မှန်မှန်ကန်ကန် ပြောဆိုပါ -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၄) မှန်မှန်ကန်ကန် ပြောဆိုပါ (ကျောင်းသားကိုင်သို့)
339275ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၄) မှန်မှန်ကန်ကန် ပြောဆိုပါ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

မှန်မှန်ကန်ကန် ပြောဆိုပါ

သင်ယူမှုဦးတည်ချက် ။ ။ ကလေးများ မှန်မှန်ကန်ကန် ပြောဆိုတတ်စေရန်၊

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သစ်ခုတ်သမားလေးဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ စကားပြောတဲ့အခါ အမှန်အတိုင်းပြောတာ ကောင်းသလား၊ လိမ် ပြောတာ ကောင်းသလား” ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1]

֍အမှန်အတိုင်းပြောခြင်းသည် ကောင်းပြီး၊ လိမ်ပြောခြင်းသည် မကောင်းကြောင်း ဖြေကြားကြပါလိမ့်မည်။ ထိုအဖြေ ထွက်မလာလျှင်လည်း ဆရာက ထိုအဖြေထွက်သည် အထိ ကလေးများကို လမ်းညွှန်သွားရမည်။

֍ထို့နောက် “သားတို့၊ သမီးတို့ပြောတာ မှန်တယ်၊ စကားပြောတဲ့အခါ အမှန်အတိုင်း ပြောရမယ်နော်၊ အခု အမှန်အတိုင်း ပြောတဲ့အတွက်ကြောင့် အကျိုးရှိသွားတဲ့ သစ်ခုတ် သမားလေး ဇာတ်လမ်းကို ပြောပြမယ်နော်”ဟု အစချီပြီး အောက်ပါ သစ်ခုတ်သမားလေး ဇာတ်လမ်းကို ဟန်အမူအရာဖြင့် ပြောပြပါ။

သစ်ခုတ်သမားလေး

တစ်ခါတုန်းက ရွာတစ်ရွာမှာ သစ်ခုတ်သမားလေး တစ်ယောက်ရှိတယ်။ တစ်နေ့မှာ သူဟာ မြစ်ကမ်းနားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေတယ်။ အဲဒီလို ခုတ်နေရင်းက သူ့ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလည်း ဘာလုပ်ရမှန်း မသိတော့တာနဲ့ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။

အဲဒီအချိန်မှာ မြစ်စောင့်နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားလေးကို “သစ်ခုတ် သမားလေး ဘာဖြစ်လို့ ငိုနေရတာလဲ”လို့ မေးတယ်။ အဲဒီအခါ သစ်ခုတ်သမားလေးက “ကျွန်တော်မျိုးရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ပါ အရှင်၊ ပုဆိန်မရှိဘဲ ကျွန်တော်မျိုး ဘယ်လို အလုပ်ဆက်လုပ်လို့ရပါ့မလဲလို့ သစ်ခုတ်သမားလေးက ပြန်ဖြေတယ်။ မြစ်စောင့်နတ်မင်း ကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက်နဲ့အတူ ပြန်ပေါ်လာတယ်။ ပြီးတော့ ရွှေပုဆိန်ကို ပြပြီး ဒါ သင့် ပုဆိန်လား”လို့ သစ်ခုတ်သမားလေးကို မေးတယ်။ မဟုတ်ပါဘူး အရှင် လို့ သစ်ခုတ်သမားလေးက အမှန်အတိုင်း ပြန်ဖြေတယ်။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန် တစ်လက်နဲ့အတူ ပြန်ပေါ်လာပြန်ပါတယ်။ ပြီးတော့ ငွေပုဆိန်ကို ပြပြီး ဒါ သင့် ပုဆိန်လားလို့ မေးပြန်တယ်။ အဲဒီအခါ သစ်ခုတ်သမားလေးက ဒါလည်း မဟုတ်ပါဘူး အရှင်လို့ အမှန်အတိုင်း ထပ် ပြောတယ်။ နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန် တစ်လက်နဲ့အတူ ပြန်ပေါ်လာပြန်တယ်။ ပြီးတော့ ဒါ သင့် ပုဆိန်လားလို့ မေးပြန်တယ်။ အဲဒီအခါမှာ ဟုတ်ပါတယ် အရှင်၊ ကျေးဇူးတင်ပါတယ်လို့ .. သစ်ခုတ်သမားလေးက ဝမ်းသာအားရနဲ့ ဖြေလိုက်ပါတယ်။

နတ်မင်းကြီးဟာ လိမ်ညာမပြောဘဲ အမှန်အတိုင်း ပြောဆိုတတ်တဲ့ သစ်ခုတ်သမား လေးရဲ့ ရိုးသားမှုကို နှစ်သက်သဘောကျသွားပြီး ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန် သုံးလက် လုံးကို ပေးလိုက်ပါတယ်။ သစ်ခုတ်သမားလေးလည်း ပုဆိန်သုံးလက်လုံးကို ယူပြီး ဝမ်းသာ အားရနဲ့ အိမ်ကို ပြန်သွားတော့တယ်။

֍ဇာတ်လမ်း ပြောပြီးသောအခါ လိုအပ်သလို အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သစ်ခုတ်သမားဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

သစ်ခုတ်သမားလေးဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောဆိုပြီး သစ်ခုတ်သမား ဇာတ်လမ်း ရုပ်ပုံများကို ပြလျက် အောက်ပါ မေးခွန်းများ မေးပါ။

-သစ်ခုတ်သမားလေးဟာ မြစ်ကမ်းနဖူးမှာ ဘာဖြစ်လို့ ထိုင်ငိုနေတာလဲ။
-မြစ်စောင့်နတ်မင်းကြီးဟာ ပထမ၊ ဒုတိယ၊ တတိယအကြိမ်တွေမှာ ဘာပုဆိန်ကို ယူလာပြပြီး မေးတာလဲ။ (ဤမေးခွန်းကို သုံးကြိမ်ခွဲပေးပါ။)
-သစ်ခုတ်သမားလေးရဲ့ ပုဆိန်က ဘာပုဆိန်လဲ။
-မြစ်စောင့်နတ်မင်းကြီးက ရွှေပုဆိန်ပေးတော့ သစ်ခုတ်သမားလေးက ဘာဖြစ်လို့ မယူတာလဲ။
-နောက်ဆုံးမှာ သစ်ခုတ်သမားလေးဟာ ပုဆိန်ဘယ်နှလက် ရသွားခဲ့လဲ။
-မြစ်စောင့်နတ်မင်းကြီးဟာ သစ်ခုတ်သမားလေးကို ပုဆိန်သုံးလက်လုံး ဘာဖြစ်လို့ ပေးလိုက်တာလဲ။
-သားတို့၊ သမီးတို့ရော ကိုယ့်ပစ္စည်းမဟုတ်ဘဲ ကိုယ့်ပစ္စည်းလားလို့ မေးလာရင် ဘယ်လိုပြန်ဖြေကြမလဲ။

֍ထို့နောက် ကလေးတစ်ဦးထံမှ ခဲတံ (သို့မဟုတ်) ပစ္စည်းတစ်ခုခု ယူလိုက်ပါ။ ပြီးလျှင် ထိုခဲတံထက် ပိုကောင်းသော အခြားခဲတံ (သို့မဟုတ်) အခြားပစ္စည်း တစ်ခုခု ကိုပြပြီး “ဒါ သား/သမီး ပစ္စည်းလား”ဟု မေးပါ။ ထိုကဲ့သို့ သုံးလေးကြိမ်ခန့် ပြပြီး ကလေးများ နားလည်သဘောပေါက်သည့် အနေအထားရောက်သည်အထိ . အမေး အဖြေ ပြုလုပ်ပါ။

֍နောက်ဆုံးတွင် မှန်မှန်ကန်ကန် ပြောဆိုသင့်ကြောင်း၊ လိမ်ညာမပြောသင့်ကြောင်း၊ မှန်မှန်ကန်ကန် ပြောမှသာ လိမ္မာသောကလေးများ ဖြစ်နိုင်ကြောင်း၊ လိမ္မာသောကလေး များကိုသာ မိဘ၊ ဆရာသမားများက ချစ်ခင်ကြောင်း ပြောကြားပြီး စာသင်ချိန်ကို အဆုံး သတ်ပါ။

စာသင်ချိန်(၃)

သင်ထောက်ကူပစ္စည်း ။ ။ ပစ္စည်းထည့်ရန် အိတ်တစ်လုံး။

သင်ယူမှုလုပ်ငန်းစဉ်

֍သစ်ခုတ်သမားလေးဇာတ်လမ်းကို အခြေခံပြီး စကားပြောရာတွင် အမှန်အတိုင်း ပြော သင့်ကြောင်း၊ လိမ်ညာပြီး မပြောသင့်ကြောင်း၊ အမှန်အတိုင်း ပြောတတ်သောကလေး ကိုသာ လူကြီးမိဘဆရာသမားများက ချစ်ခင်ကြောင်း စသည်ဖြင့် ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍“သားတို့၊ သမီးတို့နဲ့ ပျော်ပျော်ပါးပါး ကစားကြရအောင်”ဟု နိဒါန်းချီပြီး ကလေးများ အားလုံးထံမှ ခဲတံစသော ပစ္စည်းတစ်ခုစီ တောင်းပါ။

[သတိပြုရန် 2]

֍ကလေးများ၏ ပစ္စည်းများအားလုံးကို ရောထားပြီး အိတ်တစ်လုံးအတွင်းသို့ ထည့်လိုက် ပါ။

֍ထို့နောက် ကလေးတစ်ယောက်ချင်းကို အိတ်ထဲသို့ လက်နှိုက်စေပြီး ပစ္စည်းတစ်ခုခုကို ကိုင်ထားပါစေ။ “အခု ကိုင်ထားတာ ဘယ်သူ့ပစ္စည်းလဲ”ဟု မေးပြီး ခန့်မှန်းပါစေ။

֍ခန့်မှန်းသည့်အတိုင်း မှန်လျှင် ပိုင်ရှင်ကို သွားရောက်ပေးပါစေ။ ခန့်မှန်းသည့်အတိုင်း မမှန်ပါက လိုက်ရှာစေပြီး ပြန်ပေးပါစေ။

֍ဤနည်းဖြင့် ကလေးများအားလုံး ပါဝင်ကစားခွင့် ရကြပါစေ။

֍အိမ်၊ ကျောင်း၊ သူငယ်ချင်းများအကြားတွင် မှန်သောစကားကို ပြောဆိုကြမည်ရဖြစ် ကြောင်း ကတိတောင်းဆိုသည့်အနေဖြင့် အောက်ပါ စာပိုဒ်များကို ရွတ်ဆိုစေပါ။

-“ငါသည် ဖေဖေ၊ မေမေတို့ကို လိမ်ညာမပြောဘဲ မှန်မှန်ကန်ကန်သာ ပြောဆိုပါမည်”

-“ငါသည် ဆရာ၊ ဆရာမတို့ကို လိမ်ညာမပြောဘဲ မှန်မှန်ကန်ကန်သာ ပြောဆို ပါမည်”

စာသင်ချိန်(၄)

သင်ထောက်ကူပစ္စည်း ။ ။ ကျကွဲသွားတဲ့ ပန်းကန်လေးဇာတ်လမ်း၊ ဇာတ်လမ်းသရုပ်ဖော်ပုံများနှင့် မှန်တာကိုပဲပြောကြမယ် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကျကွဲသွားတဲ့ ပန်းကန်လေးအကြောင်းကို ရုပ်ပုံများပြ၍ ဟန်အမူအရာဖြင့် စိတ်ဝင် စားဖွယ် ဖြစ်အောင် ပြောပြပါ။

ကျကွဲသွားတဲ့ ပန်းကန်လေး

တစ်ခါက မိသားစုလေးတစ်စုမှာ မီမီ၊ ဇင်ဇင်၊ သော်သော်ဆိုတဲ့ ညီအစ်မ သုံးယောက် ရှိတယ်။ ချစ်စရာကောင်းပြီး အလွန်လှတဲ့ ဆင်တူ အရောင်တူ ကြွေပန်းကန် သုံးချပ်ကို သမီးသုံးယောက်အတွက် သူတို့မေမေက ဝယ်ပေးထားတယ်။ ဒီကြွေပန်းကန်သုံးချပ်ကို ညီအစ်မသုံးယောက်လုံး ကြိုက်နှစ်သက်ကြတယ်။

တစ်နေ့ သော်သော်လေး အိမ်မှာ တစ်ယောက်တည်းရှိနေတုန်း ထမင်းစားပြီး ပန်းကန်ဆေးရင်း သော်သော်ရဲ့ ပန်းကန်လေးက လက်ကချော်ပြီး ကျကွဲသွားတယ်။ သော်သော်က သူအလွန်နှစ်သက်တဲ့ ပန်းကန်လေးကျကွဲသွားတော့ ဝမ်းနည်းသွားတယ်။ မေမေ ဆူမှာကိုလည်း .. ကြောက်နေတယ်။..အဲဒီအချိန်မှာပဲ သော်သော်လေးဟာ ပန်းကန်စင်ပေါ်က သူ့အစ်မနှစ်ယောက်ရဲ့ ဆင်တူပန်းကန်နှစ်ချပ်ကို ကြည့်ပြီး ဘယ်လို လုပ်ရမလဲဆိုတာ အကြံထုတ်နေခဲ့တယ်။ သော်သော်လေး အကြံထုတ်နေတုန်းမှာပဲ မေမေ ရောက်လာတော့ ပန်းကန်ကွဲလေးကို ကြည့်ပြီး “ဒီကွဲသွားတဲ့ ပန်းကန်လေးက ဘယ်သူ့ ပန်းကန်လဲ”လို့ မေးလိုက်ပါတယ်။

֍အထက်ပါဇာတ်လမ်းကို ပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-သော်သော်က သူ့မေမေကို ဘယ်လို ပြန်ဖြေမယ် ထင်သလဲ။
-သားတို့၊ သမီးတို့ရော သော်သော်နေရာမှာဆိုရင် မေမေ မေးတာကို ဘယ်လို ပြန်ဖြေမလဲ။
-အမှန်အတိုင်း ဖြေမလား၊ လိမ်ညာပြီး ဖြေမလား။

֍ထို့နောက် အောက်ပါ သီချင်းကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ကလေးများ မှတ်မိသည်အထိ ရွတ်ဆိုပြပါ။

မှန်တာကိုပဲ ပြောကြမယ်

လိမ်တယ်ညာတယ် ဆိုတာရယ်
မကောင်းပါဘူးကွယ်။
ဘုရားရှင်လည်း မကြိုက်
မိဘဆရာလည်း မကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (မကြိုက်)၃ ။
မှန်မှန်ကန်ကန် ပြောတာရယ်
အလွန်ကောင်းတာပေါ့ကွယ်။
ဘုရားရှင်လည်း ကြိုက်
မိဘဆရာလည်း ကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (ကြိုက်)၃။

֍ကလေးများကို ငြိမ်သက်စွာ ထိုင်နေစေပြီး “သားတို့၊ သမီးတို့ဟာ မှန်မှန်ကန်ကန် ပြောဆိုတတ်တဲ့ လူလိမ္မာလေးများ ဖြစ်ကြပါစေ”ဟု ဆုမွန်ကောင်းတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများအား ကိုယ်ပိုင်ဉာဏ်ရည်ဖြင့် တွေးတောပြောဆိုဖို့ အခွင့်အလမ်းပေးပါ။
  2. ကလေးများ၏ ခဲတံ စသောပစ္စည်းများကို မရောထွေးစေရန် ဆရာက အထူးဂရုစိုက် မှတ်သားထားရမည်။