သီလစောင့်ထိန်းကြစို့ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၈) သီလစောင့်ထိန်းကြစို့ (ကျောင်းသားကိုင်သို့)
339320ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၈) သီလစောင့်ထိန်းကြစို့ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

သီလစောင့်ထိန်းကြစို့

သင်ယူမှုဦးတည်ချက် ။ ။ ဗုဒ္ဓ၏ လမ်းညွှန်ချက်နှင့်အညီကောင်းသောအပြုအမူများကိုကျင့်ကြံပြုမူ တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မှန်တာကိုပဲ ပြောကြမယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမတန်း သင်ခန်းစာ (၂၃) တွင် သင်ပြီးခဲ့သော အောက်ပါကဗျာကို အမူအရာနှင့်တကွ ရွတ်ဆိုကြပါစေ။

မှန်တာကိုပဲ ပြောကြမယ်

လိမ်တယ်၊ ညာတယ်ဆိုတာရယ်
မကောင်းပါဘူးကွယ်။
ဘုရားရှင်လည်း မကြိုက်
မိဘဆရာလည်း မကြိုက်
ဆွေမျိုးတွေရော၊ သူငယ်ချင်းတွေရော
အားလုံးကကွယ် (မကြိုက်)၃။
မှန်မှန်ကန်ကန်ပြောတာရယ်
အလွန်ကောင်းတာပေါ့ကွယ်။
ဘုရားရှင်လည်းကြိုက်
မိဘဆရာလည်းကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော 
အားလုံးကကွယ် (ကြိုက်)၃ ။

֍အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

-ဘုရားရှင်ရော လူတွေပါ ကြိုက်တဲ့အပြုအမူတွေက ဘာတွေလဲ။ ဘာကြောင့် ကြိုက် တယ်လို့ ထင်သလဲ။
-ဘုရားရှင်ရော လူတွေပါ မကြိုက်တဲ့အပြုအမူတွေက ဘာတွေလဲ။ ဘာကြောင့် မကြိုက်တာလို့ ထင်သလဲ။

֍ကလေးများဖြေပြီးပါက “မကောင်းသော အပြုအမူများသည် အခြားသူများကို ထိခိုက် နစ်နာစေသောကြောင့် ဘုရားရှင်နှင့်တကွ လူတိုင်းမကြိုက်သော အပြုအမူများဖြစ်ကြ သည်”စသည်ဖြင့် အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မောင်လှနဲ့ မောင်မြဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါဇာတ်လမ်းကို ကလေးများစိတ်ဝင်စားအောင် လေသံ၊ ဟန်အမူအရာဖြင့် ဆရာက ဖြည်းဖြည်းပြောပြပါ။

မောင်လှနဲ့ မောင်မြ

ကမ်းခြေရွာလေးတစ်ရွာမှာ မောင်လှနဲ့ မောင်မြဆိုတဲ့ သူငယ်ချင်းနှစ်ဦး ရှိကြတယ်။ သူတို့ဟာ ခြံစိုက်တဲ့အလုပ်ကို လုပ်ကြတယ်။ မောင်မြက အလွန်လောဘကြီးတယ်။ ငွေရမယ် ဆိုရင် လိမ်ညာပြီးလည်း ပြောတတ်တယ်။ သတ္တဝါလေးတွေကိုလည်း သတ်ဖြတ်ပြီး ရောင်းချ တယ်။

မောင်လှကတော့ အလွန်ရိုးသားတယ်။ ဘုရား၊ တရား၊ သံဃာကိုလည်း အလွန်ကြည် ညိုတယ်။ ဗုဒ္ဓဘုရားရှင် ညွန်ကြားဆုံးမခဲ့တဲ့ ငါးပါးသီလကို မြဲအောင်လည်း စောင့်ထိန်းနေထိုင် တယ်။ နေ့စဉ်ဘုရားရှိခိုးပြီး ကုသိုလ်ကောင်းမှုတွေကို သတ္တဝါအားလုံးကို အမျှပေးဝေလေ့ရှိတယ်။

တစ်နှစ်မှာ ရာသီဥတုကကောင်းတော့ သစ်သီးဝလံတွေက ဖြစ်ထွန်းတယ်။ မောင်လှ နဲ့ မောင်မြဟာ သူတို့ခြံကထွက်တဲ့ အသီးအနှံတွေကို မြစ်တစ်ဖက်ကမ်းက ဈေးကို အတူသွား ပြီး ရောင်းကြတယ်။ အသီးအနှံတွေက ဈေးကောင်းရတော့ အမြတ်အများကြီးရတာမို့ သူတို့ နှစ်ယောက်လုံးလည်း ပျော်နေကြတယ်။

အဲဒီလိုငွေတွေ အများကြီးရတဲ့အခါ မောင်မြဟာ ငွေတွေအကုန်လုံးကို တစ်ယောက် တည်း လိုချင်လာတယ်။ မောင်မြဟာ မောင်လှမသိအောင် ခဲလုံးတွေကို ငွေထုပ်နဲ့တူအောင် ထုပ်ထားသတဲ့။ ငွေတွေအများကြီးရလာတဲ့ သူငယ်ချင်းနှစ်ဦးဟာ လှေတစ်စီးနဲ့ မြစ်ကိုဖြတ်ပြီး အိမ်ပြန်လာကြသတဲ့။ မြစ်လယ်ရောက်တော့ အကြံသမားမောင်မြဟာ ခဲလုံးတွေထုပ်ထားတဲ့ အထုပ်ကို မောင်လှမသိအောင် မြစ်ရေထဲကို ပစ်ချလိုက်တယ်။ ပြီးတော့ “ဟာ ငွေထုပ်ကျ သွားပြီ၊ မောင်လှရေ ဒုက္ခပါပဲ၊ သွားပါပြီကွာ၊ ငါ့ကြောင့် မင်းလည်း ဘာမှမရတော့ဘူး”ဆိုပြီး စိတ်မကောင်း ဖြစ်ဟန်ဆောင်တယ်။ မောင်လှက “စိတ်မကောင်းမဖြစ်ပါနဲ့ သူငယ်ချင်းရယ်၊ မတော်တဆ ဖြစ်လာတာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကြိုးစားပြီး ထပ်ရှာကြတာပေါ့ကွာ”လို့ မောင်မြကို အားပေးတယ်။ မောင်မြလည်း အိမ်ရောက်လို့ ငွေထုပ်ကို ဖြည်လိုက်တဲ့အခါ ခဲလုံး တွေသာ ထွက်လာတယ်။ ဒီတော့မှ သူ မြစ်ထဲပစ်လိုက်တာ တကယ့်ငွေထုပ်ဖြစ်နေတာကို သိရတယ်။

အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ ခြံစိုက်ရတာ အဆင်မပြေဖြစ်လာကြတဲ့ အတွက် တခြားအလုပ်တွေကို ပြောင်းပြီး လုပ်နေကြရတယ်။ မောင်မြက သူများလယ်ထဲမှာ အငှားလယ်ထွန်နေရပြီး မောင်လှကတော့ သူဌေးအိမ်မှာ ထမင်းချက်ပေးတဲ့ အလုပ်လုပ်နေရ တယ်။ မောင်မြဟာ ပင်ပန်းလွန်းတဲ့အတွက် နေမကောင်းဖြစ်လာတယ်။ ဆေးကုဖို့က ငွေ လည်းမရှိဘူး။ မောင်လှဟာ ညနေအလုပ်အားရင် မောင်မြဆီသွားပြီး သူတတ်နိုင်သမျှ မောင်မြကို ပြုစုရှာသတဲ့။ မောင်မြဟာ သူ့အပေါ်ကူညီတဲ့မောင်လှကို သူမှားခဲ့အကြောင်းကို ဖွင့်ပြောပြီး တောင်းပန်တယ်။ မောင်လှကလည်း ပြီးခဲ့တာတွေကိုမစဉ်းစားဖို့နဲ့ နေကောင်း အောင်သာနေဖို့ မောင်မြကို အားပေးနှစ်သိမ့်လိုက်တယ်။

တစ်နေ့မှာ မောင်လှဟာ သူဌေးအိမ်အတွက် ဟင်းချက်ဖို့ ဈေးထဲက ငါးကြီးတစ်ကောင် ဝယ်လာတယ်။ အိမ်ရောက်လို့ ငါးကြီးရဲ့ ဗိုက်ကို ခွဲလိုက်တဲ့အခါ သူတို့ မြစ်ထဲကျသွား တဲ့ ငွေထုပ်ကလေးကို တွေ့ လိုက်ရတယ်။ မောင်လှလည်း ဝမ်းသာအားရနဲ့ ဆေးကုဖို့ငွေမရှိ တဲ့ မောင်မြဆီကိုသွားပြီး ငွေကို တစ်ဝက်ခွဲပေးလိုက်တယ်။

မောင်မြက မောင်လှကို “မင်းကစိတ်ကောင်းရှိပြီး ငါးပါးသီလမြဲတော့ အမြဲတမ်း ကောင်းကျိုးတွေ ရခဲ့တယ်။ ငါကတော့ သီလမမြဲခဲ့ဘူး။ ဒါကြောင့် မကောင်းတဲ့ အကျင့်တွေကို စွန့်လွှတ်ပြီး မင်းလို ငါးပါးသီလမြဲအောင် ကြိုးစားပြီးနေပါတော့မယ်” လို့ ကတိပေးလိုက်တယ်။

֍အောက်ပါမေးခွန်းများ မေးပါ။

-မောင်မြ ဘာတွေလုပ်ခဲ့သလဲ။ ဘာတွေဆက်ဖြစ်သလဲ။
-မောင်လှ ဘာတွေလုပ်ခဲ့သလဲ။ ဘာတွေဆက်ဖြစ်သလဲ။
-မောင်လှနဲ့မောင်မြ နှစ်ဦးထဲမှာ ဘယ်သူ့အပြုအမူကို ကြိုက်သလဲ။ ဘာကြောင့်လဲ။

֍ထို့နောက် ဗုဒ္ဓဘုရားရှင်နှင့်တကွ လူတိုင်းသည် ကောင်းသော အပြုအမူများကိုသာ ကြိုက် နှစ်သက်ကြသည်၊ ကောင်းသော အပြုအမူများကို ပြုလုပ်ခြင်းကြောင့် ကောင်းသော အကျိုးကျေးဇူးများသာ ရရှိကြမည်ဖြစ်ကြောင်းရှင်းပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အဆင်သင့်သလို (ကျပန်း) ရွေး၍ ဇာတ်လမ်းကို ပြီးဆုံးသည်အထိ တစ်ယောက်တစ်ပိုဒ်စီ ဆက်၍ ပြောပါစေ။

֍ထို့နောက် ကလေးများအား အုပ်စု (၄) စုဖွဲ့ပြီးလျှင် “ငါးပါးသီလအနက် သူ့အသက်သတ် ခြင်း၊ သူ့ဥစ္စာ ခိုးယူခြင်း၊ မုသားလိမ်ညာပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း ဟူသော သီလများကို ချိုးဖောက်လျှင် နောက်ဆက်တွဲ ဖြစ်စေနိုင်သည့် အကျိုးဆက်များ ကို စဉ်းစားရေးဆွဲကြရမည်ဖြစ်ကြောင်း ဦးစွာပြောပြထားပါ။

֍အထက်ပါ သီလ (၄) မျိုးကို အုပ်စုတစ်စုစီက မဲနှိုက်၍ ရွေးချယ်ကြပါစေ။

ဆရာက သူတစ်ပါးသားမယားကို လွန်ကျူးခြင်းအားဖြင့် နောက်ဆက်တွဲဖြစ်စေနိုင်မည့် အကျိုးဆက်များကို ကလေးများအား နမူနာအဖြစ် အောက်ပါအတိုင်း ရေးဆွဲပြပါ။

ဥပမာ- သူတစ်ပါးသားမယားကို လွန်ကျူးလျှင်

မိသားစုဝင်တွေ စိတ်ညစ်ရမယ်

မိသားစု ပြိုကွဲမယ်

တရားစွဲခံရမယ်

ထောင်ကျမယ်

֍အုပ်စုတိုင်းက မဲကျရာခေါင်းစဉ်ကို စဉ်းစားဆွေးနွေးကြပြီး ရေးဆွဲကြပါစေ။

֍ရေးဆွဲပြီးသောအခါ အုပ်စုကိုယ်စားလှယ်များက ရေးဆွဲထားသည့်အချက်/အကျိုးဆက်များကို ပြောပြကြပါစေ။

֍အုပ်စုတစ်ခု ပြောပြပြီးတိုင်း လက်ခုပ်တီး၍ ချီးကျူးပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အုပ်စု (၄) စုဖွဲ့ပါ။ အုပ်စုဝင်များသည် စာသင်ချိန် (၃)တွင် ဖွဲ့ပေးခဲ့သော အုပ်စုဝင်များသာ ဖြစ်ရမည်။

֍စာသင်ချိန် (၃) ပါ အကြောင်းအရာများကို ပြန်လည်ချိတ်ဆက်ပေးပါ။

֍ပြီးနောက် “စာသင်ချိန် (၃)တုန်းက သီလတွေကို ချိုးဖောက်ရင် နောက်ဆက်တွဲ ဘာ တွေ ဖြစ်စေနိုင်တယ်ဆိုတာကို ဆွေးနွေးခဲ့ကြပြီးပြီ၊ အခုတစ်ချိန်မှာတော့ သီလကို စောင့် ထိန်းတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာကို စဉ်းစားကြရအောင် ဟု ဆိုကာ အုပ်စုအသီးသီးက ၎င်းတို့ကျရာ သီလကိုစောင့်ထိန်းခြင်းကြောင့် ရရှိလာနိုင် သော အကျိုးများကို စဉ်းစားဆွေးနွေးပြီး ချရေးကြပါစေ။

֍စဉ်းစားရာတွင် ဆရာက စာသင်ချိန် (၃)တွင် ရေးထားသော နမူနာပုံစံဖြင့် ဦးဆောင် ဆွေးနွေးပြပါ။ (သူတစ်ပါး သားမယားကို မလွန်ကျူးလျှင် - မိသားစုမပြိုကွဲဘူး။ မိသားစု ဝင်တွေ စိတ်ချမ်းသာ၊ ပျော်ရွှင်ရမယ်၊ တရားစွဲမခံရဘူး၊ ထောင်မကျဘူး စသည်ဖြင့်ပြောပါ။)

֍ပြီးနောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ၎င်းတို့ ချရေးထားသည်များကို ပြောပြကြပါ။

֍ကလေးများ ပြောပြသွားသည်များကို မှတ်သားထားပြီး “သားတို့၊ သမီးတို့က အခုဆိုရင် ငါးပါးသီလ ချိုးဖောက်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်မယ်ဆိုတာကို သိသွားကြပြီ၊ ငါးပါးသီလကို စောင့်ထိန်းခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာကို လည်း သိသွားကြပြီ၊ ဒါ့ကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ လမ်းညွန်မှုအတိုင်း သီလစောင့်ထိန်းခြင်း ဟာ အနာရောဂါကင်းရှင်းပြီး အသက်ရှည်ကျန်းမာ ပျော်ရွှင်သော ဘဝကို ရရှိနိုင်ကြမှာ ဖြစ်တယ်၊ ဒါ့အပြင် သီလစောင့်ထိန်းခြင်းကြောင့် ဘဝများစွာ ကောင်းကျိုးချမ်းသာများကို သာ ရရှိခံစားရတယ်” စသည်ဖြင့် အနှစ်ချုပ် ပြောပြပေးပါ။