ပတ်ဝန်းကျင်ကို သန့်ရှင်းပါ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၈) ပတ်ဝန်းကျင်ကို သန့်ရှင်းပါ (ကျောင်းသားကိုင်သို့)
339310ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၈) ပတ်ဝန်းကျင်ကို သန့်ရှင်းပါ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၈)

ပတ်ဝန်းကျင်ကို သန့်ရှင်းပါ

သင်ယူမှုဦးတည်ချက် ။ ။ ပတ်ဝန်းကျင်သန့်ရှင်းစေရန်အတွက် ကိုယ်တိုင်တာဝန်ယူလုပ်ဆောင်နိုင်မည့် လုပ်ငန်းများကိုဖော်ထုတ်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ အခွံခွာစားရသောမုန့် (သကြားလုံး၊ မန်ကျည်းတော်ဖီ .... စသည်ဖြင့်)၊ အမှိုက်ခြင်းတစ်ခု။ အမှိုက်ပစ်ခြင်းနှင့်ဆိုင်သော ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား မုန့်စားရင်း ကစားကြမည်ဖြစ်ကြောင်းပြော၍ မုန့်တစ်ခုစီဝေပါ။ စားပါစေ။ မုန့်ခွံများကို လူတိုင်းယူထားရန် ညွန်ကြားပါ။

֍အတန်းရှေ့တွင် အမှိုက်ခြင်းကိုချ၍ ကလေးများ အမှိုက်ပစ်ထည့်ရန် သင့်လျော်သော အကွာအဝေးတစ်ခုကို စည်းတားသတ်မှတ်ပြီး အမှိုက်ပစ်ကြပါစေ။

֍အားလုံးပြီးပါက ဘေးသို့ကျနေသောအမှိုက်များအား ညွှန်ပြပြီး မေးခွန်းများဖြင့် ဆွေးနွေးပါ။

[သတိပြုရန် 1]

-အမှိုက်ပစ်တဲ့အခါ အမှိုက်ပုံးထဲရောက်အောင် မပစ်ရင် ဘာဖြစ်လာမလဲ။
-အမှိုက်တွေကို ဘယ်နေရာတွေမှာ ပစ်ထားတာ တွေ့ ဖူးသလဲ။ (လမ်းပေါ်၊ မြောင်းထဲ စသည်။)
-(ကလေးများ၏အဖြေများပေါ် မူတည်၍) နေ့တိုင်း ဒီလိုအမှိုက်ပစ်ကြရင် အဲဒီနေရာ မှာ ဘာတွေ ဖြစ်လာမယ် ထင်သလဲ။
-သားတို့၊ သမီးတို့ ပတ်ဝန်းကျင်မှာ ဘယ်လိုအမှိုက်မျိုးတွေ တွေ့ သလဲ။ 
-အဲဒီအမှိုက်တွေကို အမျိုးအစားခွဲရင် ဘယ်နှမျိုးရှိမလဲ။

֍ဆရာက အောက်ပါရုပ်ပုံများကို အုပ်စုများအား (၂) ပုံစီခန့် ဝေပေးပါ။

-ရေကန်ထဲရှိငါးကလေး ငိုနေပုံ
-အိမ်ရှေ့မြောင်းထဲသို့ အမှိုက်ပစ်နေပုံ
-အမှိုက်ကို အမှိုက်ပုံးထဲရောက်အောင် ထည့်နေပုံ
-အမှိုက်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်နေပုံ၊ အမှိုက်များ ဘေးသို့ကျနေပုံ လမ်းပေါ်တွင် အမှိုက်ပစ်ချပုံ
-လမ်းဘေးတွင် အညစ်အကြေးစွန့်နေပုံ
-ရုပ်ပုံကို ကြည့်၍ နားလည်သလို အလှည့်ကျပြောခိုင်းပါ။
-ဘာပုံလဲ၊ ဘာလုပ်နေတဲ့ပုံလဲ၊ ဘာဖြစ်နေတာလဲ။
-ကြိုက်လား၊ မကြိုက်ဘူးလား (ဘာကြောင့်လဲ)။
-အိမ်မှာ/ရပ်ကွက်ထဲမှာ ဒီရုပ်ပုံတွေထဲကလို လုပ်တဲ့သူရှိသလား။
-အိမ်ကလူကြီးတွေ ဒီလိုလုပ်ရင် ဘာပြောမလဲ။
-ကိုယ့်ပတ်ဝန်းကျင်မှာ အမှိုက်တွေ ရှုပ်ပွမနေအောင် သားတို့၊ သမီးတို့ကိုယ်တိုင် လုပ်နိုင်တဲ့ အလုပ်က ဘာလဲ။
-ရုပ်ပုံတွေထဲက ရွေးပြကြပါစေ။

֍ဘယ်ရုပ်ပုံလို မလုပ်ဘူးလဲ။ ရွေးပြကြပါစေ။

֍ဆရာက မြတ်စွာဘုရားရှင်သည် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းကို နှစ်သက် ကြောင်း၊ မိမိပတ်ဝန်းကျင်ကို ညစ်ပေအောင်ထားခြင်းကို မနှစ်သက်ကြောင်း ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပတ်ဝန်းကျင်ကို သန့်ရှင်းပါ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ဇာတ်လမ်းကို ကလေးများနားလည်အောင် ဖြည်းဖြည်းနှင့်မှန်မှန် အသံ ဟန်ပန်အမူအရာနှင့် ပြောပါ။

ပတ်ဝန်းကျင်ကို သန့်ရှင်းပါ

တစ်ခါတုန်းက မုန်တိုင်းမိလို့ ပင်လယ်ထဲမှာ မျောနေတဲ့လူတစ်စုဟာ ကျွန်းကြီး တစ်ကျွန်းပေါ်ကို ရောက်သွားခဲ့တယ်။ ကျွန်းပေါ်မှာ လူတွေမရှိပေမဲ့ သီးနှံမျိုးစုံသီးပွင့်နေတဲ့ သစ်ပင်တွေရှိပြီး အလွန်သာယာတယ်။ ကျွန်းပေါ်ကိုရောက်လာတဲ့ လူစုကြီးရဲ့ ခေါင်းဆောင် လုပ်တဲ့သူက ကျွန်းကြီးရဲ့ သာယာလှပမှုတွေ မပျက်စီးအောင် သန့်သန့်ရှင်းရှင်း နေထိုင်ကြဖို့၊ အညစ်အကြေး စွန့်ရင်လည်း သတ်မှတ်ထားတဲ့နေရာမှာပဲ စည်းကမ်းရှိရှိ စွန့်ပစ်ကြဖို့ ပြောပြ ပါတယ်။ အားလုံးကလည်း သဘောတူပြီး စည်းကမ်းရှိရှိနဲ့ နေထိုင်ကြတယ်။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါ တချို့လူတွေက စည်းကမ်းအတိုင်း မနေ ကြတော့ဘူး။ အမှိုက်တွေကို ပစ်ချင်တဲ့နေရာတွေမှာ ပစ်ကြတယ်။ အညစ်အကြေးတွေကို လည်း ကြုံသလို စွန့်ပစ်ကြတယ်။ ဒီလိုနဲ့ အရင်က သာယာလှပခဲ့တဲ့ ကျွန်းကြီးဟာ အမှိုက် တွေ၊ အညစ်အကြေးတွေနဲ့ ညစ်ပတ်နံစော်လာခဲ့တယ်။ ဒါတင်မကသေးဘဲ တချို့လူတွေ ဟာ အရက်တွေချက်ပြီး သောက်ကြတယ်။ အရက်မူးပြီး ရန်ဖြစ်ကြ၊ ဆဲကြဆိုကြတွေပါ ဖြစ် လာကြတယ်။ ခေါင်းဆောင်လုပ်တဲ့သူက စည်းမဲ့ကမ်းမဲ့ မနေကြဖို့နဲ့ ကျွန်းစောင့်တဲ့နတ်တွေ ချစ်အောင်နေဖို့ သတိပေးတယ်။

အဲဒီအခါ အနေအထိုင်ရော..အပြောအဆိုပါ စည်းကမ်းမရှိတဲ့သူတွေက “ငါတို့ နေချင်သလိုနေမယ်၊ ဘယ်သူ့ကိုမှ မကြောက်ဘူး”ဆိုပြီး သတိပေးတဲ့သူတွေကို ပြန်အော် ဟစ် ပြောဆိုတယ်။ ခေါင်းဆောင်နဲ့ စည်းကမ်းရှိသူတွေက ဒီလိုညစ်ပတ်တဲ့လူတွေနဲ့ အတူ မနေချင်တော့ဘူး။ တစ်နေ့နေ့တော့ ဒုက္ခရောက်မှာပဲဆိုပြီး အခြားကျွန်းတစ်ခုကို ပြောင်းသွား ကြတယ်။

ကျွန်းစောင့်နတ်တွေက စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တဲ့ လူတွေကြောင့် စိတ်ဆိုးလာ ကြတယ်။ ဒါနဲ့ ကျွန်းကို သန့်ရှင်းရေးလုပ်တဲ့အနေနဲ့ ကျွန်းပေါ်ကို ရေတွေ လွှမ်းသွားအောင် တန်ခိုးနဲ့ လုပ်လိုက်တယ်။ နောက်ဆုံးမှာ မိမိပတ်ဝန်းကျင်ကို ညစ်ပတ်အောင်လုပ်တဲ့လူတွေ ဟာ သူတို့ စွန့်ပစ်ထားတဲ့ အမှိုက်တွေ၊ အညစ်အကြေးတွေနဲ့အတူ ပင်လယ်ထဲကို မျောပါ သွားကြတော့တယ်။

မှီငြမ်း ။ ။ သမုဒ္ဒဝါဏိဇဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊စတုတ္ထတွဲ။ ၂၂။ ဇာ၊ ဋ္ဌ၊ ၄။ ၁၆ဝ။

֍ဇာတ်လမ်းပြောပြီးပါက မေးခွန်းမေးပါ။ အလှည့်ကျပြောပါစေ။ အားလုံးပါဝင် လုပ် ဆောင်ကြပါစေ။

-ဘာတွေ မှတ်မိလိုက်သလဲ။
-ညစ်ပတ်တဲ့လူတွေ ဘာဖြစ်သွားလဲ။
-သူတို့ ဘယ်လို ညစ်ပတ်ကြတာလဲ။
-ညစ်ပတ်တဲ့ လူတွေရှိတဲ့ နေရာမှာ ဘယ်သူနေချင်သလဲ။ လက်ညှိုးထောင်ပါ။
-ညစ်ပတ်တာကို မကြိုက်တဲ့သူတွေ မတ်တတ်ထပါ။
-စည်းကမ်းရှိတဲ့သူတွေ နေတဲ့နေရာမှာ နေချင်တဲ့သူရှိရင် လက်နှစ်ဖက်လုံး မြှောက် ပြပါ စသည်ဖြင့်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ အမှိုက်ကောက်မယ် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါသီချင်းကဗျာကို ရွတ်ဆိုတတ်အောင် အရင်သင်ပါ။ အမူအရာဖြင့် သင်ပါ။

အမှိုက်ကောက်မယ်

ဒူးကလေးကို ကွေးပြီး လက်ကလေး ဆန့်လိုက်ပါ။
ပုကွကွနဲ့ အမှိုက်ကောက်ရတာ ပျော်စရာပဲကွာ။
ခါးကလေးကိုဆန့်ပြီး အမှိုက်ပုံးရှာစို့ကွာ။
အပြေးကလေးသွားလို့ အမှိုက်ပစ်ကြမယ်။
ဂုဏ်ယူစရာပဲကွာ .. ဟား ..ဟား .. ဟား။ ။

֍ပထမသင်ချိန်တွင် ဆောင်ရွက်ခဲ့သောလုပ်ငန်းအရ အမှိုက်ပုံးဘေးတွင်ကျနေသော အမှိုက်များကို ညွှန်ပြ၍ “အမှိုက်ကို ဘယ်လိုပစ်တာ အကောင်းဆုံးလဲ။ ခု ... ဒီအမှိုက် တွေကို ဘာလုပ်ကြမလဲ”ဟု မေးပြီး သီချင်းကို သံပြိုင်ရွတ်ဆိုရင်း အမှိုက်ပုံးထဲကောက်၍ ထည့်ပါစေ။

֍ဆရာက ယနေ့မှစ၍ မိမိကြောင့်ဖြစ်သော အမှိုက်ကို မိမိကိုယ်တိုင်တာဝန်ယူ၍ အမှိုက် ပုံးထဲအရောက် စွန့်ပစ်ကြရန်၊ ဤသို့ပြုလုပ်ခြင်းသည် ဗုဒ္ဓဘုရားရှင်၏ ဆိုဆုံးမမှုကို လိုက် နာခြင်းဖြစ်ပြီး ဘုရား၊ နတ်၊ လူ အားလုံးနှစ်သက်လက်ခံသော အလုပ်ဖြစ်ကြောင်း ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဒီနေ့ ဓမ္မစကူးလ်က အမှိုက်တွေကို ဆရာတို့ ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ၊ ကိုယ့်ရဲ့ကျောင်းဝင်းထဲမှာ ဘာတွေသန့်ရှင်းဖို့လိုလဲ”ဟု စသည်ဖြင့်မေးပါ။

֍“ဘယ်အဖွဲ့က ဒီတစ်ပတ်မှာ သန့်ရှင်းရေးလုပ်မယ်”စသည်ဖြင့် အပတ်စဉ် သန့်ရှင်းရေး လုပ်ရန်ဇယားကို ကလေးများကိုယ်တိုင် ဆွေးနွေးကြပါစေ။

֍ဆွေးနွေးပြီးပါက ဓမ္မစကူးလ်တွင် အပတ်တိုင်း သန့်ရှင်းရေးလုပ်ဖြစ်အောင် ဆရာက တိုက်တွန်းအားပေးပါ။

  1. ချောင်း၊ မြောင်း၊ အိမ် ပတ်ဝန်းကျင်၊ တောစပ် စသဖြင့် အဖြေအမျိုးမျိုး ထွက်လာသည်အထိမေးပါ။