မင်္ဂလာရှိအောင် နေကြမယ် -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၉) မင်္ဂလာရှိအောင် နေကြမယ် (ကျောင်းသားကိုင်သို့)
339260ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၉) မင်္ဂလာရှိအောင် နေကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

မင်္ဂလာရှိအောင်နေကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ မင်္ဂလာ အခြေခံသဘောတရားများကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ၃၈ ဖြာ မင်္ဂလာတရားတော်ထဲမှ လူမိုက်နှင့်လူလိမ္မာ၊ လူကြီးမိဘများကို ရိုသေလေးစားသည့်ဟန်နှင့် မထီလေးစားပြုမူနေဟန်၊ သည်းခံနေသည့် ဟန်နှင့် စိတ်ဆိုးနေသည့်ဟန်၊ သတ္တဝါလေးများကို သတ်ဖြတ်နေသည့် ဟန်နှင့် ချစ်ခင်နေသည့်ဟန်၊ မိဘဆရာစကားကို နားထောင်နေသည့် ဟန်နှင့် နားမထောင်သည့်ဟန်ဟူသော အခြေခံမင်္ဂလာတရားတော် ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သရုပ်ဖော်ထားသည့် ရုပ်ပုံများမှ ဆန့်ကျင်ဘက်ရုပ်ပုံ ၂-ခုကို သင်ပုန်းပေါ်တွင် ကပ်ပြီး ကလေးများအား နှစ်သက်ရာ ပုံရှေ့တွင်နေရန်ပြောပါ။

[သတိပြုရန် 1]

֍ထို့နောက် “ဘာဖြစ်လို့ ဒီပုံကို ရွေးချယ်သလဲ” “ဘာဖြစ်လို့ ဟိုပုံကို မရွေးရသလဲ”ဟု မေးမြန်းပါ။

֍ပြီးလျှင်ပုံကို ပြန်ဖြုတ်ထားပါ။

֍ကျန်ပုံများကိုလည်း ထိုနည်းအတိုင်း ဆက်လက်ဆောင်ရွက်ပါ။

֍ကောင်းသောအလုပ်များကို လုပ်မှသာ မင်္ဂလာရှိမည်ဖြစ်သဖြင့် ကောင်းသောအလုပ်များကိုသာ လုပ်သင့်ကြောင်း စသည်တို့ကို ရုပ်ပုံများပြပြီး ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ နွယ်နီလေး လိမ္မာပြီဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 2]

֍ကလေးများအားလုံးကို ဆရာ့အနီးတွင် ဝိုင်းထိုင်ခိုင်းပါ။

֍ထို့နောက် “နွယ်နီလေး လိမ္မာပြီ” ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြီး မေးခွန်းများကို မေးပါ။

နွယ်နီလေး လိမ္မာပြီ

မြို့လေးတစ်မြို့ ရဲ့ မိသားစုတစ်စုမှာ နွယ်နီလေးလို့ခေါ်တဲ့ သိပ်ချစ်စရာကောင်းတဲ့ သမီးကလေး တစ်ယောက်ရှိတယ်။ နွယ်နီလေးကို ဖေဖေနဲ့ မေမေက အလွန်ချစ်လို့ အလို လိုက်ထားကြတယ်။ ဒါကြောင့်လည်း နွယ်နီလေးက သိပ်ဆိုးနေတယ်။ မနက် အိပ်ရာ ထတိုင်း နွယ်နီလေးက အသံအကျယ်ကြီးနဲ့ အော်ငိုတယ်။ သူ့ငိုသံကြောင့် ဘိုးဘိုးနဲ့ ဘွားဘွားက ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ဘုရားမရှိခိုးရဘူး။ သူ့ရဲ့ အရုပ်လေးတွေ ကိုလည်း နွယ်နီလေးက ခြေထောက်တွေ၊ လက်တွေ ဖြုတ်ပစ်တတ်တယ်။ ကစားပြီးရင် လည်း ဘယ်တော့မှ ကစားစရာတွေကို ပြန်မသိမ်းဘူး။ သူနဲ့အတူတူကစားတဲ့ ဘေးအိမ်က စုစုဝင်းနဲ့လည်း ဘယ်တော့မှမတည့်ဘူး။ ကစားတိုင်း ရန်ဖြစ်ကြတယ်။ နွယ်နီလေး အဲဒီလို ဆိုးလွန်းအားကြီးလို့ပဲ သူ့ဖေဖေနဲ့ မေမေက ဓမ္မစကူးလ်ကိုပို့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ (“ကလေးတို့ရော နွယ်နီလေးလိုပဲ အိမ်မှာဆိုးသလားဟု မေးပါ။)

နွယ်နီလေး ဓမ္မစကူးလ် စတက်တဲ့နေ့မှာ “ဓမ္မစကူးလ် မတက်ချင်ပါဘူး”ဆိုပြီး ငိုနေ လို့ သူ့အဖေကသူ့ကိုချီပြီး ကျောင်းပို့တယ်။ သူ့အမေက လွယ်အိတ်လွယ်ပြီး နောက်က လိုက်လာတယ်။ ဆရာမဆီမှာ အပ်ပြီး သူ့အဖေနဲ့ အမေ ပြန်သွားတော့ နွယ်နီလေး တအား အော်ငိုနေလို့ ဆရာမလည်း သူ့ကိုချော့ရင်း စာသင်လို့ မရခဲ့ဘူး။ (ကလေးတို့ရော၊ ဓမ္မ စကူးလ် စတက်တဲ့နေ့က ငိုသလား၊ ဘယ်သူလိုက်ပို့လဲ ... စသည်ဖြင့် မေးမြန်းပါ)

ဒါပေမဲ့ ဓမ္မစကူးလ်က ဘုန်းဘုန်းတွေ၊ ဆရာတွေက နွယ်နီလေးကို စိတ်ရှည်ရှည်နဲ့ ဝိုင်းပြီးချော့ကြတယ်။ ကျောင်းထဲမှာရှိတဲ့ ပန်းပင်လေးတွေ၊ ပန်းချီကားတွေ၊ ကစားစရာ တွေကို လိုက်ပြီး ပြပေးကြတယ်။ ဒီလို လိုက်ကြည့်ရင်းနဲ့ နွယ်နီလေး အငိုတိတ်သွားတယ်။ ဒီတော့မှ အတန်းထဲကို ပြန်ခေါ်လာပြီး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ အတန်းသား တွေကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ လာခေါ်ကြတော့ နွယ်နီလေး ပျော်သွားတယ်။

နောက်ရက်တွေမှာ နွယ်နီလေးဟာ ဆရာစာသင်ရင် ငြိမ်ပြီး နားထောင်နေတတ် တယ်။ အတန်းထဲက ကလေးတွေကို လိုက်ကြည့်ပြီး မသိမသာ အတုခိုးလုပ်တတ်လာ တယ်။ သူများတွေ ကဗျာဆိုရင်လည်း လိုက်ဆိုတယ်။ (“ကလေးတို့ ဓမ္မစကူးလ်မှာ ဘာတွေ လုပ်ရသေးလဲ”ဟု မေးပြီး “ပုံဆွဲရတယ်”ဟု ဖြေလျှင် “ဟုတ်တယ်၊ သူများပုံဆွဲရင် နွယ်နီ လေးလည်း ပုံလိုက်ဆွဲတယ်”ဟု ပြောပါ။)

အခုဆိုရင် နွယ်နီလေး ဓမ္မစကူးလ် လာတက်တာ တစ်လရှိသွားပြီ။ မနက် အိပ်ရာ ထရင်လည်း အရင်လို အော်မငိုတော့ဘူးလို့ သူ့မေမေက ပြောတယ်။ မနက်တိုင်းလည်း ဘုရားရှိခိုးတယ်။ ဘေးအိမ်က စုစုဝင်းနဲ့လည်း ရန်မဖြစ်တော့ဘူး။ ဓမ္မစကူးလ်မှာ ဆရာ စကားကိုလည်း နားထောင်တယ်။ အတန်းဖော်တွေနဲ့လည်း ချစ်ချစ်ခင်ခင်နေတယ်။ လမ်း လျှောက်ရင်လည်း ညင်ညင်သာသာ လျှောက်တတ်လာတယ်။ စကားပြောရင်လည်း ယဉ်ယဉ်ကျေးကျေးပြောတယ်။ အရင်လို အော်မငိုတော့ဘူး။ ကျောင်းလာရင် သနပ်ခါး အဖွေးသားနဲ့ အဝတ်ကိုလည်း သပ်သပ်ရပ်ရပ် ဝတ်လာတယ်။ ညကျရင်လည်း ဘုရားရှိခိုး ပြီး ဖေဖေတို့ မေမေတို့ကို ရှိခိုးပြီးမှ အိပ်တယ်။ နွယ်နီလေး လိမ္မာသွားပြီ။ (“ကလေးတို့ ရော၊ နွယ်နီလေးလိုပဲလား”ဟု မေးပါ။)

နွယ်နီလေးကို ကြည့်လိုက်ရင် အမြဲပြုံးပြီး ကြည်လင်နေတာပဲ။ ကလေးတို့လည်း နွယ်နီလေးလို မင်္ဂလာ ရှိကြပါစေ။

֍နွယ်နီလေးအကြောင်း ပြောပြီးသောအခါ လိုအပ်သလို အနှစ်ချုပ် ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ နွယ်နီလေးဇာတ်လမ်းရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“နွယ်နီလေး ဇာတ်လမ်း”တွင်ရှိသော ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။

֍ဆေးခြယ်ပြီးသောအခါ နွယ်နီလေးပုံပြင်ကို ပြန်လည်အမှတ်ရစေပြီး “နွယ်နီလေးဟာ အစက ဘယ်လိုကလေးလဲ”၊ “ဓမ္မစကူးလ်တက်ပြီးတော့ ဘယ်လို လိမ္မာလာသလဲ” စသည်ဖြင့် မေးမြန်းပြီး နွယ်နီလေး လိမ္မာသွားသလို သားတို့၊ သမီးတို့လည်း လိမ်လိမ် မာမာ နေရမည်ဖြစ်ကြောင်း ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မင်္ဂလာနေ့ပါ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

ကလေးများကို မင်္ဂလာရှိအောင် နေရမည်ဖြစ်ကြောင်း၊ မင်္ဂလာဆိုတာ နွယ်နီလေးလို လိမ်လိမ်မာမာနေတာကိုခေါ်ကြောင်း စသည်ဖြင့် ပြောပြပြီး အောက်ပါသီချင်းကဗျာကို အသံနေအသံထား၊ ဟန်ပန်အမူအရာများဖြင့် ရွတ်ဆိုကြပါစေ။

မင်္ဂလာနေ့ပါ

ပျော်ပျော်ရွှင်ရွှင် စာသင်မယ်၊
ဆရာ့စကား နားထောင်မယ်။
ပြုံးပြကာ နှုတ်ဆက်မယ်၊
မင်္ဂလာနေ့ပါကွယ်။
ပျော်ပျော်ရွှင်ရွှင် စာသင်မယ်၊
သူငယ်ချင်းတွေနဲ့ ချစ်ခင်ဖွယ်၊
တေးသီချင်း ဆို၊ က ကြမယ်၊
မင်္ဂလာနေ့ပါကွယ် ...။ ။

֍ထို့နောက် ကလေးများ အားလုံးကို မျက်စိမှိတ်စေပြီး ဆရာက အောက်ပါအတိုင်း ဆုတောင်းပေးပါ။

“ကလေးတို့အားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ သားတို့၊ သမီးတို့လည်း လိမ်လိမ်မာမာနေတဲ့ မင်္ဂလာရှိတဲ့ကလေးတွေ ဖြစ်ကြပါစေ”

  1. ပုံအားလုံးပြပြီးချိန်တွင် ကလေးအားလုံး ဖြေဆိုခွင့်နှင့် ပါဝင်ဆင်နွှဲခွင့် ရပြီးဖြစ်ရမည်။
  2. မေးခွန်းမေးသည့်အခါ ကလေးများအားလုံး ပါဝင် ဖြေဆိုကြပါစေ။