မေတ္တာပို့သခြင်း -ဆရာ

339259ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၈) မေတ္တာပို့သခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

မေတ္တာပို့သခြင်း

သင်ယူမှုဦးတည်ချက် ။ ။ မေတ္တာပို့တတ်စေရန်နှင့်အချင်းချင်း မေတ္တာထားရမည်ကိုသိရှိစေရန်။

စာသင်ချိန်(၁) ။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ပြုံးနေသော မျက်နှာပုံ၊ မဲ့နေသော မျက်နှာပုံ၊ ကလေးနှစ်ယောက် ရန်ဖြစ်နေပုံ၊ ကလေးများ ချစ်ချစ်ခင်ခင် ကစားနေပုံ ရုပ်ပုံများ၊ မေတ္တာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ပြုံးချိုနေသော မျက်နှာထားဖြင့်ဝင်လာပြီး “မင်္ဂလာပါ ကလေးတို့” ဟု နှုတ်ဆက်ပါ။ ထို့နောက် မျက်နှာကို စူပုပ်ပြပြီး အသံမာမာဖြင့် နှုတ်ဆက်ကာ “တကယ်လို့ ဆရာက ဒီလိုဝင်လာပြီး ဒီလိုပြောရင် ကလေးတို့ကြိုက်ကြသလား”ဟု မေးပါ။

[သတိပြုရန် 1]

֍သင်ပုန်းပေါ်တွင် အပြုံးမျက်နှာပုံနှင့် ခဲ့သည့်မျက်နှာပုံကို ခပ်ခွာခွာ ကပ်ပြီး ကလေးများအား ၎င်းတို့ ကြိုက်နှစ်သက်သည့် ပုံရှေ့တွင် ရပ်ရန်ပြောပါ။ ကလေးတိုင်းအား “အဘယ်ကြောင့် ထိုပုံရှေ့တွင် ရပ်သနည်း”ဟု မေးပါ။

֍ဆန့်ကျင်ဘက် ရုပ်ပုံ ၂-ခုကို ပြပြီး “မည်သည့်ပုံက ကောင်းသလဲ၊ ဘာကြောင့်လဲ”ဟု မေးပါ။

֍ရန်ဖြစ်ခြင်း၏ ဆိုးကျိုးများကို ပြောပြပြီး သူငယ်ချင်းအချင်းချင်း ချစ်ချစ်ခင်ခင် နေကြ ရန် ဆုံးမပြီး အောက်ပါကဗျာဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။

မေတ္တာ

(မေတ္တာ ... မပါဘဲနဲ့ ... ဘာပဲလုပ်လုပ် .. အချည်းနှီးပါပဲ ...)
မေတ္တာသည် အကျိုးဆောင်တတ်၏။
မေတ္တာသည် သည်းခံတတ်၏။
မေတ္တာသည် ခွင့်လွှတ်တတ်၏။
မေတ္တာသည် အကောင်းမြင်တတ်၏။
(မေတ္တာ ... မပါဘဲနဲ့ ... ဘာပဲလုပ်လုပ် .. အချည်းနှီးပါပဲ ...)

စာသင်ချိန် (၂) 

သင်ထောက်ကူပစ္စည်း ။ ။ ညီပုလေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

[သတိပြုရန် 2]

သင်ယူမှုလုပ်ငန်းစဉ်

֍“ညီပုလေး” ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ညီပုလေး

တစ်ခါတုန်းက ရွာတစ်ရွာမှာ ညီပုလေးလို့ခေါ်တဲ့ ကလေးလေးတစ်ယောက် ရှိတယ်။ သူက သားတို့၊ သမီးတို့လိုပဲ ကျောင်းသားလေးတစ်ယောက် ဖြစ်ပါတယ်။ အဲဒီညီပုလေးဟာ သူတစ်ပါးကို သိပ်ကူညီပေးတတ်တယ်။ သူငယ်ချင်း လဲကျနေတာ တွေ့ ရင်လည်း ဝိုင်းထူပေးတယ်။ ငိုနေတဲ့ ကလေးတွေတွေ့ ရင် မငိုအောင် ချော့ပေးတယ်။ ပြီးတော့ ပစ္စည်းတွေ မနိုင်မနင်း သယ်လာတဲ့သူ တွေ့ ရင်လည်း ဝိုင်းကူသယ်ပေးတယ်။ အဘိုးအို၊ အဘွားအိုတွေ တုန်တုန်ချည့်ချည့်နဲ့ လမ်းလျှောက်လာတာတွေ့ ရင်လည်း သွားချင်တဲ့ဆီကို လက်တွဲပြီး ပို့ပေး တတ်တယ်။ ဒါကြောင့် ညီပုလေးကို ကလေးရော လူကြီးပါ အားလုံးက ဝိုင်းချစ်ကြတယ်။ (ကလေးတို့ရော၊ ဘယ်သူ့ကို ကူညီဖူးသလဲ)

ဒါ့အပြင် ညီပုလေးဟာ နေ့တိုင်းဘုရားရှိခိုးတယ်။ ပြီးရင် ဖေဖေ၊ မေမေ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘိုးဘိုး၊ ဘွားဘွားလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဆရာများလည်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ ကိုကို၊ မမ၊ ညီလေး၊ ညီမလေးများလည်း ကျန်းမာကြပါ စေ၊ ချမ်းသာကြပါစေ။ သူငယ်ချင်းအားလုံးလည်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ အိမ်မှာ ရှိတဲ့ ပူစီလေးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ သတ္တဝါအားလုံးလည်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ အမြဲမေတ္တာပို့တယ်။ (ကလေးများကို လိုက်ဆိုခိုင်းပါ။) အဲဒီလို မေတ္တာပို့ တဲ့အတွက် ညီပုလေးကို အားလုံးကချစ်ကြတယ်။ ညီပုလေးက အကူအညီလိုရင်လည်း သူငယ်ချင်းတွေက ဝိုင်းဝန်းကူညီပေးကြတယ်။

တစ်နေ့တော့ ညီပုလေး နေမကောင်းလို့ ကျောင်းမတက်နိုင်ဘူး။ ညီပုလေးရဲ့ သူငယ် ချင်းတွေရော ဆရာမကပါ ညီပုလေးအတွက် စိတ်ပူနေကြတယ်။ ဒီလိုနဲ့ ညနေကျောင်းဆင်း တဲ့အခါ အားလုံးစုပြီး ညီပုလေးဆီကို လာကြတယ်။ သူငယ်ချင်းတွေက ညီပုလေးကို ဝိုင်းပြီး ပြုစုကြတယ်။ ဆရာမလည်း ညီပုလေးစားဖို့ မုန့်တွေယူလာပေးတယ်လေ။ အားလုံးက ညီပု လေး မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးကြတယ်။ ညီပုလေး နေမကောင်းတဲ့ ရက် တွေမှာ သင်တဲ့စာတွေ ကူးပေးဖို့ဆိုပြီး စာအုပ်တွေလည်း ယူသွားကြတယ်။ (ကလေးတို့ရော၊ နေမကောင်းဖြစ်ဖူးလား၊ သူငယ်ချင်းတွေ လာကြည့်ကြသလား၊ သူငယ်ချင်း နေမကောင်းတာ ကို သွားကြည့်ဖူးသလား။) ဒီလိုနဲ့ပဲ ညီပုလေးလည်း နေပြန်ကောင်းလာပြီး သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ကျောင်းပြန်တက်နိုင်ခဲ့တယ်။

֍ညီပုလေးဇာတ်လမ်းပြောပြီးသောအခါ ညီပုလေးဟာ သူများတွေကို မေတ္တာထားပြီး ကူညီလို့ သူများတွေကလည်း ညီပုလေးကို မေတ္တာထားပြီး ပြန်ကူညီကြတယ်။ သားတို့၊ သမီးတို့လည်း ညီပုလေးကို အတုယူပြီး သူတစ်ပါးကို ကူညီရမယ်။ မေတ္တာလည်း ပို့ရမယ်နော်။ မေတ္တာလည်း ထားရမယ်နော်”စသည်ဖြင့် ပြောပြပြီး အောက်ပါ မေးခွန်းများ မေးမြန်းပါ။

[သတိပြုရန် 3]

-ညီပုလေးဟာ အဘိုးအို၊ အဘွားအိုတွေကို တွေ့ ရင် ဘာကူညီပေးသလဲ။
-ညီပုလေးဟာ ညအိပ်ရာ ဝင်ခါနီးတိုင်း ဘာလုပ်သလဲ။
-ညီပုလေးဟာ ဘယ်လို မေတ္တာပို့သလဲ။
- ညီပုလေး နေမကောင်းဖြစ်တော့ သူငယ်ချင်းတွေက ဘယ်လို ကူညီပေးကြသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စာသင်ချိန် (၁)တွင် အသုံးပြုခဲ့သော ရုပ်ပုံများ၊ ညီပုလေးရဲ့ မေတ္တာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

ကလေးများအား စာသင်ချိန် (၁) တွင် ယှဉ်တွဲခဲ့သည့်ပုံများတွင် ပါသည့်အတိုင်း သရုပ် ဆောင်ပါစေ။

[သတိပြုရန် 4]

[သတိပြုရန် 5]

“ညီပုလေးရဲ့ မေတ္တာ”ကဗျာကို ဆရာက တိုင်ပေးပါ။ အတန်းသားအားလုံး လိုက်ဆိုပါစေ။

ညီပုလေးရဲ့ မေတ္တာ

ညီပုလေး ညီပုလေး၊
ဘုရားရှိခိုးတဲ့ ညီပုလေး။
ညီပုလေး ညီပုလေး၊
မေတ္တာပို့တဲ့ ညီပုလေး။
ညီပုလေးက မေတ္တာဝေ၊
ကျန်းမာ ချမ်းသာကြပါစေ။
မေတ္တာဝေတဲ့ ညီပုလေး၊
မျက်နှာ ရွှင်ချိုအေး

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရုပ်ပုံများ၊ မေတ္တာပို့စာသား။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ရုပ်ပုံများကို တူရာယှဉ်တွဲစေပါ။

(က) အဖိုးအိုတစ်ယောက် တုတ်ကောက်ဖြင့် လမ်းလျှောက်လာပုံ၊
(ခ) ဈေးခြင်းတောင်း ကူသယ်ပေးနေပုံ၊
(ဂ) မိန်းမကြီးတစ်ယောက် ဈေးခြင်းတောင်း မနိုင်မနင်း သယ်လာပုံ၊
(ဃ) ကျောင်းသားများက ဝိုင်းဝန်းကူညီပေးပုံ၊
(င) ကလေးလေးတစ်ယောက် ချော်လဲနေပုံ၊
(စ) ကလေးလေးကို ချော့နေပုံ။

֍အထက်ပါရုပ်ပုံများကို တူရာယှဉ်တွဲစေပြီးသောအခါ ရုပ်ပုံများထဲကအတိုင်း အကူအညီ လိုအပ်သူများကို မေတ္တာထားပြီးကူညီပေးသင့်ကြောင်း ပြောပြပါ။

֍ထို့နောက် ညီပုလေး ဘယ်လို မေတ္တာပို့သလဲ”ဟု မေးမြန်းပြီး အောက်ဖော်ပြပါအတိုင်း မေတ္တာပို့ပုံများကို ပြောပြပါ။

မေတ္တာပို့

ဘုန်းဘုန်းလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဆရာလေးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
သားသား မီးမီးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဖေဖေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
မေမေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘိုးဘိုးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘွားဘွားလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဆရာလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဆရာမလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊
သူငယ်ချင်းတွေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။

֍ဆရာက အသံသာယာစွာဖြင့် ဦးစွာ မေတ္တာပို့ပြပါ။ ထို့နောက် ကလေးများအားလုံး လိုက်ဆိုကြပါစေ။

[သတိပြုရန် 6]

֍ကလေးတို့ရော “ဘယ်သူတွေကို မေတ္တာပို့ချင်သလဲ”ဟု မေးပြီး ဆက်လက်၍ မေတ္တာ ပို့ခိုင်းပါ။

֍ကလေးများအားလုံးကို မျက်စိမှိတ်စေပြီး ဆရာက အောက်ပါအတိုင်း ဆုတောင်းပေးပါ။

“ကလေးတို့အားလုံး ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ ကလေးတို့လည်း သူတစ်ပါးကို ကူညီတတ်သူများ ဖြစ်ကြပါစေ။ လူတိုင်းကို မေတ္တာထားနိုင်သူများ ဖြစ်ကြပါစေ

  1. ကလေး အားလုံးနီးပါးကို ဖြေခွင့်ပေးပါ။
  2. ဇာတ်လမ်းပြောချိန်တွင် အတန်းသားအားလုံးကို ဆရာအနီးတွင် ဝိုင်းထိုင်ခိုင်းပါ။
  3. ကလေးတို့၏ တို့၏ မှတ်ဉာဏ်စွမ်းအားနှင့် နားလည်မှုကို နှိုးဆွပေးရုံသာ သဘောထားရမည်။
  4. ကလေးတိုင်း သရုပ်ဆောင်နိုင်အောင် စီစဉ်ပါ။
  5. မေတ္တာရှေ့ထား ကူညီပုံကို ပေါ်လွင်အောင် ဆရာက ဆက်စပ်ရှင်းပြရန် ဖြစ်သည်။
  6. ကလေးအားလုံးကို မျက်စိမှိတ်ထားစေပြီး မေတ္တာပို့မည့်သူကို စိတ်ထဲတွင် မြင်အောင် ကြည့်ခိုင်းပြီးမှ မေတ္တာပို့ပါစေ။