ရိုရိုသေသေ လှူဒါန်းမယ် -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၃) ရိုရိုသေသေ လှူဒါန်းမယ် (ကျောင်းသားကိုင်သို့)
339274ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၃) ရိုရိုသေသေ လှူဒါန်းမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

ရိုရိုသေသေ လှူဒါန်းမယ်

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားရှင်နှင့် သံဃာတော်များကိုရိုသေစွာ လှူဒါန်းတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင် ကိုရင် ကဗျာနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက သရုပ်ဖော်ပုံများကိုပြ၍ “ကိုရင် ကိုရင်”ကဗျာပါ အကြောင်းအရာကို ဇာတ်လမ်းသဖွယ် ပြောပြပါ။

[သတိပြုရန် 1]

“ကိုရင် ကိုရင်”ကဗျာကို ဦးဆောင်ရွတ်ပြပြီး လိုက်ဆိုပါစေ။

ကိုရင် ကိုရင်

ကိုရင် ကိုရင် ပြုံးရွှင်ရွှင်၊
မြို့ထဲ ဆွမ်းခံဝင်။
ကိုရင် မြင်လို့ လှူမယ်တွေး၊
မလေးဆွမ်းက မနပ်သေး။
ကိုရင်လေးဘုရား ခဏတာ၊
ရပ်တော်မူလိုက်ပါ။
လွယ်အိတ်ထဲပါ သကြားလုံး၊
လှူဖွယ်အဖြစ် ယူကာသုံး။
တစ်လုံး နှစ်လုံး သုံးလေးလုံး၊
မလေး ရေတွက်တုန်း။
ကိုရင်လေးက တပြုံးပြုံး၊
ပျော်လို့ မော်လို့ မဆုံး။

֍ကလေးများကို အောက်ပါမေးခွန်းများ မေးပါ။

-မလေးက ကိုရင်လေးကို ဘာလှူလိုက်သလဲ။

-လှူချင်တဲ့အခါမှာ မလေးက ကိုရင်လေးကို ဘယ်လိုပြောသလဲ။

-သကြားလုံးလှူတော့ ကိုရင်လေးက ဘာလို့ပြုံးတာလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင် ကိုရင် ကဗျာ သရုပ်ဖော်ပုံနှင့် သကြားလုံး။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဘုန်းဘုန်းတွေ၊ ကိုရင်လေးတွေကိုလှူရင် ဘယ်လိုလှူရသလဲ၊ သိကြသလား”ဟု မေးပါ။ ထို့နောက် “မလေး ဘယ်လိုလှူသလဲ ကြည့်ရအောင်”ဟု ပြောပြီး ကဗျာ သရုပ်ဖော်ပုံများကို သေချာစွာ လေ့လာပါစေ။ လေ့လာပြီးလျှင် ကလေးများ မြင်သမျှ ပြောကြပါစေ။

[သတိပြုရန် 2][သတိပြုရန် 3]

ဥပမာ - ဖိနပ်ချွတ်ထားပုံ၊ လက်နှစ်ဖက်နှင့် လောင်းလှူပုံ၊ တဘက်ကလေးကို ပခုံးပေါ် တင်ထားပုံ၊ ကိုယ်ကို ကိုင်းညွတ်၍ လှူနေပုံ။ ֍လောင်းလှူပြီးလျှင် ဦးချရမည်ဖြစ်ပြီး သံဃာတော်များကို လှူဒါန်းရာတွင် နည်းများမဆို စေတနာထားပြီး လှူရမည်။ နည်းနည်းလှူသော်လည်း စိတ်ကကြည်ညိုပြီး ရိုရိုသေသေ လှူဒါန်းလျှင် ကုသိုလ်များများရကြောင်း ဆရာက ဖြည့်စွက်ပြောပြပါ။ ֍ထို့နောက် “ပျော်ပျော်ရွှင်ရွှင် လှူဒါန်းကြရအောင်”ဟု အစချီပြီး အောက်ပါ ကစားနည်း ကို ကစားကြပါစေ။

֍“(လှူမယ်ကွယ်)၂ ငါတို့အားလုံး လှူကြမယ်” “(လှူမယ်ကွယ်)၂ ပျော်ပျော်ရွှင်ရွှင် လှူကြမယ်” ဟူသော စာသားများကို စုပေါင်း သီဆိုတတ်အောင် ဆိုပြပါ။

֍ကလေးများကို စက်ဝိုင်းပုံနေစေပြီး ကလေးတစ်ဦး၏ လက်ထဲတွင် သကြားလုံးတစ်လုံးကို ထည့်ထားပေးပါ။ ဆရာက စက်ဝိုင်းအပြင်ဘက်တွင် နေရာယူပါ။

֍“(လှူမယ်ကွယ်)၂ ငါတို့အားလုံး လှူကြမယ်” “(လှူမယ်ကွယ်)၂ ပျော်ပျော်ရွှင်ရွှင် လှူကြမယ်” ဟူသော စာသားကို စုပေါင်းသီဆိုရင်း သကြားလုံးကို ခပ်မြန်မြန် လက်ဆင့်ကမ်း ပေးသွားပါစေ။

֍သကြားလုံး ပြုတ်ကျသွားသော ကလေးကို စက်ဝိုင်းအလယ်တွင် သွားရပ်နေပါစေ။ အချိန်အပေါ် မူတည်ပြီး ထိုနည်းအတိုင်း ဆက်လက် ကစားပါ။

֍သကြားလုံး ပြုတ်ကျသဖြင့် စက်ဝိုင်းအလယ်တွင် ရောက်နေသော ကလေးများကို ကိုရင် ကိုရင်ကဗျာကို စုပေါင်းသီဆိုကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ နှမ်းနတ်သမီးလေးဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အောက်ပါဇာတ်လမ်းကို ပြောပြပါ။

နှမ်းနတ်သမီးလေး

ဟိုးရှေးရှေးတုန်းက အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ တစ်နေ့မှာ ဆီကြိတ်ဖို့အတွက် နှမ်းတွေကို လှမ်းထားတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်ဟာ အမျိုးသမီးလေးရဲ့အိမ်ရှေ့ကို ဆွမ်းခံကြွလာခဲ့တယ်။ အမျိုးသမီးလေးဟာ မြတ်စွာဘုရား ရှင်ကို ဖူးတွေ့လိုက်ရတော့ အလွန်ကြည်ညိုပြီး ဝမ်းသာသွားခဲ့တယ်။ မြတ်စွာဘုရားရှင်ကို လည်း တစ်ခုခုလှူချင်စိတ်ဖြစ်လာခဲ့လို့ လှူစရာလိုက်ရှာခဲ့တယ်။ ဒါပေမဲ့ လှူစရာက လည်း ဘာမှမတွေ့ ဘူး ဖြစ်နေတယ်။ ဒါနဲ့ အိမ်ရှေ့မှာ သူ နေလှမ်းထားတဲ့ နှမ်းတွေကို သတိရသွားတယ်။

ဒါကြောင့် လက်ကိုစင်ကြယ်အောင် အရင်ဆေးတယ်။ ပြီးတော့ လှမ်းထားတဲ့ နှမ်း ပုံထဲကနေ လက်နှစ်ဖက်နဲ့ လက်ခုပ်အပြည့် နှမ်းတွေကို ခပ်ယူပြီး မြတ်စွာဘုရားရဲ့ သပိတ်တော်ထဲကို ရိုရိုသေသေ လောင်းလှူလိုက်တယ်။ ပြီးတော့ သေချာထိုင်ပြီး ရိုသေ စွာ ရှိခိုးဦးချပါတယ်။ မြတ်စွာဘုရားရှင်က “ချမ်းသာပါစေ”လို့ ဆုပေးပြီး ဆက်ကြွသွားခဲ့တယ်။

အဲဒီလို နှမ်းတစ်ဆုပ် လှူဒါန်းခဲ့တဲ့ ကုသိုလ်ကြောင့် အမျိုးသမီးလေးဟာ နောက် ဘဝမှာ တာဝတိံသာနတ်ပြည်ကို ရောက်သွားပြီး အင်မတန်ကြီးကျယ်ခမ်းနားတဲ့ ရွှေဗိမာန် ကြီးနဲ့ နေရတဲ့ “နှမ်းနတ်သမီးလေး” ဖြစ်သွားခဲ့ပါတယ်။

မှီငြမ်း ။ ။ တိလဒက္ခိဏဝတ္ထု၊ ဝိမာန၊ ဋ္ဌ၊ ၄၇။

֍ထို့နောက် ကလေးများအား အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် 4]

-အမျိုးသမီးလေးဟာ ဘာဖြစ်လို့ ရွှေဗိမာန်ကြီးနဲ့ နေရတဲ့ နတ်သမီးလေး ဖြစ်သွားတာလဲ။ (၎င်းကို ပြည့်စုံစွာ ဖြေဆိုနိုင်ရန်အတွက် အောက်ပါ မေးခွန်းများဖြင့်လည်း ပေါ်လွင်အောင် မေးမြန်းနိုင်သည်။)
ဥပမာ - အမျိုးသမီးလေး ဘာကို လှူခဲ့သလဲ။
ဘယ်လို လှူခဲ့သလဲ။
မလှူခင် ဘာလုပ်သေးလဲ။
ဘယ်လိုစိတ်မျိုးနဲ့ လှူခဲ့သလဲ။

֍မည်သည့် လှူဖွယ်ပစ္စည်းကိုပင်ဖြစ်စေ ရွှင်လန်းဝမ်းမြောက်သောစိတ်ဖြင့် သန့်ရှင်း စင်ကြယ်စွာ၊ ရိုသေစွာ လောင်းလှူရမည် ဖြစ်ကြောင်း အနှစ်ချုပ်ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ သပိတ် (သို့မဟုတ်) သင့်တော်သည့် ရေဖလားကြီးတစ်လုံး။

သင်ယူမှုလုပ်ငန်းစဉ်

֍သပိတ် (သို့မဟုတ်) ရေဖလားကြီးတစ်လုံးကို အတန်းရှေ့ စားပွဲပေါ်တွင် တင်ထားပါ။

֍ထို့နောက် “သံဃာတော်တွေ၊ ကိုရင်လေးတွေကိုတွေ့ ရင် ကလေးတို့ ဘာတွေ လှူချင် သလဲ”ဟု မေးပါ။

֍သစ်သီးများ၊ ပန်းများ၊ စာရေးကိရိယာများ၊ သပိတ်၊ ထီး၊ ဖိနပ် စသည်ဖြင့် အမျိုးမျိုး ဖြေကြပါလိမ့်မည်။ တစ်ဦးစီ ဖြေကြပါစေ။

֍ထို့နောက် ကလေးများ လောင်းလှူချင်သည့်အရာများကို ပုံဆွဲကြပါစေ။

֍ပုံဆွဲပြီးလျှင် အတန်းရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသောသပိတ်ထဲသို့ ကလေးများ ကိုယ်တိုင် ဆွဲထားသောပုံများကို လောင်းလှူသည့်ပုံ သရုပ်ဆောင်ပြီး ထည့်ပါစေ။ ဥပမာ - ပန်းလှူချင်သည့်ကလေးက ပန်းပုံများဆွဲပြီး သပိတ်ထဲသို့ လောင်းလှူရမည် ဖြစ်သည်။ သပိတ်ထဲသို့ လောင်းလှူရာတွင် ရိုရိုသေသေ လောင်းလှူရမည်ဖြစ်ကြောင်း ဆရာက ပြောပြပါ။ ကလေးများ ဆွဲလာသော ပုံများကို ချီးကျူးပေးပါ။

֍ဘုရားရှင်အား ဆွမ်းတော်၊ ရေတော် ကပ်လှူလျှင်ဖြစ်စေ၊ သံဃာတော်များအား လောင်းလှူလျှင်ဖြစ်စေ အထက်ပါအတိုင်း ရိုသေစွာ လောင်းလှူရမည်ဖြစ်ကြောင်း ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကိုရင်လေးများ ညစာမစားရကြောင်းနှင့် သကြားလုံး စား၍ ရကြောင်းကို ကလေးများ သိသွားစေရပါမည်။
  2. ရုပ်ပုံကိုကြည့်ရန် အချိန်လုံလောက်စွာ ပေးပါ။
  3. ကလေးများ သိရှိသွားစေ လိုသော အချက်များကို (လိုအပ်ပါက) ဆရာက မေးခွန်းများဖြင့် ဦးဆောင် မေးပေးပါ။
  4. ကလေးတိုင်း များများဖြေနိုင်အောင် ဆရာက တိုက်တွန်းပေးပါ။