လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု -၃

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပကိဏ္ဏကဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၄။ လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု
325185ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပကိဏ္ဏကဝဂ် — ၄။ လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၄။ လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထု

မာတရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တဏှာမာနဟူသော မိဘသတ်မှ ချမ်းသာခြင်း

တစ်နေ့သ၌ များစွာကုန်သော ဧည့်သည်အာဂန္တုက ရဟန်းတို့သည် နေ့သန့်ရာအရပ်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏၊ ထိုခဏ၌ လကုဏ္ဍက ဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရား၏ မနီးမဝေးသောအရပ်မှလွန်၍ ကြွသွားတော်မူလေ၏၊ မြတ်စွာဘုရားသည် ထိုအာဂန္တုကရဟန်းတို့၏ စိတ်ဖြစ်ပုံကို သိတော်မူသဖြင့် ကြည့်ရှုတော်မူလျက် “ချစ်သားရဟန်းတို့- ရှုကြကုန်လော့၊ ဤရဟန်းသည် အမိအဖတို့ကို သတ်ပြီးလျှင် ဆင်းရဲခြင်း မရှိသည်ဖြစ်၍ သွားဘိ၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ထိုအာဂန္တုကရဟန်းတို့သည် “အဘယ်ကို မြတ်စွာဘုရားသည် မိန့်ဆိုတော်မူပါကြသနည်း”ဟု အချင်းချင်း မျက်နှာတို့ကို ကြည့်ရှုလျက် သံသယသို့ ပြေးဝင်ကြကုန်သည်ဖြစ်ရကား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ့်ကြောင့် ဤစကားကို မိန့်တော်မူကြပါသနည်းဘုရား”ဟု နားတော်လျှောက်သောကြောင့် ထိုရဟန်းတို့အား တရားဟောတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာကို ဟောကြားတော်မူလေ၏။

ပထမ ဒေသနာတော်

[၂၉၄] မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေစ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏာ။

မာတရံ၊ အမိကိုလည်းကောင်း။ ပိတရံ၊ အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ခတ္တိယေ၊ ခတ္တိယဇာတ် မင်းမျိုးမြတ်ဖြစ်ကုန်သော။ ဒွေ စ ရာဇာနော၊ ပြည့်ရှင်မင်းကြီး နှစ်ဦးတို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။ သာနုစရံ၊ သူလျှိုယောက်ျားနှင့် တကွဖြစ်သော။ ဝါ၊ အခွန်သိမ်းတတ်သော အမတ်ကြီးနှင့် တကွဖြစ်သော။ ရဋ္ဌံ၊ တိုင်းပြည်ကြီးကိုလည်း။ ဟန္တွာ၊ ဖျက်ဆီး၍။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အနီဃော၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ ယာတိ၊ သွား၏။

(ဤကား ဖွင့်၍ဆိုအပ်သော အလိုမရှိအပ်သော အနက်။)

မာတရံ၊ တဏှာဟူသော အမိကိုလည်းကောင်း။ ပိတရံ၊ မာနဟူသော အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။

(တဏှာ ဇနေတိ ပုရိသံ-ဟု ဟောတော်မူသည်ဖြစ်၍ ဘဝသုံးပါးတို့၌ သတ္တဝါတို့ကို ဖြစ်စေတတ်သောကြောင့် တဏှာသည် အမိမည်၏၊ “ငါကား ဤမည်သော မင်းကြီး၏သား ဖြစ်သည်၊ ဤမည်သော မင်းအမတ်ကြီး၏သားဖြစ်သည်”ဟု အဖကိုအားကိုး၍ မာန်မာန တက်သောကြောင့် မာနသည် အဖမည်၏၊ ထိုတဏှာနှင့် မာနကို ပယ်သည်ဟူလို။)

ခတ္တိယေ၊ မင်းမျိုးဟု ဆိုအပ်ကုန်သော။ ဒွေ စ ရာဇနော၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဟူသော ပြည့်ရှင်မင်းကြီး နှစ်ဦးတို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။

(လူအပေါင်းသည် ပြည့်ရှင်မင်းကြီးထံသို့ ဆည်းကပ်သက်ဝင်ရသကဲ့သို့ အလုံးစုံသော ဒိဋ္ဌိတရားတို့သည်လည်း သဿတ, ဥစ္ဆေဒဟူသော ဒိဋ္ဌိကြီးနှစ်ပါးတို့ထံသို့သာ ဆည်းကပ်သက်ဝင်ကြရကုန်၏။ ထို့ကြောင့် သဿတ, ဥစ္ဆေဒ ဒိဋ္ဌိကြီးနှစ်ပါးတို့သည် ပြည့်ရှင်မင်းနှစ်ဦးတို့ မည်ကုန်၏၊ ထိုဒိဋ္ဌိကြီးနှစ်ပါးကိုလည်း ပယ်သည်ဟူလို။)

သာနုစရံ၊ နန္ဒီရာဂဟူသော အခွန်သိမ်းအမတ်နှင့် တကွ ဖြစ်သော။ ရဋ္ဌဉ္စ၊ အာယတန တစ်ဆယ့်နှစ်ပါး တည်းဟူသော တိုင်းပြည်ကြီးကိုလည်း။ ဟန္တွာ၊ ဖျက်ဆီး၍။

(တစ်ဆယ့်နှစ်ပါးသော အာယတနတို့သည် ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောကြောင့် တိုင်းပြည်ကြီးနှင့် တူ၏၊ ထိုအာယတနလျှင် မှီရာရှိသော နှစ်သက်,စုံမက်တတ်သော နန္ဒီရာဂ တဏှာသည် အခွန်သိမ်း အမတ်ကြီးမည်၏၊ ထိုနန္ဒီရာဂနှင့် တကွသော အာယတန တစ်ဆယ့်နှစ်ပါးကိုလည်း ပယ်သည်ဟူလို။)

ဗြာဟ္မဏော၊ မကောင်းမှုမှ အပပြုပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အနီဃော၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ ယာတိ၊ ဖြစ်၏။ ဝါ၊ နိဗ္ဗာန်သို့ သွား၏။

(ထိုတဏှာ,မာန,ဒိဋ္ဌိ အာယတန, နန္ဒီရာဂတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ဖျက်ဆီးပြီးသည့် အဖြစ်ကြောင့် ကုန်ပြီးသော အာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်မြတ်သည် ဝဋ်ဆင်းရဲမရှိသည်ဖြစ်၍ သွား၏ဟူလို)
(ဤကား စိတ်တော်၌ထားသော အလိုရှိအပ်သော အနက်)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုအာဂန္တုကရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

(ဒုတိယဂါထာ၌လည်း ရှေးနှင့် တူသည်သာလျှင်တည်း။)

ထိုအခါ၌လည်း မြတ်စွာဘုရားသည် လကုဏ္ဍက ဘဒ္ဒိယမထေရ်ကိုသာလျှင် ဟောကြားတော်မူလေ၏၊ အာဂန္တုကရဟန်းတို့အား တရားတော်ကို ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာကို မိန့်ကြားတော်မူလေ၏။

ဒုတိယ ဒေသနာတော်

[၂၉၅] မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေစ သောတ္ထိယေ။
ဝေယျဂ္ဃပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏာ။

မာတရံ၊ အမိကိုလည်းကောင်။ ပိတရံ၊ အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ရာဇာနော၊ မင်းဖြစ်ကုန်သော။ ဒွေ စ သောတ္ထိယေ၊ နှစ်ယောက်သော ပုဏ္ဏားတို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ဝေယျဂ္ဃပဉ္စမံ၊ ကျားရဲသွားရာ လမ်းခရီးလျှင် ငါးခုမြောက်ရှိသော လမ်းခရီးကို။ ဟန္တွာ၊ ဖျက်ဆီး၍။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ယာတိ၊ သွား၏။

(ဤကား ဖွင့်၍ဆိုအပ်သော အလိုမရှိအပ်သော အနက်။)

မာတရံ၊ တဏှာဟူသော အမိကိုလည်းကောင်း။ ပိတရံ၊ မာနဟူသော အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ရာဇာနော၊ မင်းဖြစ်ကုန်သော။ ဒွေစ သောတ္ထိယေ၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဟူသော ပုဏ္ဏားနှစ်ယောက်တို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။

(ဤဂါထာ၌ မြတ်စွာဘုရားသည် တရားအားဖြင့် အစိုးရတော်မူသော ဓမ္မိဿရ ဖြစ်သောကြောင့်လည်းကောင်း၊ ဒေသနာအစီအရင်၌ ကျွမ်းကျင်လိမ္မာတော်မူသောကြောင့် လည်းကောင်း သဿတ, ဥစ္ဆေဒ ဒိဌိကြီးတို့ကို နှစ်ဦးသော ပုဏ္ဏားမင်းတို့ကိုပြု၍ ဟောတော်မူသည်ဟူလို။)

ဝေယျဂ္ဃပဉ္စမံ၊ ကျားရဲသွားရာ လမ်းခရီးနှင့်တူသော ဝိစိကိစ္ဆာလျှင် ငါးခုမြောက်ရှိသော နီဝရဏငါးပါး အပေါင်းကို။ ဟန္တွာ၊ အကြွင်းမဲ့ ဖျက်ဆီး၍။

(ကျားရဲ လှည့်လည်ရာဖြစ်၍ ဘေးရန်ရှိသဖြင့် သွားရန် ခဲယဉ်းသော လမ်းခရီးသည် “ဝေယျဂ္ဃ”ပင် မည်၏၊ ထိုဝိစိကိစ္ဆာနီဝရဏသည်လည်း ၎င်းနှင့်တူသောကြောင့် “ဝေယျဂ္ဃ”ပင် မည်၏၊ ထိုဝိစိကိစ္ဆာလျှင် ငါးခုမြောက်ရှိသော နီဝရဏတရားအပေါင်းသည် “ဝေယျဂ္ဃပဉ္စမ” မည်၏။ နီဝရဏတရားငါးပါးဟူလို၊ ထိုဝေယျဂ္ဃပဉ္စမမည်သော နီဝရဏတရား ငါးပါးအပေါင်းကို အရဟတ္တမဂ်ဉာဏ် သန်လျက်ဖြင့် အကြွင်းမဲ့ပြုသည်ဟူလို။)

ဗြာဟ္မဏော၊ မကောင်းမှုမှအပ ပြုပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အနီဃော၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ ယာတိ၊ ဖြစ်၏။ ဝါ၊ နိဗ္ဗာန်သို့ သွား၏။

(အကြွင်းကား ရှေးနှင့် တူသည်သာလျှင်တည်း။)
(ဤကား စိတ်တော်၌ထားသော အလိုရှိအပ်သော အနက်)

လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထုပြီး၏။