အလှူရှင်လေးများ -ဆရာ

339273ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၂) အလှူရှင်လေးများ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

အလှူရှင်လေးများ

သင်ယူမှုဦးတည်ချက် ။ ။ ပေးလှူတတ်သည့်အကျင့်ဖြစ်ပေါ်လာစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ရဟန်းတော်များအား လှူဒါန်းနေသောကလေးများပုံ၊ ဆင်းရဲသားများအား လှူဒါန်းနေသော ကလေးများပုံ၊ တိရစ္ဆာန်လေးများအား အစာကျွေးနေသော ကလေးများပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကိုပြပြီး “သားတို့၊ သမီးတို့ ဘုန်းဘုန်းတွေကို ဆွမ်းလှူဖူးသလား”၊ “ဆွမ်း လှူတာ တွေ့ဖူးလား”၊ “ဘယ်မှာတွေ့ ဖူးသလဲ”စသည့် မေးခွန်းများမေးပြီး နိဒါန်း ပျိုးပါ။

֍ထို့နောက် ကလေးများကို (၅) ယောက်ခန့်စီ ပါဝင်သော အုပ်စုများ ဖွဲ့ပေးပါ။

֍အုပ်စုအသီးသီးကို ရုပ်ပုံများ တစ်ခုစီ ပေးပါ။

֍ရုပ်ပုံတွင် ပါဝင်သော သရုပ်ဖော်ပုံများကို “ဒါက ဘယ်သူတွေလဲ၊ ဘာလုပ်နေကြ တာလဲ” စသည်ဖြင့် မေးမြန်းပါ။

֍အုပ်စုတစ်စုချင်း အတန်းရှေ့ထွက်စေပြီး ရုပ်ပုံတွင် ဖော်ပြထားသည့်အတိုင်း သဏ္ဌာန်တူ သရုပ်ဆောင်ကြပါစေ။ ပြီးလျှင် ကလေးများအပေါ် မူတည်၍ အုပ်စု တစ်စုစီမှ ကလေးတစ်ယောက်ကို ရုပ်ပုံထဲတွင် ပြုလုပ်နေပုံများကို အတန်းသား အားလုံးကြားအောင် ပြောပြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ရေအလှူရှင်ရသေ့လေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ “ရေအလှူရှင် ရသေ့လေး” ဇာတ်လမ်းကို ရုပ်ပုံ (ရသေ့လေး တိရစ္ဆာန် လေးများကို ရေခပ်ပေးနေပုံ) ပြလျက် ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဟန် အမူအရာဖြင့် ပြောပြပါ။

ရေအလှူရှင်ရသေ့လေး

ဟိုးရှေးရှေးတုန်းက တောနက်ကြီးတစ်ခုထဲမှာ ရသေ့ငါးရာစုပေါင်းပြီး တရား အားထုတ်နေထိုင်ကြတယ်။ အဲဒီလိုနေထိုင်ခဲ့ကြရာ နွေရာသီကာလတစ်ခုမှာတော့ အပူ လှိုင်းကျရောက်ပြီး အပူဒဏ်ကို အကြီးအကျယ် ခံစားကြရပါတယ်။ အထူးသဖြင့် အဲဒီ တောအုပ်မှာနေတဲ့ တိရစ္ဆာန်တွေဟာ အပူလှိုင်းရဲ့ ဒဏ်ကို အလူးအလဲခံစားကြရတယ်။ တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်း တက်လာတဲ့အပူချိန်နဲ့အတူ စမ်းချောင်းတွေ၊ ရေအိုင် တွေလည်း ခန်းခြောက်သွားခဲ့ပါတယ်။ တိရစ္ဆာန်တွေအတွက် အဆိုးဆုံးက သောက်စရာ ရေတောင် မရှိတော့တာပါပဲ။ တချို့ အင်အားနည်းတဲ့ ငှက်ကလေးတွေ၊ ရှဉ့်ကလေးတွေ လို အကောင်လေးတွေဟာ အားအင်တွေကုန်ခန်းပြီး တဖြည်းဖြည်းနဲ့ ပိန်လာကြပါတယ်။

ရသေ့ငါးရာထဲက တိရစ္ဆာန်လေးတွေကို အလွန်ချစ်ခင်တတ်တဲ့ ရသေ့လေး တစ်ပါးက သစ်တုံးတစ်တုံးကို ရေထည့်လို့ရအောင် ထွင်းလုပ်တယ်။ ရသေ့လေးဟာ ထွင်းထားတဲ့ သစ်သားစားကျင်းခွက်ထဲမှာ နေ့စဉ် ရေတွေဖြည့်ပေးပြီး တိရစ္ဆာန်လေးတွေ ကို သောက်ရေလှူဒါန်းခဲ့ပါတယ်။ နေပူကျဲကျဲကြီးထဲမှာ ချွေးတလုံးလုံးနဲ့ ရေခပ်ထည့်ပေး နေတဲ့ ရသေ့လေးကို တိရစ္ဆာန်လေးတွေကလည်း ကြာလာတော့ ခင်မင်လာကြတယ်။ ရသေ့လေးခပ်ပေးတဲ့ရေကို သောက်ခွင့်ရကြတဲ့အတွက် တိရစ္ဆာန်လေးတွေလည်း အဆင် ပြေသွားကြတယ်။ တစ်နေ့ထက်တစ်နေ့ ရေလာသောက်တဲ့ တိရစ္ဆာန်လေးတွေလည်း တဖြည်းဖြည်း များများလာတယ်။

အဲဒီလိုများများလာတဲ့အတွက် ရသေ့လေးလည်း ရေခပ်ထည့်လှူနေရတာနဲ့ အချိန်တွေကုန်ပြီး သူ့အတွက် တောထဲကို သစ်သီးရှာ မထွက်နိုင်တော့ဘူးပေါ့။ တိရစ္ဆာန် လေးတွေအတွက် သောက်ရေအခက်အခဲ . အဆင်ပြေသွားပေမဲ့ ရသေ့လေးအတွက် စားစရာ ခက်ခဲလာခဲ့တယ်။

ရသေ့လေးရဲ့ အခြေအနေကို သိကြတဲ့ တိရစ္ဆာန်လေးတွေကလည်း ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ တောထဲက အကောင်းဆုံး သစ်သီးတွေကို နိုင်သလောက် ကိုက်ချီ သယ်ဆောင်လာကြပြီး ရသေ့လေးကို ပြန်လည်လှူဒါန်းကြတယ်။ တိရစ္ဆာန်လေးတွေ ကိုက်ချီလှူဒါန်းတဲ့ သစ်သီးတွေဟာ များလွန်းတော့ ရသေ့ငါးရာလုံး သုံးဆောင်လို့ မကုန် နိုင်အောင်ဖြစ်သွားခဲ့တယ်။ ရေအလှူရှင် ရသေ့လေးကို အကြောင်းပြုပြီး ရသေ့အားလုံး လည်း တောထဲကို သစ်သီးရှာ ထွက်စရာမလိုအောင် ဖြစ်ခဲ့ပါတယ်။ ရသေ့လေးရဲ့ ကျေးဇူးကြောင့် တိရစ္ဆာန်လေးတွေလည်း ပူပြင်းတဲ့ ရာသီဥတုကြီးကို မပင်ပန်းဘဲနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပါတယ်။

မှီငြမ်း ။ ။ အမ္ဗဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ။ ၄၇၈။ ဇာ၊ ဋ္ဌ၊ ၁။ ၄၇၅။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-တောထဲမှာ တိရစ္ဆာန်လေးတွေ ဘာဖြစ်နေကြသလဲ။
-တိရစ္ဆာန်လေးတွေကို ဘယ်သူက ကယ်တင်လိုက်သလဲ။
-ဘယ်လို ကယ်တင်လိုက်တာလဲ။
-တိရစ္ဆာန်လေးတွေက ရသေ့လေးကို ဘယ်လို ကျေးဇူးဆပ်ကြသလဲ။
-ဇာတ်လမ်းထဲကလို အစာငတ်နေတဲ့ ပိန်နေတဲ့ တိရစ္ဆာန်လေးတွေကို တွေ့ဖူးသလား။
-အဲဒီလို တိရစ္ဆာန်လေးတွေကို တွေ့ တော့ ဘာလုပ်ပေးခဲ့သလဲ။ (ပြောချင်သည့် ကလေးများအားလုံး ပြောကြပါစေ။)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဆေးရောင်ခြယ်ရန် ရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများ ဆွမ်းလှူနေပုံနှင့် တိရစ္ဆာန်များအား အစာကျွေးနေပုံ ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။

֍ဆေးရောင်ခြယ်ပြီးလျှင် သူငယ်ချင်း အချင်းချင်း လိုက်လံပြသကြပါစေ။

֍“ဘာပုံလဲ၊ ဘာလုပ်နေတာလဲ” စသည်ဖြင့် ဆရာနှင့် ကလေးများ၊ ကလေးများ အချင်းချင်း အပြန်အလှန် မေးမြန်းပြောဆိုကြပါစေ။

֍ထို့နောက် ကလေးများ ဆေးခြယ်ထားသော ရုပ်ပုံများကို လှပကြောင်း၊ တော် ကြောင်း ချီးကျူးပြောကြားပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ကလေးများနှင့် အောက်ပါမေးခွန်းများ မေးမြန်းပြီး စတင်ပါ။

-တိရစ္ဆာန်လေးတွေကို ချစ်သလား။
-ဘယ်တိရစ္ဆာန်ကို အချစ်ဆုံးလဲ။
-တိရစ္ဆာန်လေးတွေကို အစာကျွေးဖူးလား။
-ဘယ်တိရစ္ဆာန်လေးတွေကို အစာကျွေးဖူးလဲ။

֍ထို့နောက် ဆရာက ကလေးများကို “သားတို့၊ သမီးတို့ ဘယ်လို တိရစ္ဆာန်လေးတွေ ကို ပိုချစ်သလဲ၊ ဆရာ့ကို ပြောပြပါဦး” ဟု မေးပြီး အုပ်စုများ ခွဲထားပါ။

ဥပမာ။ ။ “ခွေး”ဟုပြောဆိုသော ကလေးများကို တစ်အုပ်စု၊ “ကြောင်”ဟု ပြောဆိုသော ကလေးများကို တစ်အုပ်စု၊ “ယုန်”ဟု ပြောဆိုသော ကလေးများကို တစ်အုပ်စု စသည်ဖြင့် အုပ်စုဖွဲ့ ထားပေးရန် ဖြစ်သည်။

֍ဆရာက အုပ်စုများ ခွဲထားပြီးသောအခါ အုပ်စုတစ်ခုချင်းစီက ကလေးများအား မိမိတို့ကျွေးချင်သော အစာအမည်များကို အုပ်စုလိုက် ဆွေးနွေးတိုင်ပင်ကြပါစေ။ (ဥပမာ - ခွေးကလေးအား ကျွေးချင်သော အစာ ၃ မျိုး သို့မဟုတ် ၅ မျိုး စဉ်းစားပေးကြရ မည်။) ကျန်သော ငါး၊ ကြောင်၊ ယုန် စသည် တိရစ္ဆာန်ကလေးများ မွေးချင်သော အုပ်စုများကိုလည်း အထက်ပါအတိုင်း ဆွေးနွေးကြပါစေ။

֍တစ်ဖွဲ့ချင်းစီ၏ ကိုယ်စားလှယ်တစ်ဦးစီက မိမိတို့အဖွဲ့ ဆွေးနွေးထားသော ကျွေးချင် သည့်အစာများကို တစ်တန်းလုံးအား ပြန်လည်ပြောပြကြပါစေ။