သနားစရာ သမင်လေးများ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၆) သနားစရာ သမင်လေးများ (ကျောင်းသားကိုင်သို့)
339318ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၆) သနားစရာ သမင်လေးများ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

သနားစရာ သမင်လေးများ

သင်ယူမှုဦးတည်ချက် ။ ။ တိရစ္ဆာန်များကို ချစ်ခင်ကြင်နာတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမဦးဆုံး “သားတို့၊ သမီးတို့ ဘာအကောင်လေးတွေကို မြင်ဖူးကြသလဲ”ဟု မေးပါ။

[သတိပြုရန် 1]

֍ကလေးများ မြင်ဖူးကြားဖူးသော တိရစ္ဆာန်အကောင်၏ ပုံပန်းသဏ္ဌာန်နှင့်အသံကို နှစ်မျိုးလုံးဖြစ်စေ၊ တစ်မျိုးတည်းဖြစ်စေ လုပ်ပြကြပါစေ။

ဥပမာ - ကြောင်ဆိုလျှင် ကြောင်ကဲ့သို့ လမ်းလျှောက်၍ ကြောင်ကဲ့သို့ အသံပြုလုပ်ကြပါစေ။ ယုန်ဆိုလျှင် ယုန်ကဲ့သို့ ခုန်ဆွခုန်ဆွ သွားကြပါစေ။

֍“သားတို့၊ သမီးတို့ထဲက တိရစ္ဆာန်လေးတွေကို ချစ်တဲ့သူတွေရှိရင် လက်ညှိုးထောင်” ဟု ပြောပြီး အောက်ပါအတိုင်း ဆွေးနွေးပါ။

-“ဘယ်တိရစ္ဆာန်လေးတွေကို ချစ်သလဲ (တစ်ဦးချင်း အချိန်ယူ စဉ်းစားပြောကြပါစေ)။
-“ဘာကြောင့်လဲ”

֍“သားတို့သမီးတို့ထဲက တိရစ္ဆာန်လေးတွေကို မချစ်တဲ့သူတွေရှိရင် လက်ညှိုးထောင်” ဟု ပြောပြီး အောက်ပါအတိုင်း ဆွေးနွေးပါ၊

-“ဘယ်တိရစ္ဆာန်လေးတွေကို မချစ်တာလဲ” (တစ်ဦးချင်း အချိန်ယူ စဉ်းစားပြောကြပါစေ)။
-“ဘာကြောင့်လဲ”
-“တိရစ္ဆာန်လေးတွေကို အစာကျွေးဖူးသလား၊ ဘာကောင်လေးတွေကို ကျွေးဖူးသလဲ။ ဘာကျွေးဖူးတာလဲ။”

֍ဆက်လက်၍ “တိရစ္ဆာန်လေးတွေကို တွေ့တဲ့အခါ ဘယ်လိုဆက်ဆံသလဲ၊ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံလား၊ ကြင်ကြင်နာနာ ဆက်ဆံလား၊ ကြင်ကြင်နာနာ ဆက်ဆံတယ် ဆိုတာ ဘာကို ပြောချင်တာလဲ သိလားဟု မေးမြန်းပြီး ကြင်နာစွာ ဆက်ဆံခြင်း အကြောင်းကို ရှင်းပြပါ။

֍ကလေးများ မသိသည့်အချက်များကို ရှင်းလင်းပြောပြပြီး ကလေးများနှင့် အပြန်အလှန် ဆွေးနွေးပြောဆိုပါ။

֍ထို့နောက် ပိုမိုနားလည်သဘောပေါက်စေရန်အတွက် “ဒဏ်ရာရထားတဲ့ ငှက်ကလေး၊ ခွေးကလေးတွေတွေ့ ရင် ဘာလုပ်ပေးမလဲ”ဟု မေးမြန်းဆွေးနွေးပါ။ ကလေးများ တစ်ဦး ချင်း အချိန်ယူ စဉ်းစားပြောကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သနားစရာ သမင်လေးများဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ “သနားစရာ သမင်လေးများ” ဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

֍ကလေးများ နားမလည်သည့် စကားလုံးများကို ရှင်းပြပေးပါ။

သနားစရာ သမင်လေးများ

ဟိုးရှေးရှေးတုန်းက သမင်သားဟင်းပါမှ ထမင်းစားဝင်တဲ့ ရက်စက်တဲ့ ဘုရင်ကြီး တစ်ပါးရှိခဲ့ပါတယ်။ သူဟာ သမင်သားဟင်းကို အလွန်နှစ်သက်သလို သမင်တွေကို အမဲ လိုက်ရခြင်းကိုလည်း အလွန်ဝါသနာပါသူ ဖြစ်ပါတယ်။

ဘယ်လောက်အထိ ရက်စက်သလဲဆိုရင် သမင်တွေကို ဥယျာဉ်ကြီးတစ်ခုထဲမှာ အပြင်ကို ထွက်မပြေးနိုင်အောင် စီမံထားပြီး တစ်နေ့တစ်ကောင်နှုန်းနဲ့ သတ်စားခဲ့တယ်။ ဘုရင်ကြီး သမင်လာသတ်တဲ့အချိန်ဆိုရင် သမင်တွေကြောက်လန့်တကြား ပြေးရလွှားရလို့ ထိခိုက်ဒဏ်ရာတွေရကြပြီး အော်ဟစ်သံတွေဟာ ဆူညံနေတယ်။ တစ်ခါဖမ်းရင် မလိုအပ်ဘဲ တစ်ကောင်ထက်မက သေကြ၊ ခြေတွေ၊ လက်တွေကျိုးကြနဲ့ ဒုက္ခတွေ ပိုများလာကြတယ်။ အဲ့ဒီဒုက္ခတွေကို ရှောင်ရှားနိုင်ဖို့ သမင်တွေဟာ ဘုရင်ကြီးလာသတ်တဲ့အချိန်မှာ တစ်နေ့တစ် ကောင် အလှည့်ကျ တုံးတစ်တုံးပေါ်မှာ လည်စင်းပြီး အသေခံဖို့ သဘောတူခဲ့ကြတယ်။

တစ်နေ့တော့ ကိုယ်ဝန်အရင့်အမာနဲ့ သမင်မိခင်တစ်ကောင်ရဲ့ အလှည့်ရောက်လာ တယ်။ သမင်မဟာ သူ့ဗိုက်ထဲက သားလေးအတွက် စိတ်မကောင်းဖြစ်သွားပါတယ်။ ခေါင်း ဆောင်သမင်ကြီးဆီကို သွားပြီး သူ့အခက်အခဲကို အခုလို ပြောပြခဲ့တယ်။ “အရှင် ကျွန်မ ကလေးကို မီးဖွားပြီးမှပဲ.. ကျွန်မအလှည့်ကျတာဝန်ကို ဆက်ယူပါရစေ၊ အခုတော့အလှည့် ကျော်ပေးပါဦး” လို့ပြောပြတော့ ခေါင်းဆောင်သမင်က တခြားသမင်တွေကို အကူအညီ မတောင်းတော့ဘဲ သမင်မရဲ့ကိုယ်စား သူကိုယ်တိုင် အသတ်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အချိန်ကျတော့ ခေါင်းဆောင်သမင်က တုံးပေါ်သွားပြီး လည်စင်းပေးလိုက်ပါတယ်။ တကယ်တော့ ခေါင်းဆောင်သမင်ဟာ ဘုရင်ကြီးကိုယ်တိုင် ဘေးမဲ့ပေးထားတဲ့သမင်ပါ။ သမင်လာသတ်သူဟာ အတော်လေး အံ့ဩသွားတယ်။ ဘုရင်ကြီးကို ချက်ချင်းလျှောက်ထား လိုက်တယ်။ ဘုရင်ကြီးလည်း ဥယျာဉ်ကို ချက်ချင်းလိုက်လာခဲ့တယ်။ အကြောင်းစုံကို သိရ တော့ ဘုရင်ကြီးလည်း သမင်ခေါင်းဆောင်ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို အံ့ဩသွားတယ်။ သမင်ခေါင်းဆောင်ရဲ့ စိတ်ဓာတ်ကို သဘောကျတာနဲ့ ဘုရင်ကြီးက သမင်ခေါင်းဆောင်ကို အလိုရှိတာ တောင်းဆိုခွင့်ပေးလိုက်ပါတယ်။

အဲဒီအခါ ခေါင်းဆောင်သမင်က သမင်လေးများကို အသက်ချမ်းသာပေးဖို့ တောင်း ဆိုခဲ့ပါတယ်။ ဘုရင်ကြီးကို သမင်များနဲ့ အခြားသတ္တဝါလေးများအပေါ် သနားကြင်နာစိတ် ထားသင့်ကြောင်း၊ မေတ္တာထားသင့်ကြောင်း တိုက်တွန်းပြောကြားတယ်။ ဘုရင်ကြီးဟာ တိရစ္ဆာန်တွေအပေါ် ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့တဲ့ သူ့လုပ်ရပ်ကို ပြန်တွေးရင်း မျက်ရည်များတောင် လည်လာပါတယ်။ အသားစားချင်စိတ်လည်း လုံးလုံး ပျောက်သွား ပါတယ်။

ဘုရင်ကြီးဟာ မိုက်မဲတဲ့သူ့လုပ်ရပ်တွေကို ခွင့်လွှတ်ဖို့တောင်းပန်ပြီး နောက်နောင် သူ့တိုင်းပြည်မှာ “တိရစ္ဆာန်တွေကို မသတ်ဖြတ်ဖို့၊ ကြင်ကြင်နာနာ စောင့်ရှောက်ဖို့၊ အပျော် သဘောဖြင့်ပင် မဖမ်းဆီးကြဖို့” အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ တိရစ္ဆာန်တွေဟာ အဲဒီအချိန်ကစပြီး လူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြတော့တယ်။

မှီငြမ်း ။ ။ နိဂြောဓဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ။ ၆၄ဝ။ ဇာ၊ ဋ္ဌ၊ ၄။ ၃၇။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။

[သတိပြုရန် 2]

-ဇာတ်လမ်းထဲက ဘုရင်ကြီးဟာ ဘာလုပ်ရတာ ဝါသနာပါလဲ။
-သမင်တွေ တစ်နေ့တစ်ကောင်နှုန်း စားလို့ရအောင် ဘယ်လိုလုပ်ထားလဲ။
-အဲဒီလို လုပ်တော့ သမင်လေးတွေ ဘယ်လို ဖြစ်ကုန်သလဲ။
-ခေါင်းဆောင်သမင်ရဲ့ ထူးခြားချက်က ဘာတွေလဲ။
-ခေါင်းဆောင်သမင်က ဘာလို့ သူ့အသက်ကို စွန့်ဖို့ သွားရတာလဲ။
-ခေါင်းဆောင်သမင်ဟာ အခြားသတ္တဝါတွေရဲ့ အသက်ကို ချမ်းသာပေးဖို့ ဘာဖြစ်လို့ တောင်းဆိုရသလဲ။
-ဘုရင်ကြီးက ခေါင်းဆောင်သမင် တောင်းဆိုတာကို ဘာဖြစ်လို့ လက်ခံလိုက်တာလဲ။
-ကလေးတို့သာ ဘုရင်ကြီးဖြစ်ရင် ဘယ်လိုလုပ်မလဲ။
-ကလေးတို့သာ ခေါင်းဆောင်သမင်ကြီးဖြစ်ရင် ဘယ်လိုလုပ်မလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးတွေချစ်တဲ့ တိရစ္ဆာန်ပုံတွေကို ဆွဲတတ်သလို ဆွဲကြပါစေ။

֍ပုံဆွဲပြီးပါက တူတဲ့တိရစ္ဆာန်လေးတွေကို အုပ်စုဖွဲ့ ထိုင်ခိုင်းပါ။

֍ပြီးလျှင် “အဲဒီတိရစ္ဆာန်လေးတွေအတွက် ဘာလုပ်ပေးသင့်သလဲ၊ ဘာတွေမလုပ်ရဘူးလဲ” ဆိုသည်ကို စဉ်းစားထားပါစေ။

֍ထို့နောက် ခွေးချစ်သူများက ခွေးနှင့်ပတ်သက်၍ လုပ်ရမည့်အရာ၊ မလုပ်ရမည့်အရာ များကို အုပ်စုကိုယ်စားလှယ်တစ်ယောက်က ပြောပါစေ။ ဆက်လက်၍ ယုန်ချစ်သူ၊ ငါးချစ်သူ ... စသည်တို့ကိုလည်း တစ်မျိုးပြီးတစ်မျိုး ပြောကြပါစေ။

֍ဆရာက ကလေးများပြောသော အချက်များကို အပြုသဘောဖြင့် ပြန်လည်သုံးသပ်၍ တိရစ္ဆာန်များကို သနားကြင်နာစွာဆက်ဆံရမည်ဟု အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ အားနည်းသူကို ကူညီပါကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အထက်ပါ စာသင်ချိန်များကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

֍ထို့နောက် အောက်ပါကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုကြပါစေ။

အားနည်းသူကို ကူညီပါ

သားတို့တွေ သမီးတို့တွေ၊
လိမ္မာပါတယ်လေ။
အားနည်းသူ ဖေးမကူ၊
အနိုင်မယူရဘူးလေ။
ဆိုးသွမ်းတာ ရိုင်းစိုင်းတာ
ရှောင်ကြဉ်ပါမယ်လေ။
ကြမ်းတမ်းစွာ မပြုရပါ။
ယဉ်ကျေးကြမယ်လေ။

֍ကဗျာရွတ်ဆိုပြီးသောခါ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။ ပြီးလျှင် ကလေးများကို ကဗျာအပေါ် နားလည်မှုရှိမရှိ မေးမြန်းဆွေးနွေးကြည့်ပါ။

[သတိပြုရန် 3]

ဥပမာ တစ်အုပ်စုကို အားနည်းသူဆိုတာ ဘာကိုပြောတာလဲ”ဟုမေးရင် ကျန်တစ်အုပ်စုကို “ဆိုးသွမ်းသူဆိုတာ ဘာကိုပြောတာလဲ”၊ “ရိုင်းစိုင်းတယ်ဆိုတာ ဘာကိုပြောတာလဲ”၊ “ကြမ်းတမ်းတယ်ဆိုတာ ဘာကိုပြောတာလဲ” “ယဉ်ကျေးတယ်ဆိုတာ ဘာကို ပြောတာ လဲ”စသည်ဖြင့်။

֍ထို့အပြင် အားနည်းသူကို ရှင်းပြရာတွင် မသန်စွမ်းသော အဘိုးအဘွားများ၊ မသန်စွမ်း သောကလေးများ၊ မိမိထက်ငယ်သူ၊ မိမိအောက်နိမ့်ကျသူ စသည်တို့ ပါဝင်လာအောင် မေးမြန်းပေးရပါမည်။

֍ဆက်လက်၍ အဖြေများကို အနှစ်ချုပ်၍ အုပ်စုတစ်အုပ်စုချင်းစီကို “အားနည်းသူ” တွေ့ လျှင် ဘယ်လိုကူညီမလဲဟု မေးပါ။ ဥပမာ အဘိုးအဘွားများကို တွဲ၍ပို့ပေးခြင်း၊ ငယ်ရွယ် သူများကိုကူညီခြင်း စသည်ဖြင့်။

֍ကလေးများအနေဖြင့် ကူညီနိုင်သောအရာများ များစွာရှိကြောင်း၊ အားနည်းသူများကို ကူညီပေးပြီး ဆိုးသွမ်းသူများကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ ကြမ်းကြမ်းတမ်းတမ်း မပြု လုပ်ရဘဲ ယဉ်ယဉ်ကျေးကျေး နေထိုင်ပြုမူရမည်ဖြစ်ကြောင်း ပြော၍ စာသင်ချိန်ကို .. အဆုံးသတ်ပါ။

  1. ကလေးများ ပြောပြသော တိရစ္ဆာန်အကောင် လေးများကိုသာ လုပ်ပြစေပါ။
  2. ကလေးများကို အချိန်ပေးပြီး လွတ်လပ်စွာ ဖြေဆိုကြပါစေ။
  3. ဆရာက ကလေးတို့၏ အဖြေများကို ချီးကျူး၍ လိုအပ်လျှင် ရှင်းလင်းအောင် ဖြည့်စွက်ပြောပြပါ။