ရွှေငါးကြီး (ဆရာ)

339319ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၇) ရွှေငါးကြီး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

ရွှေငါးကြီး

သင်ယူမှုဦးတည်ချက် ။ ။ ယဉ်ယဉ်ကျေးကျေးနှင့်မှန်မှန်ကန်ကန် ပြောဆိုတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သင်ပြီးခဲ့သော သစ်ခုတ်သမားဇာတ်လမ်းနှင့် သူဌေးသားဇာတ်လမ်း သရုပ်ဖော် ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမတန်းတွင် သင်ခဲ့ပြီးသော သင်ခန်းစာ (၂၄) မှန်မှန်ကန်ကန်ပြောဆိုပါနှင့် သင်ခန်းစာ (၂၅) ချိုချိုသာသာပြောကြမယ်ကို ရုပ်ပုံများပြ၍ အောက်ပါအတိုင်းမေးပါ။

֍“သားတို့၊ သမီးတို့ ပထမတန်းတုန်းက သင်ခဲ့တဲ့ မှန်မှန်ကန်ကန်ပြောလို့ ရွှေပုဆိန်၊ ငွေပု ဆိန်၊ သံပုဆိန် (၃) လက်လုံးရသွားတဲ့ သစ်ခုတ်သမားအကြောင်းကို မှတ်မိသေးလား၊ မှတ်မိရင်ပြောပြပါ”ဟုပြောပါ။

֍မှတ်မိသောကလေး ၄/၅ ယောက်ခန့်ပြောပါစေ။ ထို့နောက် “ချိုချိုသာသာပြောလို့ အကောင်းဆုံး ငှက်ပျောသီးရသွားတဲ့ သူဌေးသားဇာတ်လမ်းရော မှတ်မိသေးလား၊ မှတ်မိရင် ခြံစိုက်သမားကို သူဌေးသားသုံးယောက်က ပြောတဲ့စကားတွေကို ပြန်ပြောပြပါဦး”ဟု ပြောပါ။

֍ပြောချင်သောကလေး ၄/၅ ယောက်ခန့်ပြောပါစေ။ ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့ လူကြီးမိဘတွေကို လိမ်ပြောတာကောင်းသလား။
-သူငယ်ချင်း အချင်းချင်းရော လိမ်ပြောဖူးလား။
-လိမ်ညာပြောတဲ့သူ၊ ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ဆဲဆိုနေတဲ့ သူတွေကိုရော တွေ့ဖူးလား။
-အော်ဟစ်ဆဲဆိုတာ လိမ်ညာပြောဆိုတာဟာ ကောင်းလား/မကောင်းဘူးလား။
-အဲဒီလို အော်ဟစ်ဆဲဆိုနေတဲ့သူ၊ လိမ်ညာပြောဆိုနေတဲ့သူတွေကို တွေ့တဲ့အခါ သားတို့၊ သမီးတို့ စိတ်ထဲမှာ ဘယ်လိုဖြစ်သလဲ။
-စကားပြောတဲ့အခါ ဘယ်လိုပြောရမလဲ။ (မှန်မှန်ကန်ကန်၊ ယဉ်ယဉ်ကျေးကျေးပြော ရမည်။)
“ချိုချိုသာသာ၊ ယဉ်ယဉ်ကျေးကျေး၊ မှန်မှန်ကန်ကန် ပြောဆိုတတ်သူတွေကို သူငယ်ချင်း တွေကလည်းချစ်၊ မိဘတွေကလည်းချစ်၊ ကိုကိုမမတွေကလည်းချစ်၊ အားလုံးကလည်း ချစ်ကြကြောင်း” စသည်ဖြင့် ဆရာကပြောပြီး အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ရွှေငါးကြီးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခုလဲ ဆရာက ကြမ်းတမ်းတဲ့စကားတွေကို ပြောဆိုတယ်၊ ဆုံးမစကားတွေကိုလည်း မနာခံဘဲ ပြန်ပြောဆိုခဲ့လို့ ငါးဘဝ ရောက်သွားခဲ့ရပုံကို ပြောပြမယ်”ဟု အစချီပြီး အောက်ပါ ရွှေငါးကြီးဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ဖြစ်အောင်ပြောပါ။

ရွှေငါးကြီး

ဟိုးရှေးရှေးတုန်းက သာယာအေးချမ်းတဲ့ မြို့တော်ကြီးတစ်ခု ရှိခဲ့တယ်။ အဲဒီမြို့ တော်ကြီးရဲ့ မြို့တံခါးနားမှာ တံငါရွာကြီးတစ်ရွာလည်း ရှိပါတယ်။

တစ်နေ့မှာ တံငါရွာက လူငယ်လေးတွေဟာ ရွှေအဆင်းရှိတဲ့ အလွန်လှပတဲ့ ရွှေငါး ကြီးတစ်ကောင်ကို ဖမ်းမိကြတယ်။ လူငယ်လေးတွေ ရွှေငါးကြီးကို ဖမ်းမိလို့ တစ်ရွာလုံးက ဝမ်းသာကြ၊ ချီးကျူးကြတယ်။ ဘုရင်ကြီးကိုဆက်သရင် ဆုငွေတွေ အများကြီးရမှာပဲလို့ အကြံပေးကြတယ်။

ဒါနဲ့ လူငယ်လေးတွေဟာ ရွှေငါးကြီးကို ဘုရင်ကြီးထံ ဆက်သကြတယ်။ ရွှေငါး ကြီးကို မြင်တော့ ဘုရင်ကြီးလည်း သိပ်သဘောကျသွားတယ်။ ပြီးတော့ “ဒီလောက်လှပတဲ့ ရွှေငါးကြီးဟာ ဘယ်လိုကောင်းမှုတွေလုပ်ခဲ့လို့ ရွှေဝါရောင် ဝင်းဝါနေပြီး ဘယ်လို မကောင်း မှုတွေလုပ်ခဲ့လို့ ငါးတိရစ္ဆာန် ဖြစ်ရတာပါလိမ့်”ဆိုပြီး ငါးကြီးရဲ့ အတိတ်အကြောင်းကို သိချင် နေတယ်။ ဒါနဲ့ ငါးကြီးကို ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်ကို သယ်သွားတယ်။ ကျောင်းဝင်းထဲရောက်တော့ ရွှေငါးကြီးက ပါးစပ်ကို ဟ လိုက်တာနဲ့ ကျောင်းကြီးတစ်ခုလုံး ပုပ်စော်နံသွားတယ်။ အဆင်းက ရွှေအဆင်းရှိပေမဲ့ ပါးစပ်က ပုပ်စော်နံနေတော့ ကြည့်နေ သူတွေအတွက် ထူးဆန်းအံ့ဩဖွယ် ဖြစ်နေပါတယ်။

မြတ်စွာဘုရားက ရွှေငါးကြီးကို ကြည့်ပြီး “ဒီရွှေငါးကြီးဟာ ကဿပဘုရားရှင် လက် ထက်တုန်းက ပိဋကတ်သုံးပုံတတ်တဲ့ ကပိလလို့ခေါ်တဲ့ ရဟန်းတစ်ပါး ဖြစ်ခဲ့တယ်။ ကပိလ ရဟန်းဟာ တပည့်တွေကို တရားစာပေများ သင်ကြားပေးခဲ့တယ်။ ချီးကျူးလို့ မကုန်နိုင်တဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း ရွတ်ဆိုဟောပြောပူဇော်ခဲ့တယ်။ ဒီကောင်းမှု ကံကြောင့် ငါးကြီးရဲ့ အဆင်းက ရွှေအဆင်းလို လှပရခြင်းဖြစ်တယ်။ ဒါပေမဲ့ သူက သီလရှိ တဲ့ရဟန်းတော်တွေကို ကြမ်းတမ်းတဲ့ စကားများနဲ့ ဆဲဆိုခဲ့တယ်။ မမှန်မကန် စကားတွေ ကိုလည်း ပြောတယ်။ ဒီမကောင်းမှုကံတွေကြောင့် ပါးစပ်က အပုပ်နံ့တွေ ထွက်နေရတယ်” ဆိုပြီး ငါးကြီးရဲ့အတိတ်ကိုပြန်ပြီး ဟောတော်မူခဲ့တယ်။

မှီငြမ်း ။ ။ ကပိလမစ္ဆဝတ္ထု၊ ဓမ္မပဒဝတ္ထု မြန်မာပြန်။ ပဉ္စမတွဲ။ ၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၂။ ၃၂၇။

֍ဇာတ်လမ်းပြောအပြီးတွင် အောက်ပါမေးခွန်းများကို မေးပါ။

-ရွှေငါးကြီးဟာ ရွှေရောင်အဆင်းနဲ့ လှပနေရတာ သူ ဘာတွေ လုပ်ခဲ့လို့လဲ။
-သူ ဘာလုပ်ခဲ့လို့ သူ့ရဲ့ပါးစပ် နံစော်နေရတာလဲ။
-ဒါဆို ပါးစပ်မနံအောင် သင်ဘာလုပ်သင့်သလဲ။ (သွားတိုက်တာအပြင်)
-လှလှပပကလေးဖြစ်ရအောင် ဘယ်လိုနေရမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ပုံဆွဲရန် စာရွက်များနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအားလုံး ငါးပုံ ဆွဲကြပါစေ။

֍ပုံဆွဲပြီးသောအခါ ငါးပုံကို အကြောင်းပြုပြီး ရွှေငါးကြီးဇာတ်လမ်းကို ပြန်လည်ချိတ်ဆက် ပြောပြပါ။

֍ထို့နောက် ရွှေငါးကြီးကဲ့သို့ ရွှေအဆင်း လှပအောင် တရားစာများကို ရွတ်ဖတ်ပူဇော် သင့်ကြောင်း၊ မြတ်စွာဘုရား ဂုဏ်တော်များကို ရွတ်ဖတ်ပွားများသင့်ကြောင်း၊ ထို့အပြင် ရွှေငါးကြီးကဲ့သို့ ပါးစပ်ပုပ်စော်မနံအောင် မှန်မှန်ကန်ကန် ပြောဆိုသင့်ကြောင်း၊ လူကြီး သူမများ၊ ဆရာသမားများကို ရိုသေလေးစားစွာ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ သင့်ကြောင်း အသိပေးပြောကြားပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘောလုံး၊ ယဉ်ကျေးကြစို့ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအားလုံးကို စက်ဝိုင်းပုံ မတ်တတ်ရပ်နေကြပါစေ။

[သတိပြုရန် 1]

֍တစ်ဦးမှ တစ်ဦးဆီသို့ ဘောလုံးကို ပစ်ပေးစေရမည်။

֍ပထမဦးစွာ ဆရာက အရင် ကစားပြရမည်။

֍ဘောလုံးရသည့် ကလေးက “သား/သမီးသည် ဒီနေ့မှစ၍ ဖေဖေ့ကို မလိမ်တော့ဘဲ မှန်မှန်ကန်ကန် ပြောဆိုပါမည်”ဟုပြောပြီး နောက်တစ်ယောက်ကို ဘောလုံးပစ်ပေးရမည်။

֍ကလေးအားလုံး ပါဝင်ကြရမည်။

֍ရွှေငါးကြီးဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောပြပြီး ယဉ်ကျေးသိမ်မွေ့ စွာ ပြုမူပြောဆို သင့်ကြောင်း၊ မမှန်သောစကားကို မဆိုသင့်ကြောင်း၊ ရိုသေသင့်ရိုသေထိုက်သူများကို ရိုသေလေးစားစွာ ဆက်ဆံရမည်ဖြစ်ကြောင်း ပြောပြပါ။

֍ထို့နောက် အောက်ပါကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် စုပေါင်းရွတ်ဆို ကြပါစေ။

ယဉ်ကျေးကြစို့

စကားပြောဆို နားဝင်ချို၊
သိမ်မွေ့ ကြစေလို။
လိမ်ညာတာကို တို့ရှောင်ရှား၊
မမှန်တဲ့ မုသား။
ထောင်လွှား မာန အပြစ်တွေ၊
မဖြစ်ကြအောင်နေ။
ရိုသေထိုက်သူ ရိုသေလို့၊
ယဉ်ကျေးကြပါစို့ ။ ။

  1. ဖေဖေ ဟူသော နေရာတွင် ကလေးတစ်ဦးနှင့် တစ်ဦး မတူစေရန် ဆရာက ကြိုတင် ပြောထားပေးရမည်။