ဘုရားရှိခိုးကြမယ် -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၆) ဘုရားရှိခိုးကြမယ် (ကျောင်းသားကိုင်သို့)
339257ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၆) ဘုရားရှိခိုးကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

ဘုရားရှိခိုးကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ စနစ်တကျ ဘုရားရှိခိုးတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကဗျာ၊ ရတနာသုံးပါးအား ရှိခိုးခြင်း။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 1] [သတိပြုရန် 2] [သတိပြုရန် 3]

֍“ကလေးတို့ထဲက အိမ်မှာ ဘုရားရှိခိုးတဲ့သူ လက်ထောင်ပါ”ဟု မေးပြီး လက်ထောင်သူများထဲမှ တစ်ယောက်၊ နှစ်ယောက်ခန့်ကို ရွေး၍ ဘုရားရှိခိုးပုံကို နမူနာ လုပ်ပြပါစေ။

֍ဒီနေ့ စနစ်တကျ ဘုရားဦးချတဲ့ပုံစံကို သင်ပေးမယ်ဟု ပြောပြီး ဆရာကိုယ်တိုင် ထိခြင်းငါးပါးဖြင့် မည်သည့်နေရာများ ထိရမည်၊ မည်သို့ ဦးချရမည်ကို တစ်ဆင့်စီ သေချာစွာ ရှင်းပြပြီး ကလေးများကို လိုက်လုပ်ပါစေ။ တစ်ဆင့်မှန်မှ နောက်တစ်ဆင့် တက်ပါ။

֍ကလေးများကို ငါးယောက်တစ်အုပ်စု အတန်းရှေ့ထွက်၍ ဆောင်ရွက်ပါစေ။

֍ထိခြင်းငါးပါး နေရာငါးနေရာကို မှတ်မိခြင်း ရှိ/မရှိ ပြန်လည်မေးမြန်းပြီး အတန်းသားအားလုံး သံပြိုင်ကဗျာရွတ်ဆို၍ ညီညီညာညာ ဦးချပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း

လက်အုပ်ကိုပင်၊ ကြာငုံသွင်၊ အရင်ပြုလုပ်ပါ။

ခြေချ-လက်ချ၊ ဒူး-တံတောင်ချ၊ နဖူးချကာ ဦးချပါ။

ရတနာသုံးပါးကို ရှိခိုးခြင်း

မြတ်စွာဘုရားကို ရှိခိုးပါ၏ အရှင်ဘုရား။
တရားတော်မြတ်ကို ရှိခိုးပါ၏ အရှင်ဘုရား။
သံဃာတော်မြတ်ကို ရှိခိုးပါ၏ အရှင်ဘုရား။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဩကာသ ကန်တော့ချိုး။

သင်ယူမှုလုပ်ငန်းစဉ်

֍ထိခြင်းငါးပါး နေရာငါးနေရာကို မှတ်မိခြင်း ရှိ၊ မရှိ ပြန်လည်မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။ ကဗျာရွတ်ပါ။

֍“အခုဆက်ပြီး ဘုရားရှိခိုးစာတွေ သင်ပေးမယ်”ဟု ပြောပြီး ဩကာသ ကန်တော့ချိုးကို ဆရာက အသံထွက် ပီသမှန်ကန်စွာဖြင့် တိုင်ပေးပါ။

[သတိပြုရန် 4]

ဩကာသ ကန်တော့ချိုး

ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ် သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

မှတ်ချက် ။ ။ ဤဩကာသကန်တော့ချိုးကို ရှင်အရဟံ ရေးသားတော်မူပါသည်။ ဤဩကာသကန်တော့ချိုးမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တစ်နိုင်ငံလုံးအတွက် တစ်ပုံစံတည်း ဖြစ်စေရန် ချမှတ်ထားသောမူ ဖြစ်ပါသည်။

֍လေးငါးကြိမ်ခန့် တိုင်ပေးပြီးပါက အတန်းသားအားလုံးကို သံပြိုင်ရွတ်ဆိုခိုင်းပါ။

֍ထိခြင်းငါးပါးဖြင့် ဦးချခြင်းနှင့် ဘုရားရှိခိုးစာ ရွတ်ဆိုခြင်းကို အတန်းသားအားလုံး ပြိုင်တူ ဆောင်ရွက်စေပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သူတော်ကောင်း ဖိုးသားလေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့တွင် သင်ပြီးခဲ့သော စာသင်ချိန်များကို ပြန်လည် ချိတ်ဆက်ပြောဆိုပါ။

֍သူတော်ကောင်း ဖိုးသားလေးဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြီး မေးခွန်းများကို မေးပါ။

[သတိပြုရန် 5]

သူတော်ကောင်း ဖိုးသားလေး

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ဖိုးသားဆိုတဲ့ ကလေးတစ်ယောက် ရှိတယ်။ ဖိုးသားမှာ ကောင်းတဲ့အကျင့်လေး တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ သူက ဘာပဲလုပ် လုပ် 'နမော ဗုဒ္ဓဿ'လို့ ရွတ်တတ်တယ်။ (နမော ဗုဒ္ဓဿ”ဆိုသည်မှာ “မြတ်စွာဘုရားအား ရှိခိုးပါ၏”ဟု အဓိပ္ပာယ်ရကြောင်း ရှင်းပြပါ။) မနက် အိပ်ရာက ထတာနဲ့ ‘နမော ဗုဒ္ဓဿ’လို့ ရွတ်နေတတ်တယ်။ အားရင်လည်း 'နမော ဗုဒ္ဓဿ'ကိုပဲ နှုတ်က တိုးတိုး ရွတ်နေတတ် တယ်။ အဲဒီလို အလေ့အကျင့်ကောင်းလေးရှိတဲ့အတွက် ကစားတဲ့အခါ ဖိုးသားက နိုင်တာ များတယ်။ စာကျက်ရင်လည်း ခဏလေးနဲ့ရတယ်။ သူငယ်ချင်းတွေရော ဆရာတွေကပါ သူ့ကို ဝိုင်းချစ်ကြတယ်။ ဖေဖေနဲ့ မေမေကလည်း လိမ္မာတဲ့ ကလေးမို့လို့ ချစ်ကြတယ်။ “ကလေးတို့ရော ဒီလိုအလေ့အကျင့်ကောင်းတွေ ရှိသလား၊ ပြောပြပါဦးဟု မေးပါ။)

ဒီလိုနဲ့ ကျောင်းပိတ်ရက်တစ်ရက်မှာ ဖိုးသားဟာ သူ့အဖေ ထင်းခုတ်သွားတဲ့ နောက်ကို လိုက်သွားရတယ်။ တောထဲကို နွားလှည်းနဲ့ သွားကြရတာ။ တောထဲရောက် တော့ နွားတွေကို တစ်နေရာမှာ ကြိုးနဲ့ချည်ထားပြီး သားအဖနှစ်ယောက် ထင်းခုတ်ကြ တယ်။ အဖေခုတ်ထားတဲ့ ထင်းတွေကို လှည်းပေါ်တင်ကြတယ်။ လှည်းနဲ့အပြည့် ထင်းတွေ ရလို့ အိမ်ပြန်ဖို့ နွားတွေသွားဆွဲတဲ့အခါကျတော့မှ နွားတွေပျောက်နေမှန်း သိရတယ်။ ထင်းတွေစောင့်ဖို့ ဖိုးသားကို လှည်းနားမှာ ထားခဲ့ပြီး သူ့အဖေက နွားပျောက်ရှာထွက်သွား ခဲ့တယ်။ နွားတွေဟာ တခြားနွားတွေနဲ့အတူ မြို့ထဲကို ပြန်ဝင်သွားတဲ့အတွက် ဖိုးသားလေး ရဲ့ အဖေလည်း မြို့ထဲကို လိုက်သွားတယ်။ မြို့ တံခါးပိတ်သွားတဲ့အတွက် သူ့ရဲ့အဖေဟာ မြို့ပြင်ကို ပြန်ထွက်လို့မရတော့ဘူး။ ဖိုးသားလည်း အဖေကိုစောင့်ရင်း မောမောနဲ့ မှေးကနဲ အိပ်ပျော်သွားတယ်။

အဲဒီအချိန်မှာ ဘီလူးကြီးတစ်ကောင် ရောက်လာကာ အိပ်ပျော်နေတဲ့ ဖိုးသားကို စားမလို့ ခြေထောက်ကို ဆွဲလိုက်တဲ့အချိန်မှာ ဖိုးသားဟာ လန့်နိုးသွားတယ်။ (ဖိုးသား နေရာမှာ ကလေးတို့ဆိုရင် ဘာလုပ်မလဲ။) (အခု ဖိုးသား ဘာလုပ်မယ်ထင်သလဲဟုမေးပါ။) ဖိုးသားက ဘီလူးကိုတွေ့ တော့ လန့်ပြီး 'နမော ဗုဒ္ဓဿ'လို့ အလိုလို ရွတ်လိုက်မိတယ်။ ဒီတစ်ခါမှာ ဘီလူးကြီးက “ဪ... ဒီကလေးဟာ ဘုရားစာ အမြဲရွတ်ဆိုတဲ့ ကလေးလေးပဲ။ လူကောင်းလေးပဲ။ လူကောင်းလေးကို စားမိရင် ငါတော့ ဒုက္ခရောက်တော့မှာပဲ”လို့ တွေးမိ ပြီး ချွေးတွေ ပြန်လာတယ်။ ချက်ချင်းပဲ ကြောက်ပြီး ပြန်လှည့်ထွက်သွားတယ်။ ဒီလိုနဲ့ ဖိုးသားလည်း အသက်ဘေးက လွတ်သွားခဲ့တယ်။ မနက်မိုးလင်းလို့ အဖေပြန်လာတဲ့အခါ ဖိုးသားလည်း အဖေနဲ့အတူတူ ရွာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လာခဲ့ပါတော့တယ်။

မှီငြမ်း ။ ။ဒါရုသာကဋိကပုတ္တဝတ္ထု၊ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ စတုတ္ထတွဲ။ ၂၂၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၈၄။

֍“ကလေးတို့လည်း ဖိုးသားလေးလို ဘုရားစာ အမြဲရွတ်ဆိုတဲ့ လူကောင်းကလေးတွေဖြစ် ကြပါစေ” စသည်ဖြင့် ဆုတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားရှိခိုးမယ်ကဗျာနှင့် နမော ဗုဒ္ဓဿ ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါကဗျာကို ဆရာက တိုင်ပေးပြီး အတန်းသား အားလုံးကို ညီညာစွာ လိုက်ဆိုပါစေ။ ဆရာနှင့် အတူတစ်ခေါက်ရွတ်ဆိုပါ။

֍ထို့နောက် အုပ်စုလိုက် ရွတ်ဆိုကြပါစေ။

ဘုရားရှိခိုးမယ်

သာသာယာယာ ညအခါ၊
ဘုရားရှိခိုးမှာ။
မေတ္တာဝေကာ ဆုခြွေတောင်း၊
ကျန်းမာကြစေကြောင်း။
ရွာဦးကျောင်းက စေတီသာ၊
အေးမြ လရောင်ဖြာ။
ကြည်ညိုကာ ဦးနှိမ်ချ၊
ဆီမီးပန်းလှူကြ။

֍ကဗျာရွတ်ဆိုပြီးလျှင် အောက်ပါ “နမော ဗုဒ္ဓဿ” ကဗျာကို ထပ်မံရွတ်ဆို၍ အလွတ်ရ အောင် သင်ပေးပါ။

နမော ဗုဒ္ဓဿ

“နမော ဗုဒ္ဓဿ” ရွတ်ဆိုလျှင်၊
အန္တရာယ်တွေ ကင်းစင်။
အန္တရာယ်တွေ ကင်းစင်ဖို့၊
“နမော ဗုဒ္ဓဿ” ရွတ်ကြစို့။

֍ကလေးများအားလုံးကို မျက်စိမှိတ်စေပြီး ဆရာက အောက်ပါအတိုင်း ဆုတောင်းပေးပါ။

֍“ကလေးတို့အားလုံး မှန်ကန်စွာ ဘုရားရှိခိုးတတ်ကြပါစေ။ ဘုရားစာ အမြဲရွတ်ဆိုတဲ့ လူကောင်းလေးတွေ ဖြစ်ကြပါစေ”

  1. ဤစာသင်ချိန်မတိုင်မီ ဘုရားရှိခိုးနိုင်မည့် နေရာကို စာသင်ခန်းတွင်း ကြိုတင်ပြင်ဆင် ထားရမည်။
  2. ကြမ်းခင်းမရှိသည့် ကျောင်းများတွင် ဖျာခင်း၍သော် လည်းကောင်း၊ ကျောင်းသားထိုင်ခုံများကို ဆက်၍သော် လည်းကောင်း စီစဉ်ထားနိုင်သည်။
  3. လက်ထောင်သူ များပါက နှစ်ယောက်ထက် ပိုမို လုပ်ခိုင်းနိုင်ပါသည်။ ၎င်းတို့ လုပ်တတ်သလို လုပ်ခွင့်ပြုပါ။
  4. ဓမ္မစကူးလ်တက်သည့် နေ့တိုင်း သင်ခန်းစာ မသင်ခင် အချိန်တွင် ဘုရားရှိခိုးရမည် ဖြစ်၍ ဤစာသင်ချိန်တွင် အဓိပ္ပာယ် နားလည်ရန်ထက် အသံထွက် မှန်ကန်ရန်သာ အဓိကထား၍ သင်ပေးရမည်။
  5. ဇာတ်လမ်းပြောချိန်တွင် အတန်းသား အားလုံးကို ဆရာအနီးတွင် လို့ ဝိုင်းထိုင်ခိုင်းပါ။