ဘုရားဖြစ်ပြီးစ အချိန် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၅။ ဘုရားဖြစ်ပြီးစ အချိန် (ကျောင်းသားကိုင်သို့)
339338ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၅။ ဘုရားဖြစ်ပြီးစ အချိန် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၅)

ဘုရားဖြစ်ပြီးစအချိန်

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားဖြစ်ပြီးချိန်တွင်ဆောင်ရွက်သည်များကိုကလေးများသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားတော်မူခန်းကဗျာ၊ ဘုရားအလောင်းမင်းသားကဗျာ၊ သိဒ္ဓတ္ထမင်းသားကဗျာ၊ တောထွက်ခန်းကဗျာ၊ အောင်ပွဲ ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ရှေ့တစ်ပတ်တုန်းက မြတ်စွာဘုရားအကြောင်းတွေကို သင်ခဲ့တယ်။ အဲဒါတွေကို ဘယ် လောက် မှတ်မိလဲဆိုတာ ဆရာသိချင်တယ်။ ဘယ်သူပြန်ပြောပြချင်လဲ”ဟု မေးပြီး ပြော လိုသောကလေးများက ရှေ့ထွက်ပြောပြကြပါစေ။

[သတိပြုရန် 1]

֍ကလေးတစ်ဦး ပြောပြီးတိုင်း လက်ခုပ်တီးကာ ချီးကျူးပေးပါ။

֍ထို့နောက် သင်ခဲ့ပြီးသော အောက်ပါ ကဗျာများကို ရွတ်ဆိုကြပါစေ။

ဘုရားအလောင်း ဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်
မယ်မာယာမြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော်တသောင်းသောင်း ။ ။

ဘုရားအလောင်းမင်းသား

အများအကျိုး ဆောင်လို့ပါ၊
သိဒ္ဓတ္ထခေါ်တာ။
လောကမှာ ရှေ့ဆောင်ကောင်း၊
ငါတို့ဘုရားအလောင်း။ ။

ဘုရားအလောင်းမင်းသား

ကြင်နာ သနားတတ်တဲ့သူ၊
စိတ်ထား ကောင်းမြတ်သူ။
သဘောဖြူကာ လူယဉ်ကျေး၊
သိဒ္ဓတ္ထတဲ့လေး။
ရိုးသားအေးဆေး သူ့ဟန်ပန်၊
အတုယူကြရန်။
စံနမူနာ ယူကာပြ၊
ဘုရားအလောင်းရဲ့ ငယ်ဘဝ။

သိဒ္ဓတ္ထမင်းသား

ရုပ်အဆင်းလည်း လှပသူ၊
ပညာတတ်တဲ့ သူ။
အမည်ကမူ သိဒ္ဓတ္ထ၊
မြားပညာစုံပြ။
ဒေဝဒဟမှ ယသောဓရာ၊
ထိမ်းမြား လက်ထပ်ကာ။
ထီးနန်းမှာ သူစံစား၊
ထူးမြတ်တဲ့ မင်းသား။

တောထွက်ခန်း

သိဒ္ဓတ္ထဆိုတဲ့ မင်းသားဟာ၊
ထီးနန်း စံမြန်းရာ။
နန်းတော်ထဲမှာ စံစားဘိ၊
အိုနာသေ မသိ။
ဥယျာဉ်ကြည့်ဖို့ လှည့်လည်ရာ၊
လူအိုကို တွေ့ကာ။
လူနာလူသေ သူတွေ့က၊
ပွားများ သံဝေဂ။
ရဟန်းတွေ့မှ အားကျသူ၊
သူ့ကို အတုယူ။
ငြိမ်းချမ်းမှုကို သူလိုလား၊
တရားရှာဖို့ တောထွက်သွား။ ။

အောင်ပွဲ

ဘုရားအလောင်းတော် မင်းသားဟာ၊
တရားကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊
တို့ရဲ့ မြတ်ဘုရား။

֍“ဟုတ်ပြီ၊ မြတ်စွာဘုရားရှင် ဘုရားဖြစ်တဲ့အထိ သားတို့၊ သမီးတို့ သိပြီးပြီ။ ကဗျာတွေ လည်း ရွတ်ပြီးသွားကြပြီ။ ဒီတော့ နောက်တစ်ချိန်မှာ ဘုရားဖြစ်ပြီးတဲ့အခါ ဘုရားရှင် ဘာ တွေ ဆက်လုပ်လဲဆိုတာ ဆရာက ပြောပြမယ်။ ဆရာ ပြောမပြခင် သားတို့၊ သမီးတို့ကို အရင်မေးကြည့်မယ်။ ဘုရားဖြစ်ပြီး ဘာဆက်လုပ်မယ် ထင်သလဲ”ဟု မေးပြီး ကလေးများ က ခန့်မှန်းပြောဆိုကြပါစေ။

֍ကလေးများပြောပြီးသောအခါ “ဘုရားဖြစ်ပြီးတဲ့အချိန်မှာ .. ဘာတွေလုပ်မယ်ဆိုတာကို နောက်တစ်ချိန်မှာ ဆက်နားထောင်ကြရအောင်” စသည်ဖြင့် ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားဖြစ်ပြီးစ အချိန် အကြောင်း၊ တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားအား မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို ဆက်ကပ်လှူဒါန်းနေပုံ၊ အာဠာရရသေ့ကြီးနှင့် ဥဒကရသေ့ကြီး နှစ်ပါးပုံ၊ မြတ်စွာဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဟောကြားနေပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ဘုရားဖြစ်ပြီးစ အချိန် အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဘုရားဖြစ်ပြီးစ အချိန်

[သတိပြုရန် 2]

မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်ပြီးနောက် မဟာဗောဓိပင်အနီးမှာရှိတဲ့ နေရာ (၇) ခုမှာ (၇) ရက်စီ နေတော်မူခဲ့တယ်။ နောက်ဆုံးနေရာဖြစ်တဲ့ လင်းလွန်းပင်အောက်မှာ (၇) ရက် ပြည့်တဲ့နေ့ (၄၉ ရက်မြောက်တဲ့နေ့) မှာ တပုဿနဲ့ ဘလ္လိက ညီအစ်ကိုနှစ်ယောက် ရောက်လာခဲ့ကြတယ်။ သူတို့ဟာ ဥက္ကလာပဇနပုဒ်က ကုန်သည်တွေပါ။ သူတို့က မြတ်စွာ ဘုရားကို မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တွေ လှူဒါန်းကြတယ်။ မြတ်စွာဘုရား မုန့်ဆွမ်းဘုဉ်း ပေးပြီးတဲ့အခါမှာ သူတို့က “တပည့်တော်တို့ဟာ ဘုရားနှင့်တရားကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ပါမည်ဘုရား။ ဒီနေ့ကစပြီး တပည့်တော်တို့ကို အရှင်ဘုရားရဲ့ တပည့် ဒကာများအဖြစ် မှတ်တော်မူပါဘုရား”လို့ လျှောက်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ သံဃာရတနာ မပေါ်သေးပါဘူး။ အဲဒါကြောင့် တပုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်နှစ်ယောက်ဟာ ရတနာနှစ်ပါးဖြစ်တဲ့ ဘုရားရတနာ၊ တရားရတနာကို ပထမဆုံးကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဒကာများ ဖြစ်လာခဲ့ကြပါတယ်။

[သတိပြုရန် 3]

֍အကြောင်းအရာပြောပြခြင်းကို ခဏရပ်၍ အောက်ပါမေးခွန်းများကို မေးပါ။

-မြတ်စွာဘုရားဟာ ဘယ်နှရက်မြောက်မှာ လင်းလွန်းပင်အောက်မှာ ထိုင်တော်မူနေသလဲ။
-အဲဒီအချိန်မှာ ဘယ်သူတွေ ရောက်လာသလဲ။
-သူတို့နာမည် ဘယ်လိုခေါ်သလဲ။
-မြတ်စွာဘုရားကို သူတို့ ဘာတွေလျှောက်ကြသလဲ။
-သူတို့ ရတနာသုံးပါးကို ဆည်းကပ်ခွင့်ရသွားကြလား။ ဘာကြောင့်လဲ။

֍ထို့နောက် ဆက်လက်၍ အောက်ပါအကြောင်းအရာကို ပြောပြပါ။

[သတိပြုရန် 4]

အဲဒီနောက် မြတ်စွာဘုရားရှင်ဟာ ကိုယ်တော်တိုင် သိမြင်တော်မူထားတဲ့ တရားတော် တွေကို ဟောကြားတော်မူဖို့အတွက် “ဘယ်သူတွေကို ပထမဦးဆုံး တရားဟောကြားရမလဲ” လို့ ကြံစည်တော်မူတဲ့အခါ မိမိရဲ့ တရားရှာခရီးမှာ လောကီဈာန်တွေ ရရှိအောင် ကူညီပေးခဲ့ဖူး တဲ့ အာဠာရရသေ့ကြီးနဲ့ ဥဒကရသေ့တို့ကို မြင်တော်မူတယ်။ သူတို့ရှိရာအရပ်ကို နတ်မျက်စိ နဲ့ တူတဲ့ဉာဏ်တော် (ဒိဗ္ဗစက္ခုဉာဏ်တော်) နဲ့ ကြည့်လိုက်တဲ့အခါ ရသေ့ကြီးနှစ်ပါး ကွယ်လွန် သွားခဲ့တာကို သိမြင်တော်မူခဲ့တယ်။

֍အကြောင်းအရာပြောပြခြင်းကို ခဏရပ်၍ အောက်ပါမေးခွန်းများကို မေးပါ။

-မြတ်စွာဘုရားရှင်က ပထမဦးဆုံး ဘာကို ကြံစည်သလဲ။
-တရားဟောဖို့ ဘယ်သူတွေကို မြင်တော်မူလဲ။
-ဒါပေမဲ့ မြတ်စွာဘုရားက ဒိဗ္ဗစက္ခုဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဘာကို သိတော်မူသလဲ။

֍ထို့နောက် ဆက်လက်၍ အောက်ပါအကြောင်းအရာကို ပြောပြပါ။

ပြီးနောက် ဆက်လက်ကြံစည်တော်မူတဲ့အခါ ပင်ပန်းဆင်းရဲစွာ တရားကျင့်တော် မူစဉ်က အနီးကပ်ပြုစုလုပ်ကျွေးခဲ့တဲ့ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဟူသော ပဉ္စဝဂ္ဂီငါးဦးကို မြင်တော်မူတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ဟာ မိမိ သီတင်းသုံးတော်မူရာ ဥရုဝေလတောမှ ဗာရာဏသီပြည်သို့ ကြွတော်မူပြီး ပထမဦးဆုံး ဓမ္မစကြာတရားတော်ကို ဟောတော်မူတယ်။ တရားဟောတော်မူပြီးတဲ့အခါ ပဉ္စဝဂ္ဂီငါးဦးလုံးဟာ မြတ်စွာဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များဖြစ်လာပြီး သံဃာရတနာ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။

[သတိပြုရန် 5]

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၃၅၅-၄၃ဝ။

֍အောက်ပါမေးခွန်းများကို မေးပါ။

-မြတ်စွာဘုရားက နောက်ထပ် ဘယ်သူတွေကို တရားဟောဖို့ မြင်တော်မူသလဲ။
-ဘယ်သူတွေကို ဟောခဲ့တာလဲ။
-တရားတော်နာမည်က ဘာလဲ။
-ရတနာသုံးပါး ဘယ်အချိန်မှာ စုံသွားခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ရှေ့ပိုင်း ဗုဒ္ဓဝင်သင်ခန်းစာများတွင် အသုံးပြုခဲ့သော ရုပ်ပုံများထဲမှ ဖွားမြင်တော်မူပုံ၊ တောထွက်တော်မူပုံ၊ တရားကျင့်တော်မူပုံ၊ နို့ဃနာဆွမ်းကပ်လှူပုံ၊ မာရ်နတ်ကို အောင်မြင်တော်မူပုံ၊ ဘုရားဖြစ်ပြီး ပဉ္စဝဂ္ဂီငါးဦးကို တရားဟောပုံ စသော ရုပ်ပုံတစ်ခုစီကို အုပ်စုတိုင်းအား ဝေပေးပါ။

֍ပထမဦးဆုံးအုပ်စုမှ အုပ်စုကိုယ်စားလှယ်က မိမိတို့ကျရာ ရုပ်ပုံပါအကြောင်းအရာများကို အတန်းရှေ့သို့ ထွက်၍ ပြောပြပြီးလျှင် ရုပ်ပုံကို သင်ပုန်းတွင် ကပ်ထားပါစေ။

֍ဒုတိယအုပ်စုကိုယ်စားလှယ်က မိမိကျရာ ရုပ်ပုံပါအကြောင်းအရာများကို အတန်းရှေ့သို့ ထွက်၍ ပြောပြပြီးလျှင် ရုပ်ပုံကို သင်ပုန်းတွင် ကပ်ထားပါစေ။ သို့သော် အုပ်စု (၁) ကပ် ထားသော ရုပ်ပုံနှင့် ချိတ်ဆက်ပြီး ၎င်းတို့ကျရာ ရုပ်ပုံကို အစီအစဉ်ကျအောင် ကပ်ပါစေ။

֍နောက်ထပ်အုပ်စုအသီးသီးသည်လည်း အထက်ပါအတိုင်း ရုပ်ပုံပါအကြောင်းအရာများကို ပြောပြပြီးလျှင် ရုပ်ပုံများကို အစီအစဉ်ကျအောင် ကပ်ကြပါစေ။

֍နောက်ဆုံးတွင် ဆရာက အုပ်စုအသီးသီးမှ ကပ်ထားသောပုံများကို ကြည့်၍ လိုအပ်သလို အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဗုဒ္ဓဝင်ဖြစ်စဉ် ရေးထားသော စာကြောင်းဖြတ်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အောက်တွင်ဖော်ပြထားသော ဗုဒ္ဓဝင်ဖြစ်စဉ် ရေးထားသော စာကြောင်းဖြတ်ပိုင်းများကို အုပ်စုတိုင်းအား ဝေပေးပါ။

-သိဒ္ဓတ္ထမင်းသားကို လုမ္ဗိနီအင်ကြင်းဥယျာဉ်တွင် ဖွားမြင်ခဲ့သည်။
-အသက် ၁၆ နှစ်အရွယ်တွင် ထီးနန်းစိုးစံခဲ့သည်။
-၂၉ နှစ်အရွယ်တွင် တောထွက်တော်မူသည်။
-ထို့နောက် နိမိတ်ကြီးလေးပါးကို မြင်တော်မူသည်။
-အစာအာဟာရ ပြတ်လပ်ပြီး မေ့မြောသွားသည်အထိ ခြိုးခြံစွာကျင့်ခဲ့သည်။
-သုဇာတာ သူဌေးသမီးက နို့ဃနာဆွမ်း ကပ်လှူသည်။
-မြက်ထမ်းသမားက မြက်ရှစ်ဆုပ်လှူသည်။
-ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
-ပဉ္စဝဂ္ဂီငါးဦးတို့ကို တရားဦး ဟောတော်မူသည်။
-တပုဿနှင့် ဘလ္လိကတို့ထံမှ မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို အလှူခံတော်မူသည်။

֍အထက်ပါ စာကြောင်းများကို အစီအစဉ်တကျ ပြန်၍ စီကြပါစေ။

֍အမြန်ဆုံးနှင့်အမှန်ဆုံး စီနိုင်သောအုပ်စုကို အနိုင်ပေးပါ။

֍နောက်ဆုံးတွင် ဆရာက စာကြောင်းများကို အစဉ်အတိုင်း ပြန်ပြောပြ၍ အနှစ်ချုပ်ပေးပါ။

  1. လိုအပ်လျှင် ဆရာက ပြည့်စုံ အစီအစဉ် ကျအောင် ဖြည့်စွက် ရှင်းပြပေးပါ။
  2. တပုဿ (တပုတ်သ)၊ ဘလ္လိက (ဘန်လိက) ဟုအသံထွက်ပါ။
  3. တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားအား မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို ဆက်ကပ်လှူဒါန်းနေပုံ ကိုပြလျက် ဤစာပိုဒ်ကို ပြောပြပါ။
  4. အာဠာရရသေ့ကြီးနှင့် ဥဒကရသေ့ကြီး နှစ်ပါး ပုံကို ပြလျက် ဤစာပိုဒ်ကို ပြောပြပါ။
  5. မြတ်စွာဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဟောကြား နေပုံကိုပြလျက် ဤစာပိုဒ်ကို ပြောပြပါ။