းကြီးတွေနဲ့ စကားပြောရင် ဘယ်လိုပြောမယ်၊ ဘုန်းကြီးတွေနဲ့ ၊ တွေ့ရင် ဘယ်လိုပြုမူဆက်ဆံရမယ်ဆိုတာကို ကဗျာလေးနဲ့ ဆိုကြည့်ရအောင်” ဟု ပြောပြီး ဆရာက ဦးစွာဆိုပြပါ။

ဘုန်းဘုန်းတို့နား နေထိုင်ပုံ

ဘုန်းဘုန်းထံ ဘယ်လိုသွား၊
လက်အုပ်ချီထား ဦးညွတ်သွား။
ဘုန်းဘုရားနား ရောက်တဲ့အခါ၊
ရိုသေလေးစားဝပ်တွားပါ။
ဘုန်းဘုန်းနားက ဘယ်လိုပြန်၊
လက်အုပ်ချီလို့ ဦးညွှတ်ပြန်။
ဘုန်းဘုန်းခေါ် ဘယ်လိုထူး၊
အရှင်ဘုရားထူး၊ ဘုရားထူး၊
မြတ်သံဃာကို တို့တွေဖူး။

֍တစ်တန်းလုံးကြားအောင် တိုင်ပေးပါ။ အတန်းလိုက်တိုင်ပေးပြီး သံချပ်သဖွယ် အချီအချ စုပေါင်းရွတ်ဆိုကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စာသင်ချိန် (၁)တွင် အသုံးပြုခဲ့သောကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍စာသင်ချိန် (၁) တွင် သင်ယူခဲ့သော ကဗျာကို ပြန်လည်အသုံးပြုပြီး အောက်ပါ မေးခွန်းများဖြင့် နိဒါန်းပျိုးပါ။

[သတိပြုရန် 3]

-“သားတို့၊ သမီးတို့ ဘုန်းဘုန်းတွေ၊ ဆရာလေးတွေကိုတွေ့ရင် ဘယ်လို ပြုမူရမလဲ”
-“ဘုန်းဘုန်းတွေ၊ ဆရာလေးတွေနဲ့ ဘယ်လို စကားပြောရမယ်ဆိုတာ သိပြီလား”

֍“ကဲ ... အခု ဘုန်းဘုန်းတွေ၊ ဆရာလေးတွေနဲ့တွေ့ ရင် ဘယ်လို ပြုမူရမယ်၊ စကားပြောရင် ဘယ်လို ပြောဆိုရမလဲဆိုတာကို လေ့ကျင့်ကြည့်ရအောင်”ဟု ပြောကာ ဆရာက ကဗျာပါ အပြုအမူကို ဦးစွာလုပ်ပြပါ။

֍ပြီးလျှင် ဘုန်းကြီး သို့မဟုတ် ဆရာလေးတစ်ပါးကို စာသင်ခန်းသို့ ပင့်ဖိတ်ပြီး အတန်း ရှေ့တွင် ထိုင်ပါစေ။ ထို့နောက် ကလေးတစ်ဦးကို အတန်းရှေ့ထွက်စေပြီး ဘုန်းကြီး သို့မဟုတ် ဆရာလေးနှင့် စကားပြောပုံကို လက်တွေ့ ပြုလုပ်ကြပါစေ။ လက်တွေ့ပြု ဆရာလေးအဖြစ် လုပ်နေစဉ် ကျန်ကလေးများက စာသင်ချိန် (၁)တွင် သင်ယူခဲ့သော ကဗျာကို သီဆို နေရမည်။

[သတိပြုရန် 4]

֍ထိုကဲ့သို့ ကလေးအားလုံး တစ်ဦးချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ၊ အတန်းလိုက်ဖြစ်စေ၊ ပါဝင်သရုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ လူများအလုပ်လုပ်နေသည့် ရုပ်ပုံများ၊ ရဟန်းသံဃာများ အလုပ်လုပ်နေသည့် ရုပ်ပုံများ၊ (သံဃာတော်များ ပရိတ်ရွတ်နေပုံ၊ လူများ အလုပ်လုပ်နေပုံ၊ ဆွမ်းခံနေပုံ၊ ချက်ပြုတ်နေပုံ (ဝိုင်းဖွဲ့စားနေပုံ)၊ သင်္ကန်းရုံနေပုံ၊ ဘောင်းဘီဝတ်နေပုံ၊ တရားထိုင်၊ ပုတီးစိပ်နေပုံ၊ ရုပ်ရုင်ရုံမှာ ရုပ်ရုင်ကြည့်နေပုံ၊ ကျောင်းထိုင်ဆရာတော်ဆီမှာ စာအံနေပုံ၊ ဆရာ စာသင်သည်ကို နားထောင်နေပုံ၊ ဘုရားရှိခိုးနေပုံ၊ ကာရာအိုကေဆိုင်မှာ ဆိုနေပုံ၊ ညဘက် ထမင်းစားနေပုံ၊ တရားဟောနေပုံ။) တို့ဘုန်းဘုန်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍လူတွေလုပ်တဲ့ အလုပ်တွေနဲ့ သံဃာတော်တွေလုပ်တဲ့ အလုပ်တွေကို ကလေးများအား တူ၊ မတူမေးမြန်းပါ။

֍ကလေးများ သိသလောက် ပြောပါစေ။

֍ပြီးလျှင် ဆရာက “ရုပ်ပုံများကို ခွဲခြားကြည့်ရအောင်”ဆိုပြီး ပြောပေးပါ။

֍ဆရာက သင့်လျော်သလို အုပ်စု (၃) စုဖွဲ့ပါး

-အုပ်စုတစ်စုစီတွင် လူများ အလုပ်လုပ်နေသည့်ပုံနှင့် ရဟန်းသံဃာများ အလုပ် လုပ်နေသည့် ပုံပြကတ်ပြားများကို ရောနှော၍ ပေးပါ။
-ဆရာက သင်ပုန်းပေါ်တွင် လူများလုပ်ဆောင်သည့်အလုပ်နှင့် ရဟန်းသံဃာများ လုပ်ဆောင်သည့်အလုပ်ဟူ၍ အပိုင်း (၂) ပိုင်း ခွဲပေးပါ။
-အုပ်စုတိုင်းမှ ကလေးများအား အလှည့်ကျ လာရောက်ကပ်ပါစေ။ ကလေးများ ကပ်ထားသည်များကို နားလည်သလို ပြောပါစေ။

֍ထို့နောက် အောက်ပါ ကဗျာကို သင်ပေးပြီး စုပေါင်းရွတ်ဆိုကြပါစေ။

တို့ဘုန်းဘုန်း

တို့ဘုန်းဘုန်း၊ တို့ဘုန်းဘုန်း၊
သားတို့တွေ့ ရင် တပြုံးပြုံး။
သမီးတို့တွေ့ ရင် တပြုံးပြုံး။
တို့ဘုန်းဘုန်းက စာအုပ်ကိုင်၊
ကျောင်းကြီးပေါ်မှာ ထိုင်။
ဝေယျာဝစ္စ လုပ်ကိုင်ရေး၊
ငှက်ပျောသီးတွေ ကျွေး။
လိမ်လိမ်မာမာ နေထိုင်ရေး၊
အဆုံးအမလည်း ပေး။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ သံဃာတော်များ ပရိတ်ရွတ်နေပုံ၊ မောင်သက်ရှည်လေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ကလေးများအား သံဃာတော်များ၏ လုပ်ငန်းများအနက်မှ ပရိတ်ရွတ်နေပုံ များကိုပြ၍ အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် 5]

-ဒီရုပ်ပုံမှာ ဘုန်းဘုန်းတွေ ဘာလုပ်နေလဲ။
-ဘာဖြစ်လို့ ဘုန်းဘုန်းတွေက ပရိတ်ရွတ်တာလဲ။

[သတိပြုရန် 6]

֍ဆရာက ကလေးများ၏ အဖြေများအနက် “အန္တရာယ်ကင်းသည်”ဟူသော အဖြေ အပေါ်ယူ၍ မောင်သက်ရှည်လေးဇာတ်လမ်းကို ပြောပြပါ။

မောင်သက်ရှည်လေး

တစ်ခါတုန်းက သာယာလှပတဲ့ မြို့ လေးတစ်မြို့ မှာ အလွန်သဘောကောင်းတဲ့ ချစ်စရာ ဇနီးမောင်နှံနှစ်ယောက်ရှိတယ်။ သူတို့ဇနီးမောင်နှံဟာ တစ်ဦးကိုတစ်ဦး ချစ်ခင် မြတ်နိုးစွာနဲ့ နေလာခဲ့ကြရင်း သားလေးတစ်ယောက် မွေးဖွားလာတယ်။ ဇနီးမောင်နှံ နှစ်ယောက်ဟာ သားလေးတစ်ယောက် မွေးဖွားလာတော့ အရင်ကထက် ပိုပြီးပျော်ရွှင် ကြည်နူးနေကြတယ်။ တစ်နေ့မှာတော့ ချစ်စရာသားငယ်လေးကို သူတို့ကိုးကွယ်တဲ့ ဆရာ ရသေ့ကြီးဆီကို ခေါ်သွားခဲ့ပြီး တစ်မိသားစုလုံး ရိုသေစွာ ကန်တော့ကြတယ်။ ရသေ့ကြီး က ဇနီးမောင်နှံနှစ်ယောက် ကန်တော့တဲ့အခါမှာ “အသက်ရှည်ပါစေ”လို့ ဆုပေးပြီး သားငယ်လေး ကန်တော့တဲ့အခါမှာတော့ ဘာဆုမှ မပေးခဲ့ဘူး။ အဲဒါကို သတိထားမိတဲ့ သားငယ်လေးရဲ့ ဖေဖေဟာ “တပည့်တော်တို့ကိုတော့ အသက်ရှည်ပါစေလို့ ဆုပေးပြီး သားငယ်လေးကို ဘာဖြစ်လို့ အဲဒီလို ဆုမပေးတာလဲ” လို့ မေးခဲ့တယ်။

အဲဒီအခါ ရသေ့ကြီးက “သားငယ်လေးဟာ ခုနစ်ရက်ပြည့်တာနဲ့ ဘီလူးအစား ခံရမှာဖြစ်လို့ ဆုမပေးတာပါ”လို့ ပြန်ပြောလိုက်တော့ ဖေဖေဖြစ်သူက “ဆရာ ရသေ့ကြီး... တပည့်တော်တို့ သားလေးကို ကယ်ပါဦး၊ တပည့်တော်တို့မှာ ဒီသားငယ်လေးတစ် ယောက်တည်း ရှိလို့ပါ၊ ဘီလူးရန်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းများရှိရင် ပေးသနား တော်မူပါ”လို့ စိုးရိမ်ကြီးစွာနဲ့ အသနားခံ တောင်းဆိုခဲ့ပါတယ်။ အဲဒီအခါ ရသေ့ကြီးက “ငါတော့ ဘီလူးရန်ကို ကာကွယ်ဖို့ မစွမ်းနိုင်ဘူး၊ စွမ်းနိုင်တဲ့သူတော့ရှိတယ်၊ အဲဒီပုဂ္ဂိုလ် ကတော့ မြတ်စွာဘုရားပဲ လို့ပြောပြီး လမ်းညွှန်လိုက်တယ်။

ဒီလိုနဲ့ သားငယ်လေးရဲ့ ဖေဖေနဲ့ မေမေဟာ မြတ်စွာဘုရားထံကို သွားပြီး အကူ အညီ တောင်းခဲ့တယ်။ မြတ်စွာဘုရားရှင်က သားငယ်လေး ဘီးလူစားခံရမယ့်ရန်က လွတ်ဖို့အတွက် နည်းလမ်းပေးလိုက်တယ်။ မြတ်စွာဘုရားထံက သားငယ်လေး အသက် ရှည်ကြောင်း နည်းလမ်းကောင်းကိုရပြီးတော့ ဝမ်းမြောက်ဝမ်းသာနဲ့ အိမ်ကို ပြန်လာခဲ့ကြ တယ်။ အိမ်ရောက်တာနဲ့ မြတ်စွာဘုရားပေးတော်မူတဲ့ နည်းလမ်းအတိုင်း အိမ်မှာ ရဟန်း သံဃာတွေကို ပင့်ဖိတ်ပြီး ပရိတ်ရွတ်ဖတ်ဖို့ ပြင်ဆင်ပါတော့တယ်။ အိမ်ရှေ့မှာ မဏ္ဍပ် တစ်ခုကို ဆောက်လုပ်ပြီး မဏ္ဍပ်အလယ်မှာ ခုတင်တစ်လုံးကို ချထားလိုက်ပါတယ်။ အဲဒီ ခုတင်အပေါ်မှာ သားငယ်လေးကို နေစေကာ ရဟန်းသံဃာတွေက ဘေးကနေဝိုင်းပြီး ပရိတ်ရွတ်ဖတ်ကြတယ်။

ပရိတ်ရွတ်နေတဲ့အချိန်မှာ သားငယ်လေးကို စားချင်နေတဲ့ ဘီလူးက မဏ္ဍပ် အပြင်ကနေ ချောင်းနေခဲ့တယ်။ သားငယ်လေးကို ရဟန်းသံဃာတွေကဝိုင်းပြီး ပရိတ် တွေ ရွတ်ဖတ်နေတော့ ဘီလူးက ဖမ်းစားလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ခုနစ်ရက် ပြည့်သွားခဲ့တယ်။ ရှစ်ရက်မြောက်နေ့မှာ မြတ်စွာဘုရားကို သားငယ်လေးက ရှိခိုးတဲ့အခါ မှာ “အသက်တစ်ရာ့နှစ်ဆယ် ရှည်ပါစေ”လို့ မြတ်စွာဘုရားက ဆုပေးလိုက်တယ်။ အဲဒီ အချိန်ကစပြီး ရဟန်းသံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးကြောင့် သားငယ်လေးနဲ့ ဖေဖေ မေမေတို့ဟာ ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားကြပါတော့လယ်။

မှီငြမ်း ။ ။ အာယုဝဍ္ဎနသတို့သားဝတ္ထု။ ဓမ္မပဒ ဝတ္ထု မြန်မာပြန်၊ တတိယတွဲ၊ ၁၂၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၄၂၃။

֍ရဟန်းသံဃာများဟာ ဘုရားရဲ့ သားတော်တွေ ဖြစ်ကြတယ်။ လူတွေကို အမှားအမှန် ခွဲခြားတတ်ရန်၊ လိမ္မာရေးခြားရှိရန်၊ မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ဟော ပြော ဆိုဆုံးမလေ့ရှိတယ်။ ရဟန်းသံဃာတွေ ရွတ်ဖတ်တဲ့ တရားတော်တွေဟာ လူတွေကို ကောင်းကျိုးအများကြီးပေးတဲ့အတွက် သံဃာတော်တွေကို လေးစား ကြည်ညိုကြရမှာဖြစ်ကြောင်း ဆရာက ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ဘုန်းကြီးနှင့် ကိုရင်များ ပါသည်အထိ မေးပါ။
  2. သံဃာတော်ဟူသော အဖြေရသည်အထိ ကလေးများကို ဦးဆောင် မေးမြန်းသွားရမည်။ ကလေးငါးဦး၊ ခြောက်ဦး အထိ မေးနိုင်ပါသည်။
  3. လက်အုပ်ချီလို့ ဦးညွှတ်ပြန်၌ (နောက်ဆုတ်)၂- ပြန်ပုံကို သင်ပေးရန် ဖြစ်သည်။
  4. ဘုန်းကြီး သို့မဟုတ် ဆရာလေးများ ပင့်ဖိတ် ရန် အဆင်မပြေပါက ကလေးတစ်ဦးကို ဘုန်းကြီး သို့မဟုတ် ဆရာလေးအဖြစ် သရုပ်ဆောင်စေနိုင်သည်။
  5. ကလေးများထံမှ ပရိတ်ရွတ်နေသည်ဟု အဖြေရသည်အထိ မေးပါ။
  6. အန္တရာယ်ကင်းသည် ဟူသော အဖြေရသည်အထိ ကလေးများကို ဦးဆောင် မေးမြန်းသွားရမည်။ အဖြေ အားလုံးကို လက်ခံပေးပါ။